Author: Baby Yit Lone

  • စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နဲ့ မိသားစုကို သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း နေအိမ်ကနေ စက်တင်ဘာ ၂ ရက်မှာ အပြီးဖယ်ပေးဖို့ တရားရုံးက စာပို့ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ခြံအမှတ် ၂၇ မြေယာပိုင်ဆိုင်မှုကိစ္စနဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဦးသိန်းညွန့် အနေနဲ့ ဇူလိုင်လအတွင်း အမှုရှုံးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သူတို့အမှုက ကြာပြီ၊ NLD အစိုးရလက်ထက်ကတည်းကဖြစ်တာ၊ အာဏာသိမ်းပြီးလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ အခုနှစ်မှာ ဦးသိန်းညွန့်တို့ အမှုရှုံးသွားတာ ၇ လပိုင်းမှာ၊ ထပ်ပြီးညှိပေးသေးတာ၊ အိမ်ကဆင်းပေးဖို့ နောက်ဆုံး Date ပေးထားတာ စက်တင်ဘာလ ၂ ရက်နေ့။”

    အမှုအခင်းဖြစ်တဲ့ နေအိမ်နဲ့ ခြံနေရာဟာ ဦးသိန်းညွန့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ မိသားစု အမွေဆိုင်ဖြစ်လို့ တရားရုံးက လေလံတင်ရောင်းချပြီး ၁၂ ပုံ ပုံကာ ခွဲဝေယူဖို့ ဆုံးဖြတ်ထားတာလို့လည်း သိရပါတယ်။

    မြေယာအမှုအခင်းဖြစ်တဲ့ အဆိုပါ ခြံအမှတ် ၂၇ မှာ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ရုံးချုပ်လည်း ဖွင့်လှစ်ထားလို့ ပါတီရုံးခန်းအသစ် ဖွင့်လှစ်ဖို့ နေရာရွေးချယ်နေကြောင်း NNDP ပါတီဝင်တယောက်က ပြောပါတယ်။

    “အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၃ မှာ ဦးသိန်းညွန့်က လူကြီးတွေဆီ အကူအညီတောင်းသေးတယ်။ ဘယ်သူမှ မကူညီတဲ့အပြင် ကောင်စီအဖွဲ့ဝင်ကနေ ဖြုတ်ပြီး အကြံပေးခန့်လိုက်တာ အခုချိန်ထိပဲ။ အာဏာမသိမ်းခင် အခုအမှုဖြစ်နေတဲ့ မြေနေရာမှာ ပါတီရုံးချုပ်မဖွင့်ဖို့ သူ့သားက ဦးသိန်းညွန့်ကို တိုင်တာ ၅ ကြိမ် ရှိတယ်။ အခုဆို နေစရာဘုံပျောက်သွားတဲ့အပြင် ပါတီရုံးဖွင့်ဖို့တောင် နေရာ စဥ်းစားနေရတယ်။”

    အာဏာသိမ်းပြီး စစ်ကောင်စီအစိုးရအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လာတဲ့ ဦသိန်းညွန့်က ၂၀၂၃ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီသစ်ပါတီသစ် (NNDP) ကို စစ်ကောင်စီလက်အောက်ခံ ကော်မရှင်အဖွဲ့မှာ မှတ်ပုံတင်ခဲ့ရာ ကော်မရှင်က ခွင့်ပြုပေးခဲ့ပါတယ်။

    ဦးသိန်းညွန့်ဟာ ၁၉၉၀ ရွေးကောက်ပွဲက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာကို NLD ပါတီက ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ရာ NLD ပါတီနဲ့ လမ်းခွဲပြီး ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ ပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို တည်ထောင်ခဲ့ပေမဲ့ ရန်ပုံငွေကိစ္စကြောင့် စကားများကာ ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် သင်္ဃန်းကျွန်းမြို့နယ်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပါတယ်။

    ဒီနောက် ဦးသိန်းညွန့်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်မရခဲ့ပါဘူး။

  • တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးဟုဆို

    ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ငူမြို့နယ်၊ ပဒဲကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ထွက်လာစဉ် ပဒဲကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်ပွားချိန်က ၁ နာရီလောက်ကြာပါတယ်။ ကမ်းပါးနီရွာနဲ့ ပဒဲရွာ ဘက်ကနေ ထိုးလာတာပါ။ စစ်ခွေးတွေ အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်။ စစ်ခွေးတွေ အထိုင်ချထားတဲ့ ပဒဲရွာကို ပြန်လည်ဆုတ်ခွာသွားတာ ကျနော်တို့တပ်နဲ့ ထိတွေ့မှုဖြစ်တာက ပဒဲရွာအထွက် မှာပါ။ စစ်ခွေး သေတာက ၁၀ ကောင်လောက်ဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။ ပဒဲရွာအထွက်မှာ ကျနော်တို့ တပ်ဖွဲ့နဲ့ထိတွေ့မှု ဖြစ်ပြီး ရန်သူ့အခြား စစ်ကြောင်း တွေနဲ့က တော့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ထိတွေ့မှုဖြစ်တာပါ” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့ ၊ သံတောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေး ဖိုက်တာဆားခဲတပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနှင့် သမန်းကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ကြောင်းသိရှိရသည်။

    တောင်ငူမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများလုပ်ဆောင်လာနေပြီး အထူး သဖြင့်ရွေးကောက်ပွဲကာလမတိုင်မီ တည်ငြိမ်အေးချမ်းရေး ရှိစေရန်ဆိုသော အကြောင်းပြချက်ဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများရှိလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

  • ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်က အင်အားဖြည့်ပြီးနောက် တိုက်ပွဲများ ဆက်ပြင်းထန်နေ

    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။

    ဒီးမော့ဆိုမြို့နယ်ဘက်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား သုံးရက်ဆက်တိုက်ပွဲ ဖြစ်နေသည်ဟု ဆိုသည်။

    “ငွေတောင်ရွာသစ်ဘက်မှာပဲ။ မနေ့က(သြဂုတ် ၃၁ ရက်)မှာ နှစ်ဖက်တိုက်ပွဲ တော်တော်ပြင်းတယ်။ ကိုယ့်ဘက်က နှစ်ယောက်ထိခိုက်ကျဆုံးတယ်။ သူတို့ဘက်ကလည်း သေဆုံးတာတွေများတယ်”ဟု ဒီးမော့ဆိုမြို့အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများစွာ ပစ်ကူပေးနေသည့်အပြင် ယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

    “ရန်သူက ဆက်တိုးနေတယ်ပေါ့။ အင်အားဆက်ဖြည့်နေတယ် မြေပြင်အနေအထားအရ။ ဘုံရန်သူတစ်ခုတည်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆက်ချီတက်နေတယ်။ စစ်ရေးနောက်ဆက်တွဲကတော့ တင်းမာနေတယ်။ကျွန်တော်တို့လည်း လုပ်လို့ရတဲ့အပိုင်းဆက်လက် လုပ်နေတယ်”ဟု ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင်ပါဝင်နေသည့် ကယန်းအမျိုးသားတပ်မတော်(KNA)တာဝန်ရှိသူ ခွန်းရဲခေါင်က ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ငွေတောင်ရွာသစ်တွင် အင်အား ၁၀၀ကျော်ဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ထက်မနည်း သေဆုံးပြီး လက်နက်ခြောက်လက် ရရှိခဲ့သည်။

    “စကစဘက်က အထိနာသွားလို့ မနေ့ကစပြီး လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တောက်လျှောက်ထုနေတယ်”ဟု မြေပြင် ရဲဘော်တစ်ဦးက ပြောသည်။

    ၂၀၂၃ နိုဝင်ဘာကစ၍ တော်လှန်ရေးအင်အားစုက ဖြတ်တောက်ထားသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။

    (ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – KNA)

  • ရခိုင်တွင် AA အောင်မြင်မှုများကို တရုတ်နှင့် အိန္ဒိယ စောင့်ကြည့်နေ

    အာရက္ခတပ်တော် (AA) သည် မြန်မာ၏ သေနင်္ဂဗျူဟာကျသော အနောက်ပိုင်းဒေသကို ထိန်းချုပ်ရန် နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ်သည် အရေးပါသောကာလသို့ ရောက်လာသည်။ ထိုအခြေအနေသည် မြန်မာ့ပြည်တွင်းစစ်နှင့် ဒေသတွင်း ပထဝီနိုင်ငံရေးကို ပြန်လည်ဖွင့်ဆိုနိုင်သည် အာဏာအပြောင်းအလဲဖြစ်သည်။

    မြန်မာစစ်အုပ်စုသည် နိုင်ငံအတွင်းမှ နယ်မြေများကို အခြားနေရာများတွင် ပြန်လည်ရယူနေသော်လည်း AA သည် နိုင်ငံအနောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၌ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားသည်။

    မြန်မာစစ်အုပ်ချုပ်သူများအပေါ် အောင်ပွဲများဖြင့် အားတက်နေသော AA သည် ပြည်နယ်မြို့တော်နှင့် အဓိကကျသည့် အိန္ဒိယဆိပ်ကမ်းစီမံကိန်းရှိရာ စစ်တွေနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်အတွက် အဓိကျသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိပ်ကမ်းများ၊ ပင်လယ်နက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူအပါအဝင် ပြည်နယ်မှ လက်ကျန်ဒေသများကို သိမ်းပိုက်မည်ဟု ကြုံးဝါးထားသည်။

    AA ၏ အဆုံးအဖြတ်ကျသော ထိုးစစ်အတွက် အလားအလာရှိသည်ဟု သုတေသီများက ပြောသည်။

    သို့သော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် AA က စစ်တပ်ကို တိုက်သည့်တိုက်ပွဲသည် နက်ရှိုင်းလာနေသော လူသားချင်းစာနာမှု အကျပ်အတည်းနှင့် AA က ရခိုင်ပြည်နယ်မှ မွတ်ဆလင်အများစုပါသည့် ရိုဟင်ဂျာများကို ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ ကြီးထွားလာချိန်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

    သမိုင်းအရ အာရက္ခဟုခေါ်သည့် ရခိုင်ပြည်နယ်သို့ စစ်တပ်က ကုန်စည်များကို ပိတ်ဆို့ထားခြင်းသည် ကုလသမဂ္ဂက လူ ၂ သန်းကျော် အငတ်ဘေးကျရောက်နိုင်သည်ဟု ခန့်မှန်းထားသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။ ရခိုင်ပြည်နယ် အလယ်ပိုင်းမှ မိသားစုများ၏ ၅၇ ရာခိုင်နှုန်းသည် အခြေခံ စားနပ်ရိက္ခာ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ကြောင်း ယခုလ အစောပိုင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးသောကြောင့် ဒီဇင်ဘာလက ၃၃ ရာခိုင်နှုန်းထက် များစွာပိုမိုလာသည်။

    အရပ်သားထောင်ပေါင်းများစွာသည် ဝိုင်းပတ်ပိတ်ဆို့ခံနေရသည့် စစ်တွေတွင် ပိတ်မိနေပြီး ယခုအခါ စစ်တွေသို့ လေကြောင်းနှင့် ရေကြောင်းဖြင့်သာ သွားရောက်နိုင်တော့သည်။

    မိုးထိအောင် မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကို ဒေသခံများက ပြောပြသည်။ ဒေါ်လာနှင့်တွက်လျှင် ယခင်က ၂ ဒေါ်လာသာပေးရသော ဝက်သားသည် ယခု ၁၃ ဒေါ်လာအထိ ရှိနေသည်။ သေကြောင်းကြံသည့် မျှော်လင့်ချက်ကင်းမဲ့နေသူများ၊ တောင်းရမ်းစားသောက်ရသည့် မိသားစုများ၊ လိင်လုပ်ငန်း ကြီးထွားလာခြင်းနှင့် တရားဥပဒေစိုးမိုးမှု ပြိုလဲသောကြောင့် နေ့ခင်းကြောင်တောင် ခိုးယူများဖြစ်ခြင်းစသည့် သတင်းများကို ဒေသခံမီဒီယာများက ဖော်ပြကြသည်။

    မကြာသေးမီက လေယာဉ်ဖြင့် ထွက်ခွာလာသည့် ဒေသခံတဦးက စစ်တွေတွင် ကြီးထွားနေသော ရာဇဝတ်မှု အန္တရာယ်အကြောင်း ပြောပြသည်။

    “သူတို့က လူဆိုးဂိုဏ်တွေလိုဘဲ အိမ်တွေကို နေ့ခင်းကြောင်တောင် ဖောက်ကြတယ်။ ပရိဘောဂတောင်မှ ယူကြတယ်” ဟု ၎င်းကပြောသည်

    စစ်တွေတွင် စစ်တပ်နှင့်ပတ်သက်သည့် လက်နက်ကိုင်အုပ်စုတခုဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) က ဒေသခံပြည်သူများ၏ စကားပြောဆိုမှုများကို စောင့်ကြည့်နေပြီး ထိုတပ်များက နေအိမ်များကို ဝင်ရောက်စီးနင်းကာ AA ကို ထောက်ခံသည့် ဆေးမင်ကြောင်ထိုးထားသော ဒေသခံများကို စစ်ဆေးရှာဖွေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တခုက ပြောသည်။

    “အခြေအနေကို ကြိုတင်ခန့်မှန်းလို့ မရဘူး။ နောက် ဘာဆက်ဖြစ်မယ်ဆိုတာ ကျနော်တို့ မခန့်မှန်းနိုင်ဘူး” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။

    AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA) မှ ကိုယ်စားလှယ်တဦးက စစ်တွေကို စစ်အုပ်ချုပ်ရေး၏ ရှင်းလင်းပြတ်သားသော ဥပမာအဖြစ် ရည်ညွှန်းပြီး စစ်အုပ်စုခေါင်းဆောင်များသည် ရခိုင်ပြည်နယ်ကို သိမ်းပိုက်နယ်မြေအဖြစ် ယူဆနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ပြောသည်။

    မြင့်မားလာနေသော အရပ်သားထိခိုက်သေဆုံးမှုများ

    ရခိုင်ပြည်နယ်တဝန်းတွင် AA က အောင်ပွဲများ ဆက်လက်ရရှိနေသောကြောင့် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအားကိုးလာပြီး ထိုနည်းလမ်းသည် စစ်ဗိုလ်ချုပ်များ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် အသုံးပြုနေသည့် နည်းဗျူဟာဖြစ်သည်။

    ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၅ ခုနှစ် နှစ်လယ်အထိ ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၉၆ ဦး အပါအဝင် အရပ်သား ၄၀၂ ဦး သေဆုံးကြောင်း၊ အခြား အရပ်သား ၂၆ ဦးတို့သည် အမြောက်ဒဏ်၊ မြေမြှုပ်မိုင်းနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့ကြောင့် ယခုနှစ်အတွင်း သေဆုံးကြောင်း ULA က ပြောသည်။

    အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် စစ်ရေးရလဒ်များ မရနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူ ၈ သောင်းကျော် သတ်ဖြတ်ခံရသည့်နိုင်ငံတွင် ထိုနည်းဗျူဟာသည် အကြမ်းဖက်မှုသာဖြစ်ကြောင်း ULA ကိုယ်စားလှယ်တဦးက ပြောသည်။

    ဆိုးရွာလာနေသော ပဋိပက္ခအလယ်တွင် AA နှင့် မြန်မာစစ်တပ် နှစ်ဖက်လုံးတို့သည် ၎င်းတို့တပ်များကို အင်အားဖြည့်တင်းရန် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို အကောင်အထည်ဖော်ကြသည်။

    AA သည် မေလမှစတင်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အမျိုးသမီးများကို စစ်သားစုဆောင်းပြီး ထိုလုပ်ရပ်ကို “အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ” ဟု ခေါ်ပြီး စစ်တပ်ဘက်ကလည်း အတင်းအကျပ်စစ်သားစုဆောင်းသည့် ၁၆ လအတွင်း အမျိုးသား ၇ သောင်းခန့်ကို အင်အားဖြည့်တင်းထားသည်။

    ရခိုင်ပြည်နယ်သည် လူမျိုးစု အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြီး ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွဲမှုအတွင်း အရက်စက်အကြမ်းကြုတ်ဆုံး ခံရသည်။ ထိုဖြိုခွဲမှုတွင် ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရပြီး ထိုစဉ်က ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု သံသယဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ရှေ့မှောက်သို့ ရောက်နေသည်။

    ရိုဟင်ဂျာ ၁ သန်းကျော်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှ ဒုက္ခသည်စခန်းများတွင် ဆက်လက်ရှိနေပြီး လွန်ခဲ့သော ၁၈ လအတွင်း လူသစ် ၁၅၀,၀၀၀ ရောက်လာသည်ဟု ကုလသမဂ္ဂက ပြောသည်။

    AA သည် လွန်ခဲ့သောနှစ်က လူ ၆၀၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း အပါအဝင် ရခိုင်တွင် ဆက်လက်ရှိနေသည့် ရိုဟင်ဂျာအရပ်သားများကို လူ့အခွင့်ရေးချိုးဖောက်သည်ဟု သတင်းတချို့က ဖော်ပြကြသော်လည်း ထိုစွပ်စွဲချက်များကို AA က ငြင်းဆန်ကာ လူသေအကြွင်းအကျန်များသည် စစ်ပွဲတွင်သေဆုံးသည့် စစ်အုပ်စု စစ်သားများ၏ အကြွင်းအကျန်များ ဖြစ်သည်ဟု ပြောသည်။

    ရခိုင်ရှိ ထိန်းချုပ်ဒေသများမှ မွတ်ဆလင် ဒေသခံများသည် မကြာသေးမီက အခြားမည်သည့် သမိုင်းခေတ်ထက်မဆို ပိုမိုကောင်းမွန်သည့် ဘဝကို ရရှိနေကြောင်း ULA က ဆိုသည်။

    စစ်အုပ်စုကဲ့သို့ပင် ULA သည် ရခိုင်ပြည်နယ်မှ ဌာနေတိုင်းရင်းသား မဟုတ်သည့် လူမှုအသိုက်အဝန်း ဖြစ်သည်ဆိုသည့် သဘောဖြင့် “ရိုဟင်ဂျာ” ဆိုသည့် စကားလုံးကို ရှောင်ရှားသည်။

    ရှုပ်ထွေးနေပြီးဖြစ်သော အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ AA ကို တိုက်ခိုက်ရန်အတွက် ရိုဟင်ဂျာအသိုက်အဝန်းကို စစ်အုပ်စုက လက်နက်တပ်ဆင်ပေးခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် မြန်မာစစ်တပ်က ရိုဟင်ဂျာလူမှုအသိုက်အဝန်းကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ပြီးနောက် ထူးခြားသည့် ဆန့်ကျင်ဘက် အပြောင်းအလဲဖြစ်သည်။

    ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် AA ကိုဆန့်ကျင်ရန် ဘင်္ဂလားဒေ့ရှ်မှ စခန်းများရှိ ဒုက္ခသည်များကို စည်းရုံးရန် ဘာသာရေးကို အသုံးချနေကြာင်း နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) က သတိပေးသည်။

    သို့သော် AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာပုန်ကန်မှုသည် အောင်မြင်မည့်အလားအလာ မရှိကြောင်း ICG အစီရင်ခံစာများက ဖော်ပြပြီး ထိုကိစ္စသည် မြန်မာတွင် ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓာတ်များကိုလည်း မြင့်မားစေနိုင်ကာ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ နေရပ်ပြန်ပို့ရေး အလားအလာကိုလည်း ထိခိုက်စေသည်ဟု ဆက်လက်ဖော်ပြသည်။

    တင်းမာမှုများသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း တအုံနွေးနွေးဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ်တခုလုံးကို ထိန်းချုပ်ထားသည့် AA အနေဖြင့် ဒုက္ခသည်များကို ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် လက်ခံစေလိုသည်။

    ဘင်္ဂလားဒေ့ရှ်သည် အာရက္ခတပ်များကို ဖိအားပေးရန်အတွက် လက်နက်ကိုင် ရိုဟင်ဂျာအုပ်စုများကို ထောက်ခံနေသည်ဟု ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်နယ်မှ ခွဲထွက်ဇုန်တခုကို ထောက်ခံပြီး ပြည်နယ်အတွက် ၎င်း၏ နယ်မြေပိုင်နက် ရည်မှန်းချက်များအား ခြိမ်းခြောက်မည်ကို AA က စိုးရိမ်သည်။

    တရုတ်တည်ဆောက်သော ဆိပ်ကမ်းအတွက် တိုက်ပွဲ

    စစ်တွေမြို့တောင်ဘက်တွင် တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည့် မြန်မာကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုနှင့် ရေနက်ဆိပ်ကမ်းတခုဖြင့် ဆက်သွယ်ပေးသည့် ကမ်းရိုးတန်း အချက်အချာ ကျောက်ဖြူအတွက် အဆုံးအဖြတ်ကျသောတိုက်ပွဲ နီးကပ်လာနေသည်။

    AA သည် စက်တင်ဘာလနှင့် အောက်တိုဘာလအကြားတွင် စစ်တပ်လေယာဉ်များ၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် မုန်တိုင်းထန်သည့် ကောင်းကင်များကို အကာအကွယ်အဖြစ် အသုံးပြုပြီး မုတ်သုန်ရာသီထိုးစစ်ဆင်ကာ ကျောက်ဖြူကို သိမ်းပိုက်နိုင်သည့် အလားအလာကို ပိုမိုမြင့်မားစေမည်ဟု ကာကွယ်ရေးစာစောင် Janes ၏ ဘန်ကောက်အခြေစိုက် သုတေသီ အန်ထော်နီ ဒေးဗစ်က ကြိုတင်ခန့်မှန်းသည်။

    AA က ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်ထားသည့် ခဲယမ်းများသည် ၂၀၂၆ ခုနှစ်သို့ရောက်သောအခါ တစတစကုန်ခန်းနိုင်ပြီး တရုတ်ကလည်း AA အသုံးပြုသည့် လက်နက်ထောက်ပံ့မှု မြန်မာနိုင်ငံမြောက်ပိုင်းမှ စီးဆင်းခြင်းကို တရုတ်ဖိအားက ကန့်သတ်နိုင်သည်ဟု ဒေးဗစ်က ပြောသည်။ ထိုအချက်များသည် AA ၏ လက်ရှိတိုက်ခိုက်မှုကို အမြန်ဆုံးလုပ်ရန် လိုအပ်စေသည့် အချက်များဖြစ်သည်။

    စစ်အုပ်စုတပ်ဖွဲ့ဝင် ၃,၀၀၀ သည် ဂျက်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်ပစ်အားဖြင့် ကျောက်ဖြူကို ကာကွယ်နေသည်ဟု သူက ခန့်မှန်းသည်။

    စစ်သားစုဆောင်းမှုအပြီး အင်အားအနည်းဆုံး ၄ သောင်းရှိပြီး မြန်မာတွင် အင်အားကြီးမားဆုံး လူမျိုးစုတပ် ဖြစ်လာသည့် AA သည် ကျောက်ဖြူကို တိုက်ရန် အင်းအား ၁ သောင်း သုံးနိုင်သည်ဟု ဒေးဗစ်က ပြောသည်။

    AA သည် ပြည်တွင်းစစ်တွင် အကျိုးဆက်အများဆုံးနှင့် အကုန်အကျအများဆုံး ထိုးစစ်များအနက်တခုအဖြစ် ထိုဆိပ်ကမ်းကို သိမ်းပိုက်ရန် အလားအလာ အလွန်များကြောင်း AA ၏ အတိတ်က အောင်မြင်မှုများကို အခြေခံပြီး ဒေးဗစ်က ယူဆသည်။

    တရုတ်လုံခြုံရေးဝန်ထမ်း ၅၀ ခန့်သည် ကျောက်ဖြူတွင် ဆက်လက်ရှိနေကြောင်း ဒေးဗစ်က တရုတ်လုပ်ငန်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။ AA က ထိုဆိပ်ကမ်းကို ကာကွယ်နိုင်သမျှကာလပတ်လုံး သိမ်းပိုက်နိုင်သည်ကို တရုတ်က လက်ခံထားသည်ဟု သူက ယူဆသည်။

    သို့သော် တရုတ်သည် မကြာသေးမီလများအတွင်း မြန်မာစစ်အုပ်ချုပ်သူများကို ထောက်ခံမှု အရှိန်မြှင့်တင်နေသည်။

    ကျောက်ဖြူသည် AA အတွက် “အထိမခံနိုင်သည့်ဒေသ” ဖြစ်ကြောင်း အထက်ပါ ULA ကိုယ်စားလှယ်က ပြောသည်။ ထိုဒေသတွင် AA သည် အင်အားကို လိုအပ်သော အနည်းဆုံးအရေအတွက်သာ သုံးနေပြီး နိုင်ငံအားလုံးမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ထမ်းများကို ကာကွယ်သည့် ခိုင်မာသော မူဝါဒကို ဆက်လက် ထိန်းသိမ်းထားသည်။

    AA အနေဖြင့် တရုတ်နှင့် အပြုသဘောဆက်ဆံရေး ပျိုးထောင်ရန် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ULA ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

    ကျယ်ပြန့်လာသော စစ်ပွဲ

    အိန္ဒိယသည်လည်း ကုလားတန် သယ်ယူပို့ဆောင်ရေးစီမံကိန်းဖြင့် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများရှိသည်။ ထိုစီမံကိန်းသည် အိန္ဒိယ၏ အစွန်အဖျား အရှေ့မြောက်ဒေသများကို ဘင်္ဂလားပင်လယ်အော်သို့ အိန္ဒိယ တည်ဆောက်သည့် စစ်တွေဆိပ်ကမ်းနှင့် AA ထိန်းချုပ်ဒေသများမှတဆင့် ဆက်သွယ်ရန် ရည်ရွယ်သည်။

    ထိုစင်္ကြံသည် အိန္ဒိအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ရန်မလိုဘဲ အိန္ဒိယနှင့် မြန်မာကို တိုက်ရိုက်ကုန်သွယ်ရေး အခြားလမ်းကြောင်းတခု ရစေသည်။

    ထိုဆိပ်ကမ်း၊ လမ်းနှင့် မြစ်ကွန်ရက်ကို ထိန်းချုပ်ခြင်းသည် AA အနေဖြင့် အိန္ဒိယကုန်သွယ်ရေးကို အခွန်ကောက်ခွင့်ရပြီး ၎င်း၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်စေကာ မြန်မာစစ်အုပ်စု၏ အိန္ဒိယနှင့်ဆက်ဆံရေးကို ထိခိုက်စေသည်။

    ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းများကို AA သိမ်းပိုက်မှု အောင်မြင်ပါက AA သည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး ဂိတ်ပေါက်များကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ထိုကိစ္စသည် မြန်မာပြည်တွင်းစစ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့မှ မချုပ်ကိုင်နိုင်သည့်သြဇာကို ဖန်တီးပေးမည်ဖြစ်သည်။

    ထိုကိစ္စသည် AA ကျောထောက်နောက်ခံပြု အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရကို ဒေသတွင်း သြဇာကြီးမားစေမည့် အပေးအယူပြုလုပ်သူ ဖြစ်စေနိုင်သည်ဟု ဒေးဗစ်က ပြောသည်။

    AA တပ်များကို ရခိုင်ပြည်နယ်ထက် ကျော်လွန်သောနေရာများတွင်လည်း ဖြန့်ကြက်ထားပြီး ယခုအခါတွင် မြန်မာနိုင်ငံမှ အကျယ်ပြန့်ဆုံး လက်နက်ကိုင်မဟာမိတ်ကို ဦးဆောင်နေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-M) က ပြောသည်။

    “မည်သည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းမှ နိုင်ငံ၏ နောက်မျိုးဆက်သစ် တိုက်ခိုက်ရေးသမားများအကြား ထိုမျှခရီးရောက်သည့် သြဇာကွန်ရက်ကို တည်ဆောက်ထားခြင်းမရှိပေ” ဟု ISP-M က ရေးသားသည်။

    သို့သော် စစ်အုပ်စုသည် နိုင်ငံ၏ အခြားဒေသမျာမှ ဆုံးရှုံးသွားသည့်ဒေသများကို ပြန်လည်သိမ်းပိုက်နေခြင်းနှင့် အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံရသည့် ရွေးကောက်ပွဲများကို ဒီဇင်ဘာလတွင် ကျင်းပရန် ပြင်ဆင်နေခြင်းနှင့်အတူ AA က တနေ့တွင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူနိုင်သလို ဆက်လက် တိုက်ခိုက်ပြီး စစ်တပ်ကို တဖွဲ့တည်း ရင်ဆိုင်ရန် အင်အားအလုံအလောက် ရှိလာနိုင်သည်။

    ထိုသို့အခြေအနေနှင့် ပတ်သက်ပြီး အထက်ပါ ULA ကိုယ်စားလှယ်က စစ်တပ်၏ အစဉ်အလာ “သွေးခွဲအုပ်ချုပ်ရေး” သေနင်္ဂဗျူဟာကို သတိထားရန် တိုက်တွန်းသည်။

    “စစ်ပွဲမှာ အတက်အဆုတ်တွေ မကြာခဏပါဝင်တယ်။ အခုအကြိမ်မှာ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ အပြောင်းအလဲကိုရရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ထိုကိုယ်စားလှယ်က ပြောသည်။

    (Al Jazeera ပါ Lorcan Lovett ၏ China, India watch as Arakan Army advances on key western frontier ကို ဘာသာပြန်သည်။)

  • ၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ

    ၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ

    ၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ နှင့် တော်လှန်ရေး အနာဂတ်အတွက် သတိပေးခေါင်းလောင်းသံ

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် မြန်မာ့နွေဦးတော်လှန်ရေး၏ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ထိုစစ်ဆင်ရေး၏ အဓိကအောင်နိုင်သူများထဲမှ တစ်ဦးအဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချက်အချာကျသော မြို့ကြီးများနှင့် နယ်မြေဒေသ အများအပြားကို လျှပ်တပြက်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းသည် TNLA ၏ စစ်ရေးစွမ်းရည်ကို သက်သေပြခဲ့သော်လည်း၊ အောင်ပွဲနှင့်အတူ ကြီးမားသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများလည်း တပါတည်း ကပ်ပါလာခဲ့သည်။

    ယနေ့အချိန်တွင် TNLA သည် အောင်ပွဲ၏အသီးအပွင့်များကို ခံစားရမည့်အစား မဟာမိတ်များနှင့် တင်းမာမှုများ၊ ဒေသခံတိုင်းရင်းသားများ၏ တုံ့ပြန်မှုများကြားတွင် တစ်ဖွဲ့တည်း အထီးကျန်သလို ဖြစ်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် အပြင်းအထန် ခုခံကာကွယ်နေရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

    ထိုအခြေအနေသည် TNLA အတွက်သာမက အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) အတွက်ပါ အဖိုးတန်သော သင်ခန်းစာများနှင့် သတိပေးချက်များကို ပေးလျက်ရှိသည်။

    အောင်ပွဲနောက်ကွယ်မှ အန္တရာယ်ရှိသော အမှားအယွင်းများ

    TNLA ၏ လက်ရှိအကျပ်အတည်းသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ၊ နယ်မြေသိမ်းပိုက်ပြီးနောက်ပိုင်း ချမှတ်ကျင့်သုံးခဲ့သော မူဝါဒများနှင့် လုပ်ဆောင်ချက်များ၏ တိုက်ရိုက်အကျိုးဆက်ပင် ဖြစ်သည်။

    မဟာမိတ်ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် ကျဉ်းမြောင်းသော နယ်မြေချဲ့ထွင်ရေးဝါဒ

    ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှုသည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ စုစည်းညီညွတ်မှုအပေါ် အခြေခံခဲ့သော်လည်း၊ TNLA သည် နယ်မြေများရရှိပြီးနောက်တွင် ထိုစိတ်ဓာတ်ကို လက်လွှတ်ခဲ့ပုံရသည်။

    ဆယ်စုနှစ်ပေါင်းများစွာ လက်တွဲတိုက်ပွဲဝင်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့၏ သမိုင်းဝင် လှုပ်ရှားနယ်မြေများဖြစ်သည့် ကွတ်ခိုင်၊ နမ္မတူ၊ မိုးမိတ် စသည့်ဒေသများတွင် အုပ်ချုပ်ရေးအာဏာကို တစ်ဦးတည်း ချုပ်ကိုင်ရန် ကြိုးပမ်းခဲ့သည်။

    ၎င်းသည် မဟာမိတ်များအကြား နယ်မြေအငြင်းပွားမှုများနှင့် စစ်ရေးတင်းမာမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ဘုံရန်သူဖြစ်သော စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ရမည့်အစား အချင်းချင်း သတိထားဆက်ဆံရသည့်အခြေအနေသို့ တွန်းပို့ခဲ့သည်။

    ထိုလုပ်ရပ်သည် တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

    တအာင်းအမျိုးသားကြီးစိုးရေးဝါဒနှင့် ဒေသခံတိုင်းရင်းသားများ၏ စိတ်ဒဏ်ရာ

    TNLA ထိန်းချုပ်လိုက်သော မြို့များတွင် ရှမ်းဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကို ဖယ်ရှားခြင်း၊ ရှမ်းအလံများကို ဖြုတ်ချပြီး တအာင်းအလံများဖြင့် အစားထိုးခြင်းကဲ့သို့သော လုပ်ရပ်များသည် “လွတ်မြောက်ရေးတပ်” တစ်ခု၏ ပုံရိပ်ထက် “နယ်မြေသိမ်းပိုက်စိုးမိုးသူ” ၏ ပုံရိပ်ကို ပိုမိုထင်ဟပ်စေခဲ့သည်။

    တအာင်းမဟုတ်သော အခြားတိုင်းရင်းသားများ၊ အထူးသဖြင့် ရှမ်းနှင့် ကချင်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကို လေးစားမှုမရှိခြင်းသည် ၎င်းတို့၏ စိတ်ထဲတွင် စိုးရိမ်မှုနှင့် မကျေနပ်မှုများကို ဖြစ်ပေါ်စေသည်။

    ဤသည်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် တော်လှန်ရေး၏ အဓိကရည်မှန်းချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

    ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အဓမ္မ စစ်သားစုဆောင်းရေး

    အောင်မြင်မှုနှင့်အတူ တပ်အင်အားတိုးချဲ့ရန် လိုအပ်သည်မှာမှန်သော်လည်း TNLA ကျင့်သုံးခဲ့သော အဓမ္မစစ်သားစုဆောင်းရေး မူဝါဒသည် ပြည်သူလူထု၏ ထောက်ခံမှုကို အကြီးအကျယ် ဆုံးရှုံးစေခဲ့သည်။

    မိုးကုတ်မြို့ကဲ့သို့သော နေရာများတွင် အသက်အရွယ်မခွဲခြားဘဲ ဖမ်းဆီးခြင်း၊ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်မှုထမ်းရန် ဖိအားပေးခြင်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် ဝေဖန်ခံခဲ့ရပြီး ဒေသခံများက ဆန္ဒပြမှုများပင် ပြုလုပ်ခဲ့ကြသည်။

    “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသော တော်လှန်ရေးဆောင်ပုဒ်နှင့် ဆန့်ကျင်ပြီး ပြည်သူကို ကြောက်ရွံ့ထိတ်လန့်စေသည့် လုပ်ရပ်သည် ရေရှည်တွင် မိမိကိုယ်ကို အားနည်းစေသည့် အဆိပ်အတောက်တစ်ခုပင် ဖြစ်သည်။

    တရုတ်နှင့် ‘ဝ’ တို့အပေါ် လွန်ကဲစွာ မှီခိုခြင်း၏ သံသရာ

    TNLA ၏ စစ်ရေးနှင့် နိုင်ငံရေး ရပ်တည်မှုသည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ လက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ၊ တရုတ်နိုင်ငံ၏ နိုင်ငံရေးအရ မီးစိမ်းပြမှုများအပေါ်တွင် ကြီးမားစွာ မှီခိုနေခဲ့သည်။ ထိုမှီခိုမှုသည် နှစ်ဖက်သွားဓားကဲ့သို့ ဖြစ်နေသည်။

    တရုတ်နိုင်ငံသည် ၎င်းတို့၏ နယ်စပ်တည်ငြိမ်ရေးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေး အကျိုးစီးပွားအတွက် ၁၀၂၇ စစ်ဆင်ရေးကို အရှိန်မြှင့်ခွင့်ပေးခဲ့သော်လည်း၊ ၎င်းတို့၏ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန် လိုအပ်သည့်အခါတွင် “ဟိုင်ဂင်သဘောတူညီချက်” ဖြင့် အပစ်အခတ်ရပ်စဲရန် ချက်ချင်းဖိအားပေးခဲ့သည်။

    တရုတ်၏ ကြားဝင်မှုဖြင့် ဖြစ်ပေါ်လာသော “ဟိုင်ဂင်သဘောတူညီချက်” သည် TNLA ၏ စစ်ရေးအရှိန်ကို ရပ်တန့်သွားစေခဲ့ပြီး သိမ်းပိုက်ထားသော နယ်မြေများကို အပြည့်အဝ မထိန်းချုပ်နိုင်မီ၊ စစ်ကောင်စီ၏ အရေးပါသော တပ်စခန်းများကို အပြီးသတ်မရှင်းလင်းနိုင်မီမှာပင် တိုက်ပွဲများကို အဆုံးသတ်စေခဲ့သည်။

    ဤသည်မှာ TNLA ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဆုံးရှုံးစေပြီး တရုတ်၏ နိုင်ငံရေးစစ်ရေး ဆုံးဖြတ်ချက် ပေါ်မှ ဇယ်ရုပ်တစ်ခုသဖွယ် ဖြစ်စေခဲ့သည်။

    မိမိတို့၏ တော်လှန်ရေးအရှိန်ကို မိမိတို့မပိုင်ဘဲ ပြင်ပအင်အားကြီး၏ အကျိုးစီးပွားအပေါ်တွင် မူတည်နေရခြင်းသည် ရေရှည်အတွက် အလွန်အန္တရာယ်ကြီးမားသော အခြေအနေဖြစ်သည်။

    လက်ရှိအကျပ်အတည်း- အထီးကျန် ခုခံစစ်

    အထက်ပါ အမှားများ၏ အကျိုးဆက်အဖြစ် TNLA သည် ယခုအခါ စစ်ရေးအရ အထီးကျန်ဖြစ်လာခဲ့သည်။

    စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်တွင် TNLA သည် တစ်ဖွဲ့တည်း ခုခံတိုက်ခိုက်နေရသည်။ အကယ်၍ KIA၊ SSPP တို့နှင့် ဆက်ဆံရေး အကောင်းပကတိအတိုင်း ရှိနေမည်ဆိုပါက စစ်ကောင်စီတပ်များသည် နေရာအများအပြားတွင် တပ်ဖြန့်ထားရမည်ဖြစ်ပြီး TNLA အပေါ် ဖိအားလျော့ကျသွားနိုင်ဖွယ်ရှိသည်။

    သို့သော် မဟာမိတ်များနှင့် ဆက်ဆံရေးယိုယွင်းနေချိန်တွင် စစ်ကောင်စီသည် ၎င်း၏တပ်များကို TNLA ထံသို့ ပိုမိုအာရုံစိုက်ပြီး ထိုးစစ်ဆင်နိုင်ခဲ့သည်။ ဤသည်မှာ နိုင်ငံရေးအမှားက စစ်မြေပြင်တွင် မည်သို့ တိုက်ရိုက်သက်ရောက်သည်ကို ပြသနေသည့် ရှင်းလင်းသော ဥပမာဖြစ်သည်။

    နယ်မြေများ ဆက်လက်မဆုံးရှုံးရေးအတွက် အသည်းအသန် ခုခံနေရခြင်းသည် TNLA အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ပြီး အင်အားနှင့် အရင်းအမြစ်များကို တဖြည်းဖြည်း တိုက်စားသွားစေနိုင်သည်။

    မှီခိုအားထားသင့်သည့် အမှန်တကယ် အင်အားစု

    တရုတ်နှင့် ‘ဝ’ တို့အပေါ် မှီခိုခြင်းသည် တခဏတာအတွက် အကျိုးရှိပုံပေါ်သော်လည်း ၎င်းတို့၏ အကျိုးစီးပွားသည် မြန်မာပြည်သူတစ်ရပ်လုံး၏ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ရည်မှန်းချက်နှင့် တစ်ထပ်တည်းကျမည် မဟုတ်ပေ။

    TNLA နှင့် အခြားတော်လှန်ရေးအဖွဲ့များ အမှန်တကယ် မှီခိုအားထားသင့်သည့် အင်အားစုမှာ အောက်ပါအတိုင်းဖြစ်သည်။

    ပြည်သူလူထု (The People)

    တော်လှန်ရေး၏ အန္တိမအာဏာပိုင်မှာ ပြည်သူလူထုဖြစ်သည်။ အဓမ္မဖိအားပေးခြင်းဖြင့်မဟုတ်ဘဲ တရားမျှတသော အုပ်ချုပ်ရေး၊ တန်းတူညီမျှသော ဝန်ဆောင်မှုပေးခြင်းတို့ဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်ရမည်။

    လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံအားလုံး၏ ထောက်ခံမှုသည် မည်သည့် ပြင်ပအင်အားကြီး၏ ထောက်ခံမှုထက်မဆို ပိုမိုခိုင်မာသည်။

    တော်လှန်ရေး မဟာမိတ်များ (Revolutionary Allies)

    TNLA ၏ အမှန်တကယ် မဟာမိတ်များသည် နယ်စပ်တစ်ဖက်မှ အင်အားကြီးနိုင်ငံမဟုတ်ဘဲ၊ တူညီသော ဘုံရန်သူကို တိုက်ပွဲဝင်နေကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) သာ ဖြစ်သည်။

    ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားကိုဘေးဖယ်ပြီး တော်လှန်ရေးတစ်ခုလုံး၏ အောင်မြင်မှုကို ရှေးရှုသော ကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ကွန်ရက်ကို တည်ဆောက်ခြင်းသည်သာ ရေရှည်ရပ်တည်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

    အခြားတော်လှန်ရေးအဖွဲ့များအတွက် မှန်တစ်ချပ်

    TNLA ၏ အတွေ့အကြုံသည် အောင်မြင်မှုရရှိလာချိန်တွင် မည်သို့သော အမှားမျိုးကိုမဆို ရှောင်ရှားသင့်သည်ကို အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အတွက် အဖိုးတန်သော သင်ခန်းစာတစ်ခုအဖြစ် ပြသနေသည်။

    စစ်ရေးအောင်မြင်မှုသည် နိုင်ငံရေးအောင်မြင်မှုမဟုတ်

    နယ်မြေသိမ်းပိုက်နိုင်ခြင်းသည် တိုက်ပွဲ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ထိုနယ်မြေကို ရေရှည်ထိန်းသိမ်းနိုင်ရန်မှာ ဒေသခံပြည်သူလူထုအားလုံး (လူမျိုးမရွေး) ၏ ထောက်ခံမှုနှင့် မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် မူတည်သည်။

    ညီညွတ်မှုသည် အဓိကလက်နက်ဖြစ်သည်

    စစ်ကောင်စီကို အဓိကအားသာသွားစေနိုင်သည့်အရာမှာ တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုမရှိခြင်းပင် ဖြစ်သည်။ မိမိတို့အချင်းချင်းကြားက နယ်မြေ၊ အာဏာနှင့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများသည် ဘုံရန်သူကိုသာ အကျိုးပြုစေသည်။

    ဖက်ဒရယ်စိတ်ဓာတ်ကို လက်တွေ့ကျင့်သုံးပါ

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ကြွေးကြော်နေသော်လည်း လက်တွေ့တွင် မိမိလူမျိုးကြီးစိုးရေးဝါဒကို ကျင့်သုံးပါက မည်သည့်အခါမျှ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်နိုင်မည်မဟုတ်ပေ။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လူမျိုးအားလုံးအတွက် လေးစားအာမခံရမည် ဖြစ်သည်။

    နိုင်ငံခြားအပေါ်မှီခိုမှု၏ အန္တရာယ်ကို သတိပြုပါ

    နိုင်ငံခြားအင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားသည် မိမိတို့ တော်လှန်ရေး၏ ရည်မှန်းချက်များနှင့် အမြဲတမ်းတစ်ထပ်တည်းကျမည် မဟုတ်ပေ။ မဟာဗျူဟာမြောက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ထိန်းသိမ်းနိုင်ရန် အရေးကြီးသည်။

    ပြုပြင်ပြောင်းလဲရေးနှင့် အနာဂတ်အတွက် လမ်းစ

    TNLA အတွက် နောက်မကျသေးပါ။ မိမိတို့၏ အမှားများကို ရဲရဲဝံ့ဝံ့ ပြန်လည်သုံးသပ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်သည်။

    KIA၊ SSPP အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ချက်ချင်းတွေ့ဆုံဆွေးနွေးပြီး နယ်မြေအငြင်းပွားမှုများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်။

    မိမိတို့ ထိန်းချုပ်နယ်မြေများတွင် တအာင်းလူမျိုးများသာမက ရှမ်း၊ ကချင်နှင့် အခြားဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်သော အုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းရမည်။

    အဓမ္မစစ်သားစုဆောင်းခြင်းကို ချက်ချင်းရပ်တန့်ပြီး ပြည်သူလူထု၏ ဆန္ဒကို လေးစားသော၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသော စနစ်တစ်ခုကို ချမှတ်ရမည်။

    TNLA ၏ လက်ရှိအခြေအနေသည် ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှုကို အရောင်မှိန်စေခဲ့ပြီး ၎င်းတို့၏ တော်လှန်ရေးခရီးကို စိန်ခေါ်မှုများစွာဖြင့် ပြည့်နှက်စေခဲ့သည်။ သို့သော် ထိုအတွေ့အကြုံသည် အဖိုးတန်သော သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။

    ပြင်ပအင်အားကြီးများအပေါ် မှီခိုအားထားမှုကို လျှော့ချပြီး မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးမဟာမိတ်များ အတွင်းအင်အားစုကို မှန်ကန်စွာ အားကိုးရပ်တည်ကာ နိုင်ငံရေးအရ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ပြီး ညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ပါက TNLA သည် ထိုအကျပ်အတည်းမှ ပြန်လည်ရုန်းထွက်နိုင်မည် ဖြစ်သည်။

    ၎င်းတို့၏ ပြုပြင်ပြောင်းလဲမှုများသည် တအာင်းတော်လှန်ရေး၏ အနာဂတ်ကိုသာမက၊ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက်ပါ အရေးပါသော စံနမူနာတစ်ရပ်အဖြစ် ကျန်ရစ်နေမည် ဖြစ်သည်။

    လောက/Karen United