Author: Baby Yit Lone

  • မယ်စကြဝဠာဂျပန်ပြိုင်ပွဲ၌ အသက်အကြီးဆုံး ပြိုင်ပွဲဝင်ဖြစ်သည့် အသက် ၆၆ နှစ်ရှိ ဂျပန်အမျိုးသမီးကြီး

    The Asahi Shimbun

    ဝင်းလက်တောက်ပသော ပန်းရောင်ဝတ်စုံဖြင့် သွယ်လျသော ခန္ဓာကိုယ်အချိုးအစားကို ပြရင်း အသက် ၆၆ နှစ်ရှိ ဂျပန်အမျိုးသမီးကြီးတဦးသည် သာမန်အားဖြင့် သူ့အသက်၏ သုံးပုံတပုံခန့်ရှိ ပြိုင်ပွဲဝင်များအတွက်သာ ဖြစ်သော မယ်ပြိုင်ပွဲတခု၌ ၁၆ စင်တီမီတာ ဒေါက်မြင့်ဖိနပ်စီးပြီး ယုံကြည်မှုအပြည့်ဖြင့် ဟန်ပါပါ လျှောက်ပြသည်။

    ပရိသတ်အာရုံအောက်၌ သူလျှောက်ပြမှုက တမိနစ်သာသာမျှသာ ကြာသည် ဆိုသော်ငြား “ကျွန်မက ကြယ်တပွင့်ပါ။ ဒါက ကျွန်မရဲ့ အခိုက်အတန့်ပါပဲ” ဟု ဂျန်ကို ဆာကာအိ က ပြောသည်။

    မယ်စကြဝဠာ ဂျပန် (Miss Universe Japan) ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရသည့် အသက်အကြီးဆုံး ပြိုင်ပွဲဝင် ဖြစ်သည့် ဆာကာအိ ကို လက်ခုပ်ဩဘာသံများ တခဲနက် ပေးကြသည်။

    သူသည် ကနဦးက သက်ကြီးမျိုးဆက်တို့ကို စိတ်ခွန်အားပေးရန် စိတ်ပိုင်းဖြတ်မှုဖြင့် ဇူလိုင်လ၌ ၂၀၂၅ မယ်စကြဝဠာ ဂျပန် ပြိုင်ပွဲကို ဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ရရှိလာသည့် အတွေ့အကြုံမှတဆင့် သူသည် ဂျပန်၏ သက်ကြီးများအား ရိုသေလေးစားမှုနေ့ စက်တင်ဘာ ၁၅ ရက်မတိုင်မီ ရည်မှန်းချက်ပန်းတိုင်သစ်တခု ရှာတွေ့ခဲ့သည်။

    တိုကျို၏ ဂျင်ဘိုချို အရပ်၌ မွေးဖွားသည့် ဆာကာအိ သည် သားတဦးနှင့် သမီးသုံးယောက်ကို ကျွေးမွေးစောင့်ရှောက်ရင်း အနှစ် ၃၀ ကျော်ကြာ အချိန်ပြည့် အိမ်ရှင်မတဦးအဖြစ် ဖြတ်သန်းခဲ့သူဖြစ်သည်။

    သူ့တွင် ယခုအခါ မြေးသုံးဦးပင် ရှိနေပြီဖြစ်သည်။

    ပြီးခဲ့သည့်နှစ်နှစ်အကြာက ဘဝ ဦးတည်ချက်အသစ် ရှာရင်း သူသည် အသက် သို့မဟုတ် အိမ်ထောင်ရှိ၊ မရှိ အပေါ် ကန့်သတ်ချက်မထားသည့် “Mrs. Universe Japan” ပြိုင်ပွဲအကြောင်း ကြားသိခဲ့သည်။

    ယင်းနောက် သူသည် ပြိုင်ပွဲအကြောင်း ခင်ပွန်းဖြစ်သူကို သာမန်ကာလျှံကာသဘောဖြင့် ပြောပြမိချိန်တွင် ခင်ပွန်းဖြစ်သူက သူ့ကို ပြိုင်ပွဲဝင်ပြိုင်ရန် တိုက်တွန်းခဲ့သည်။

    “မင်းလည်း တချိန်လုံး ကလေးလေးယောက်ကို ပြုစုပျိုးထောင်ခဲ့ရတာပဲ။ အမြဲတမ်း တခြားသူတွေအတွက်ပဲ ဦးစားပေးခဲ့ရတာ။ ဒီတခါတော့ မင်း ကိုယ့်ကိုယ်ကိုယ်အတွက် တခုခု လုပ်ရမယ့် အချိန်ပဲလေ” ဟု ခင်ပွန်းက ပြောသည်။

    ဆာကာအိ လည်း ခင်ပွန်းသည်နှင့် သဘောချင်းထပ်တူပြီး ယင်းနောက် ထူးထူးထွေထွေ လျှောက်တွေးမနေတော့ဘဲ ပြိုင်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့တော့သည်။

    မိန်းမတယောက်၏ ကဏ္ဍက သူ့မိသားစုအတွက် အချိန်၊ စွမ်းအားတို့ လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားရမည် ဆိုသည့် မိခင်ဖြစ်သူ၏ ဆုံးမစကားကို သူဘယ်တုန်းကမှ စောဒကမတက်ခဲ့ဟု ဆာကာအိက ဆိုသည်။ သို့သော် သူ စိတ်ပင်ပန်းမွမ်းကျပ်မှုတို့ ခံစားရသည့် အချိန်တို့ ရှိခဲ့သည်ဟု ဆိုသည်။

    ပြိုင်ပွဲ လျှောက်မည့် သူ့ဆုံးဖြတ်ချက်ကို သားသမီးများက ကန့်ကွက်လိမ့်မည်ဟုလည်း ဆာကာအိ ထင်ခဲ့သည်။ သို့သော် သူထင်သလို မဟုတ်ဘဲ သားသမီးများကလည်း သူ့ကို ပြိုင်ပွဲဝင်ရန် အားပေးကြသည်။

    ထို့ပြင် အခြားသူများဆီက အေးစက်စက် အကြည့်တို့ ရလိမ့်မည်ဟု သူ ထင်ခဲ့သေးသည်။ သို့သော် မကြာမီ သူ နားလည်သဘောပေါက်သွားခဲ့သည်။ “လူတွေက တကယ်တော့ ရှင်ထင်သလို ရှင့်အပေါ် သိပ်ပြီး အများကြီး အရေးထားမနေဘူး”။

    ဆာကာအိသည် အသက် ၆၀ နှင့်အထက်ပြိုင်ပွဲဝင်များအတွက်ဖြစ်သော Mrs. Universe Japan ပွဲတွင် အနိုင်ရခဲ့သည်။

    နောက်ပိုင်းတွင် ယခုနှစ် ပြိုင်ပွဲအတွက် Miss Universe အတွက် အသက် ၁၈ နှစ်မှ ၂၈ နှစ်အထိ ဆိုသည့် အသက်ကန့်သတ်ချက်ကို ရုပ်သိမ်းထားကြောင်း သူ သိခဲ့သည်။

    Miss Universe ပြိုင်ပွဲသည် ၁၉၅၂ ခုနှစ်တွင် စခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝန်း ပြိုင်ပွဲဝင်များသည် နိုင်ငံတကာ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် နိုင်ငံဆိုင်ရာ ပြိုင်ပွဲများ၌ အနိုင်ရရေး မျှော်လင့်ရင်း အလှပြလမ်းလျှောက်ခြင်း၊ လူအများရှေ့ စကားပြောခြင်းနှင့် ကခြင်း တို့အတွက် ပြင်းထန်သည့် လေ့ကျင့်မှုတို့ လုပ်ဆောင်ကြရသည်။

    “တကယ့် အစစ်အမှန် လေ့ကျင့်မှုကို ကြုံချင်ခဲ့တယ်” ဟု ဆာကာအိက ပြောသည်။ သူသည် ဂျပန်၌ finalist ၄၂ ဦးထဲတွင် တဦးအဖြစ် အရွေးခံရသည်။

    ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ သူသည် အသက် ၃၀ အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၂၀ အရွယ် အခြားအမျိုးသမီးများနှင့်အတူ တင်းကျပ်သည့် လေ့ကျင့်မှု ကမ့်စခန်းတွင် ပါဝင်ခဲ့သည်။

    သူသည် အကကရာတွင် တခါတရံ အခြားသူများနှင့် ဟန်ချက်ညီ မလိုက်နိုင်ခြင်း၊ စကားပြောရာတွင်ပြောရမည့် စကားများ အလွတ်မှတ်မိရန် အခက်တွေ့ခြင်းတို့ ကြုံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် အခြားပြိုင်ပွဲဝင်များနှင့်တန်းတူ သို့မဟုတ် သာအောင် ယှဉ်ပြိုင်နိုင်မည် ဆိုပြီး ဆက်လက် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

    သို့သော် သူသည် တချို့သော ရုပ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူ ကိုယ်ဝန်ဆောင်စဉ် အချိန်တိုင်း ကိုယ်အလေးချိန်က ၈၀ ကီလိုဂရမ်အထိ တက်ခဲ့သည့်အတွက် သူ့ဝမ်းဗိုက်ဝန်းကျင်၌ အသားအရေ လျော့တိလျော့ရဲ၊ တွန့်မှုတို့ ဖြစ်ကျန်ထားစေခဲ့သည်။

    Swinsuit ပြိုင်ပွဲအတွက် ငယ်ရွယ်သည့် ပြိုင်ပွဲဝင်များက bikini ဝတ်ကြသော်လည်း ဆာကာအိကိုတော့ ဝမ်းဗိုက်နေရာ မပေါ်သည့် swinsuit ဝတ်စုံ ဝတ်ခွင့်ပြုခဲ့သည်။ ထို့ပြင် သူ့အနေဖြင့် stocking ခြေအိတ်ရှည် ဝတ်ခွင့်ရမည်ဟု မျှော်လင့်ခဲ့သော်လည်း ယင်းတောင်းဆိုချက် ငြင်းပယ်ခံရသည်။

    “ရှင့်အနေနဲ့ ခြေထောက်က အရေပြားတွန့်တာတွေကို skincare နဲ့ ဖျောက်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ရှင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့သာ ရှိမယ်ဆိုရင် ပိုပြီး လှနေပါလိမ့်မယ်” ဟု သူက ဆိုသည်။

    ကမ့်၌ ဆာကာအိ၏ ပြိုင်ဘက် ပြိုင်ပွဲဝင် အများအပြားသည် သူ့သမီးများထက်ပင် ငယ်သူများဖြစ်သည်။ ထိုငယ်ရွယ်သည့် ပြိုင်ပွဲဝင်များကလည်း ဆာကာအိ ကို ‘ဂျန်ကို အမေ’ ဟု ချစ်စနိုး ခေါ်ကြသည်။

    ဆာကာအိ စင်မြင့်ပေါ် မည်သည့်နေရာ ရပ်ရမလဲ မမှတ်မိချိန် ၎င်းတို့က ‘ဂျန်ကို အမေ၊ ဟိုနားမှာ ရပ်” ဟု ပြောရင်း ကူညီပေးကြသည်။

    ဆာကာအိ သည် ကနဦးက သက်ကြီးများကို အားပေးရန် ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲ ဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လေ့ကျင့်မှုကမ့် ဝင်ပြီးနောက် သူ့အနေဖြင့် အမျိုးသမီးငယ်များထံ သတင်းစကားပေးချင်ခဲ့သည်။

    “ဂျပန်မှာက အမျိုးသမီးတွေဟာ သူတို့ ငယ်တုန်းရွယ်တုန်းမှာပဲ တန်ဖိုး ရှိတယ်လို့ ထင်မြင်ခံရတယ်။ ဒီနေ့ ကမ္ဘာကြီးမှာလည်း လူငယ်တွေအတွက်က အနာဂတ်ကို မျှော်လင့်ဖို့က မလွယ်ကူပါဘူး။ ငယ်ရွယ်မှု ကုန်ဆုံးသွားတာနဲ့ ဘဝက ပြီးသွားပြီ ဆိုပြီး တွေးတာက သိပ်ဝမ်းနည်းဖို့ ကောင်းတယ်” ဟု သူက ဆိုသည်။

    သူသည် ပဏာမအကြိုဖိုင်နယ်အဆင့်အထိ ရောက်ခဲ့သော်လည်း Miss Universe Japan ပြိုင်ပွဲ၏ အပြီးသတ်နောက်ဆုံးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းတော့ မရှိပေ။

    သို့သော် ဆာကာအိက သူ့အတွေ့အကြုံကို သုံးပြီး အရွယ်စုံ အမျိုးသမီးများကို ကူညီပေးလျက် ရှိသည်။

    သူသည် ယခုအခါ ကုမ္ပဏီများအတွင်းနှင့် မြူနီစီပယ်များက စီစဉ်သည့် ပွဲများ၌ ဒေါက်မြင့်ဖြင့် လမ်းလျှောက်မှုကို သင်တန်းပေးနေသည်။

    သူ့သင်တန်းသူများတွင် အလုပ်အင်တာဗျူးအတွက် ပထမဆုံးအကြိမ် ဒေါက်မြင့် စီးသည့် တက္ကသိုလ်ကျောင်းသူများ၊ မသန်စွမ်းမှုကြောင့် လမ်းလျှောက်တုတ်အကူအညီဖြင့် လျှောက်သည့် အမျိုးသမီးများ ပါဝင်သည်။

    သူ သင်ပေးသည့် သင်ခန်းစာများက ဘဝကို ‘ပျော်ရွှင်၊ တောက်ပစွာ’ ဖြတ်သန်းရေး အနှစ်သာရ ပေးနိုင်မည်ဟု ဆာကာအိက မျှော်လင့်ထားသည်။

    “ဖြတ်သန်းရတဲ့အတွေ့အကြုံတွေ၊ သင်ယူရမှုတွေကနေတဆင့် အသက် ၆၀ ကျော်လာချိန်မှာလည်း တကယ့်ကို တောက်ပနေနိုင်လိမ့်မယ် ဆိုပြီး လူတွေကို ယုံကြည်စေချင်တယ်” ဟု ဆာကာအိက ပြောသည်။

    (The Asahi Shimbun မှ At 66 years old, a star is born in Miss Universe Japan pageant အား ကိုလူအေး ဘာသာပြန်သည်)

  • ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ

    ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၅၉၁ ကနေ ဈေးထွက်ဝယ်တဲ့ တပ်ရေးဗိုလ်ကြီးနဲ့ မိသားစုဝင်တွေ ပစ်ခတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

    မနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ ခမရ ၅၉၁ တပ်ဝင်းထဲကနေ အသက် ၄၀ အရွယ်ရှိ တပ်ရေးဗိုလ်ကြီး၊ ဇနီးနဲ့ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ယောက်ဟာ ကျေးရွာထဲမှာ ဈေးဝယ်ဖို့ ကားနဲ့ထွက်လာချိန် ကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

    စစ်တပ်နဲ့နီးစပ်သူတယောက်က “ပစ်ခတ်ခံရတာကြောင့် တပ်ရေးဗိုလ်ကြီးနဲ့ ဇနီးဖြစ်သူတို့ ကျည်ထိဒဏ်ရာတွေ ရသွားတယ်။ သူတို့ကလေးကတော့ ထိခိုက်တာမရှိဘူး။ လင်မယားနှစ်ယောက်လုံး ဆေးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။

    အဲဒီ တပ်ရေးဗိုလ်ကြီးမိသားစု ပစ်ခတ်ခံရမှုဖြစ်ပွားတဲ့ နေရာဟာ ခမရ ၅၉၁ တပ်ရင်းနဲ့ နီးနေတာကြောင့် ပစ်ခတ်သွားသူတွေကို ဖမ်းဆီးရမိရေး ဗိုလ်ကြီးအမိန့်နဲ့ ခမရ ၅၉၁ တပ်ကနေ ကျေးရွာအနီး လမ်းပေါ်နဲ့ ကျေးရွာထဲ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

    ပစ်ခတ်ခံရတဲ့ ဗိုလ်ကြီးမိသားစုနဲ့ နီးစပ်သူတယောက်က “စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်။ ဖမ်းမိတာတော့ မကြားမိသေးပါဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ လောလောဆယ် မသိရသေးဘူး။ ဗိုလ်ကြီးနဲ့ မိသားစုက တပ်ထဲမှာပဲ ဆေးကုသနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

    ဩဂုတ် ၂၃ ရက်ကလည်း စစ်ကောင်စီရဲ့ ရေးမြို့နယ်က ခမရ ၅၉၁ တပ်ကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေက တပ်အပြင်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

    သြဂုတ် ၂၈ ရက်ကလည်း ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းက ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်သားတွေကို ရေးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    စက်တင်ဘာ ၁၄ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်နဲ့ ရာအိမ်မှူးတယောက်တို့ အမည်မသိ လက်နက်ကိုင်ထားသူတွေရဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

  • ဗန်းမောက်မြို့ထဲ စဝင်နေပြီ

    ဗန်းမောက်မြို့ပတ်လည်က ကာကင်းတွေ သိမ်းပိုက်ပြီးနောက် မြို့ထဲကို စတင်ထိုးဖောက်နေ

    စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့ပတ်လည်က SNA – ရှမ်းနီလက်နက်ကိုင်နဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့တွေရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေး တပ်တွေက မြို့အတွင်းပိုင်းကို စတင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အဖွဲ့ဝင် တစ်ဦးက‌ ပြောပါတယ်။

    ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က စလို့ ကသာခရိုင်ကွပ်ကဲရေးက ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ဒီကနေ့အထိ လေးရက်မြောက် ရှိလာချိန်အထိ တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ရှေ့တန်း အနေအထားတော့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ အခြေအနေ ကောင်းတယ် ဆိုတာလေးပဲ ရသေးတာ။ မြို့အထဲကြီးတော့ မရောက်သေးဘူး။ မြို့အဝင်ဝထိတော့ တိုးကပ်သွားတာပေါ့” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက‌ ပြောပါတယ်။

    SNAနဲ့ စစ်အုပ်စု ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်မြို့ပတ်လည်က ကျေးရွာတချို့နဲ့ တောင်ကုန်းတချို့ပေါ်မှာ ကာကင်းစခန်းတွေ အဖြစ် နေရာချထားပြီး မြို့အရှေ့ဘက်မှာ ကျွဲကောကုန်း၊ အနောက်ဘက်မှာ စက်တောကုန်း၊ တောင်ဘက်မှာ မြစ်သေးချင်း စတဲ့ ရွာတွေနဲ့ တောင်ကုန်းတချို့မှာ နေရာချထားတာ ဖြစ်ပါတယ်။

    ဗန်းမောက်မြို့ကို စတင် ထိုးစစ်ဆင်ချိန်ကစလို့ တော်လှန်ရေး အင်အားစုတွေက အဲဒီ ကာကင်းစခန်းတွေကို သိမ်းပိုက်ပြီး မြို့ထဲကို ထိုးဖောက်ထိုးစစ်ဆင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ငါးလကျော် ဧပြီလ ၇ ရက်က အင်းတော်မြို့ကို တော်လှန်ရေး အင်အားစုတွေက အပြီးသပ် သိပ်ပိုက်ပြီးနောက် ဗန်းမောက်မြို့က စစ်အုပ်စု အင်အားအများအပြာကို ရဟတ်ယာဉ်နဲ့ ကသာမြို့ ခံစစ်အတွက် ပို့ဆောင်ခဲ့ပါတယ်။

    အင်းတော်မြို့နဲ့ ၁၀ ကျော်သာ ကွာဝေးတဲ့ ကသာမြို့ကို စစ်အုပ်စု အင်အားတွေ ပို့လိုက်တာကြောင့် ဗန်းမောက်မြို့မှာ SNA အင်အားအများစုနဲ့ ထိန်းချုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

    ဗန်းမောက်မြို့ဟာ တော်လှန်ရေးအင်အားစုတွေ မြို့နယ်တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေနဲ့ နယ်မြေချင်း တစ်ဆက်တည်းရှိနေပြီး မြေပြင်ကနေ ဗန်းမောက်ကို စစ်အင်အား ပို့ဖို့ လွယ်ကူတဲ့နေရာ မဟုတ်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    မြို့နယ် လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်း ပါဝင်ပြီး တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။

    ကချင်ပြည်အစပ်မှာ တည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။

    တချိန်တည်းမှာပဲ ဗန်းမောက်မြို့တွင်းက ပြည်သူတွေကို SNA နဲ့ စစ်အုပ်စုက မြို့အပြင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းထွက်နေသလို စစ်အုပ်စုက ဗန်းမောက်မြို့တွင်း လေကြောင်းဗုံးကြဲလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိတယ်လို့ သတင်းထွက်နေပြီး ဗန်းမောက်မြို့တွင်း အခြေအနေတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

  • လောင်းလုံးမြို့အနီး ဗုံးကြဲခံရ၍ ၃ ဦးသေ၊ ကလေးများအပါအဝင် ၄ ဦးဒဏ်ရာရ

    လောင်းလုံးမြို့အနီး ဗုံးကြဲခံရ၍ ၃ ဦးသေ၊ ကလေးများအပါအဝင် ၄ ဦးဒဏ်ရာရ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ကျေးရွာများကို ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လောင်းလုံးမြို့အနီး သုံးဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

    ယမန်နေ့ နံနက် ၁၁ နာရီအချိန်မှစတင်၍ ထားဝယ်မြို့နယ်မှ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ သရက်ချောင်း မြို့နယ်မှ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး၊ လောင်းလုံးမြို့နယ်မှ ဝေဒီ၊ သပြေရှောင်၊ ကြက်ယက် တွင်း၊ ကျောက်တွင်းစသည့် ၁၀ ရွာထက်မနည်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရသည်။

    လူနေကျေးရွာများကို Y12 သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် ၁၂၀မမ ဗုံးသီးများ ကြဲချခဲ့သည်ဟု ဆိုသည်။

    လောင်းလုံးမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ ဝေဒီကျေးရွာ ဗုံးကြဲခံရပြီး အသက် ၆၀ အရွယ် ဒေါ်တင်ရှိန် ၊ သမက်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိသားစုဝင်များဖြစ်သော အသက် ၆၀ ခန့် အရွယ် ဦးယူစန်၊ သမီးဖြစ်သူ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၁၀ နှစ်အောက်အရွယ် မြေးနှစ်ဦး၊ အခြားကလေးတစ်ဦးတို့ ဒဏ်ရာများ ရရှိခဲ့သည်။

    “လေယာဉ်နဲ့ ဗုံးလာကြဲတော့ လောင်းလုံး၊ ဝေဒီရွာမှာ အိမ်ပေါ်ကိုကျပြီး အဲဒီအိမ်မှာရှိတဲ့ မိသားစု ခြောက် ယောက်မှာ (နှစ်ယောက်) ပွဲပြီးချင်း သေဆုံးပြီး၊ သုံးယောက်ဒဏ်ရာရတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောဒါးကို က ပြောသည်။

    ပြင်းထန်ဒဏ်ရာများရထားသော အသက် ၃၀ အရွယ်အမျိုးသမီးမှာလည်း ဆေးရုံမရောက်ခင် သေဆုံး သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “Y12 က ဟိုရွာကြဲလာလိုက်၊ ဒီရွာကြဲလာလိုက်နဲ့ကြဲလာတာဗျ၊ အဲမှာ အခြားရွာတွေမှာ ကျပေမဲ့ ဒဏ်ရာ ရတာတော့ မကြားဘူး ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) မှ ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။

    ဗုံးကြဲခံရသော ကျေးရွာများတွင် လေကြောင်းတိုက်ခိုက်မှု ယခင်က မရှိခဲ့ဘဲ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲရှိမှသာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်လေ့ရှိကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။

    လေကြောင်း တိုက်ခိုက်မှုမခံရခင် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှစတင်၍ လောင်းလုံမြို့နယ်၊ ရာဟောင်းဝကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    နောက်တစ်နေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) နံနက်တွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ရာဟောင်းဝကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ရာ ထိုရွာမှ အသက် ၆၀ အရွယ် ဒေါ်ညို ဗုံးစထိမှန်၍ သေဆုံးခဲ့သေးသည်။

    ရာဟောင်းဝကျေးရွာ၏ တောင်ဘက် ၄ မိုင်ကျော်ခန့်အကွာတွင် ဝေဒီ ကျေးရွာတည်ရှိရာ တိုက်ပွဲကြောင့် ဗုံးကြဲသည်ဟု ယူဆရသလို လောင်းလုံးနယ်အတွင်း စစ်ကော်မရှင်တပ် အကြီးအကဲများ ရောက်ရှိနေ၍ ကြဲသည်ဟုလည်း ယူဆနိုင်ကြောင်း ရဲဘော်စောဒါးကို က ပြောသည်။

    “အဓိက တိုက်ပွဲကတော့ ကျွန်တော်ထင်တယ်၊ မကြာခင်မှာ စစ်ကောင်စီ အကြီးအကဲတွေ လောင်းလုံး ဘက်ကို လာဖို့ရှိတယ်ဆိုတဲ့အနေအထားမှာ နယ်မြေရှင်းလင်းရေးတွေ ပြန်လည်နေရာစိုးမိုးရေးတွေ ပြန်လုပ်တဲ့အနေအထားမှာ အဲလိုတိုက်ပွဲတွေ ဖြစ်တယ်ဆိုပြီး သုံးသပ်လို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

    စစ်တပ်သည် လောင်းလုံး၊ ရေဖြူနှင့်၊ သရက်ချောင်းတို့တွင်လည်း စစ်ကြောင်းထိုးနေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကာ နယ်မြေရှင်းလင်းနေမှုသည် ထားဝယ်မြို့ပေါ်သို့ လာရောက်မည့် စစ်ကော်မရှင် ထိပ်ပိုင်းခေါင်းဆောင်များ၏လုံခြုံရေးအတွက် ဖြစ်နိုင်ကြောင်း ထားဝယ်မြို့နယ်မှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

    ယနေ့ (စက်တင်ဘာလ ၁၈ ရက်နေ့) နံနက်တွင် ထားဝယ်မြို့ မြို့တော်ခန်းမအသစ်ဖွင့်ရန် စစ်ကော်မရှင် ထိပ်ခေါင်းခေါင်းဆောင် ရောက်ရှိနေသည်ဟု သတင်းကြားသိထားပြီး မြို့ပေါ်တွင်လည်း လုံခြုံရေး တင်းကျပ်သည်ကို တွေ့မြင်ခဲ့ ရကြောင်း ၎င်းကဆိုသည်။

    စစ်ကော်မရှင်၏ အာဘော်သတင်းစာများတွင်မူ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကော်မရှင်ခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ထားဝယ်မြို့ မြို့တော်ခန်းမ၌ တက်ရောက်ခဲ့ကြောင်းသာ ဖော်ပြထားသည်။

    စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ထားဝယ်မြို့နှင့် ၂၅ မိုင် အကွာရှိ ကျောက်မဲတောင်စစ်တပ်စခန်းကို ထားဝယ်မြို့မှ စစ်ကူတက်လာသည့် အင်အား ၁၀၀ ကျော် ပါဝင်သော စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၏ တပ်မဟာ(၄)၊ တပ်ရင်း(၁၂) တော်လှန်ရေးတပ်ဖွဲ့များက ပကာရီကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်မှ ၁၀ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ လက်နက်နှင့် ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့က သတင်းထုတ်ပြန် ထားသည်။

    ထိုနေ့က ပကာရီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့သည်။

  • DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

    DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

    ကလပ်တခုမှာ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို DJ တီးခတ်ခဲ့တဲသူ DJ – Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃနာယက အဖွဲ့အစည်းက ခံဝန်ထိုးခိုင်းမယ်လို့ သိရပါတယ်။

    စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သံဃာ့နာယကအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့မှာ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို အရေးယူတဲ့အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းဖို့ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

    ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို ကလပ်မှာ DJ တီးခတ်ကာ ဖျော်ဖြေခဲ့တဲ့ DJ Violet က သူ့ရဲ အမှားကို သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အပါဝင် ဆရာတော် ၅ ပါးကို ဝန်ချတောင်းပန်ခဲ့ကာ ဆရာတော် ၅ ပါးက ခွင့်လွှတ်ကြေအေးပေးခဲ့ကြတယ်လို့ သိရပါတယ်။

    “ခွင့်လွှတ်ဖို့ တောင်းပန်လို့ ဆရာတော် ၅ ပါးက ကြေအေးပေးတယ်။ ပြီးတော့ ပေါက်ကိုယ်တော်ကိုလည်း ဖုန်းဆက်ပြီး တောင်းပန်တယ်။ သူလည်း လက်ခံတယ်။ အဲ့ဒါကို စစ်တပ် ဘောမတွေက မကျေနပ်လို့ အမှုဖွင့်တယ် ဖမ်းတယ်။ ခု ဆရာတော်တွေကိုပါ ခံဝန်ထိုးခိုင်းနေပြီ။ ဘုရားရှင်တောင် တောင်းပန်ရင် ခွင့်လွှတ်ရတာပဲလေ။ ခု ခွင့်လွှတ်ပေးတဲ့ ဆရာတော်တွေကိုပါ ဆွဲစိချင်နေကြတယ်ထင်တယ် ” လို့ ဆိုရှယ်မီဒီယာအသုံးပြုသူ တဦးက ပြောပါတယ်။

    မခင်ထွေးထွေးမွန် (ခ) DJ Violet တောင်းပန်မှုကို လက်ခံကာ ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နောက်နောင်အခုလိုကိစ္စတွေမှာ ခွင့်မလွှတ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    “ဆရာတော်တွေကို ခေါ်ပြီး ခုလို ခွင့်လွှတ်တာက သံဃာ့နာယက လက်စွဲနဲ့ မညီဘူး၊ နောက်နောင် စော်ကားလာရင် ဘယ်လိုလုပ်မလဲ၊ သံဃာအဖွဲ့တွေကို အကာအကွယ်ယူပြီး စော်ကားလာရင် ဘယ်လိုလုပ်မလဲဆိုပြီး ဆူတယ်ပြောတယ်။ လက်မှတ်ခေါ်ထိုးခိုင်းမယ်ပြောတယ် ” လို့ နောက်ထပ် ဆရာတော်တပါးက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကော်မရှင်က ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေး ကို DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet နဲ့အတူ Cover Club ဆိုင်ပိုင်ရှင်အပါဝင် ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထားပြီး ဆိုင်ကိုလည်း ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံထားရတဲ့ DJ Violet အပါဝင် ၄ ဦးကိုတော့ အမှတ်(၉) မြို့မရဲစခန်း မဟာအောင်မြေမြို့နယ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။