အာရက္ခတပ်တော် (AA) သည် မြန်မာ၏ သေနင်္ဂဗျူဟာကျသော အနောက်ပိုင်းဒေသကို ထိန်းချုပ်ရန် နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ်သည် အရေးပါသောကာလသို့ ရောက်လာသည်။ ထိုအခြေအနေသည် မြန်မာ့ပြည်တွင်းစစ်နှင့် ဒေသတွင်း ပထဝီနိုင်ငံရေးကို ပြန်လည်ဖွင့်ဆိုနိုင်သည် အာဏာအပြောင်းအလဲဖြစ်သည်။

မြန်မာစစ်အုပ်စုသည် နိုင်ငံအတွင်းမှ နယ်မြေများကို အခြားနေရာများတွင် ပြန်လည်ရယူနေသော်လည်း AA သည် နိုင်ငံအနောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၌ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားသည်။

မြန်မာစစ်အုပ်ချုပ်သူများအပေါ် အောင်ပွဲများဖြင့် အားတက်နေသော AA သည် ပြည်နယ်မြို့တော်နှင့် အဓိကကျသည့် အိန္ဒိယဆိပ်ကမ်းစီမံကိန်းရှိရာ စစ်တွေနှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်အတွက် အဓိကျသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိပ်ကမ်းများ၊ ပင်လယ်နက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူအပါအဝင် ပြည်နယ်မှ လက်ကျန်ဒေသများကို သိမ်းပိုက်မည်ဟု ကြုံးဝါးထားသည်။

AA ၏ အဆုံးအဖြတ်ကျသော ထိုးစစ်အတွက် အလားအလာရှိသည်ဟု သုတေသီများက ပြောသည်။

သို့သော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် AA က စစ်တပ်ကို တိုက်သည့်တိုက်ပွဲသည် နက်ရှိုင်းလာနေသော လူသားချင်းစာနာမှု အကျပ်အတည်းနှင့် AA က ရခိုင်ပြည်နယ်မှ မွတ်ဆလင်အများစုပါသည့် ရိုဟင်ဂျာများကို ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ ကြီးထွားလာချိန်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

သမိုင်းအရ အာရက္ခဟုခေါ်သည့် ရခိုင်ပြည်နယ်သို့ စစ်တပ်က ကုန်စည်များကို ပိတ်ဆို့ထားခြင်းသည် ကုလသမဂ္ဂက လူ ၂ သန်းကျော် အငတ်ဘေးကျရောက်နိုင်သည်ဟု ခန့်မှန်းထားသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။ ရခိုင်ပြည်နယ် အလယ်ပိုင်းမှ မိသားစုများ၏ ၅၇ ရာခိုင်နှုန်းသည် အခြေခံ စားနပ်ရိက္ခာ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ကြောင်း ယခုလ အစောပိုင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးသောကြောင့် ဒီဇင်ဘာလက ၃၃ ရာခိုင်နှုန်းထက် များစွာပိုမိုလာသည်။

အရပ်သားထောင်ပေါင်းများစွာသည် ဝိုင်းပတ်ပိတ်ဆို့ခံနေရသည့် စစ်တွေတွင် ပိတ်မိနေပြီး ယခုအခါ စစ်တွေသို့ လေကြောင်းနှင့် ရေကြောင်းဖြင့်သာ သွားရောက်နိုင်တော့သည်။

မိုးထိအောင် မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကို ဒေသခံများက ပြောပြသည်။ ဒေါ်လာနှင့်တွက်လျှင် ယခင်က ၂ ဒေါ်လာသာပေးရသော ဝက်သားသည် ယခု ၁၃ ဒေါ်လာအထိ ရှိနေသည်။ သေကြောင်းကြံသည့် မျှော်လင့်ချက်ကင်းမဲ့နေသူများ၊ တောင်းရမ်းစားသောက်ရသည့် မိသားစုများ၊ လိင်လုပ်ငန်း ကြီးထွားလာခြင်းနှင့် တရားဥပဒေစိုးမိုးမှု ပြိုလဲသောကြောင့် နေ့ခင်းကြောင်တောင် ခိုးယူများဖြစ်ခြင်းစသည့် သတင်းများကို ဒေသခံမီဒီယာများက ဖော်ပြကြသည်။

မကြာသေးမီက လေယာဉ်ဖြင့် ထွက်ခွာလာသည့် ဒေသခံတဦးက စစ်တွေတွင် ကြီးထွားနေသော ရာဇဝတ်မှု အန္တရာယ်အကြောင်း ပြောပြသည်။

“သူတို့က လူဆိုးဂိုဏ်တွေလိုဘဲ အိမ်တွေကို နေ့ခင်းကြောင်တောင် ဖောက်ကြတယ်။ ပရိဘောဂတောင်မှ ယူကြတယ်” ဟု ၎င်းကပြောသည်

စစ်တွေတွင် စစ်တပ်နှင့်ပတ်သက်သည့် လက်နက်ကိုင်အုပ်စုတခုဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) က ဒေသခံပြည်သူများ၏ စကားပြောဆိုမှုများကို စောင့်ကြည့်နေပြီး ထိုတပ်များက နေအိမ်များကို ဝင်ရောက်စီးနင်းကာ AA ကို ထောက်ခံသည့် ဆေးမင်ကြောင်ထိုးထားသော ဒေသခံများကို စစ်ဆေးရှာဖွေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တခုက ပြောသည်။

“အခြေအနေကို ကြိုတင်ခန့်မှန်းလို့ မရဘူး။ နောက် ဘာဆက်ဖြစ်မယ်ဆိုတာ ကျနော်တို့ မခန့်မှန်းနိုင်ဘူး” ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။

AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA) မှ ကိုယ်စားလှယ်တဦးက စစ်တွေကို စစ်အုပ်ချုပ်ရေး၏ ရှင်းလင်းပြတ်သားသော ဥပမာအဖြစ် ရည်ညွှန်းပြီး စစ်အုပ်စုခေါင်းဆောင်များသည် ရခိုင်ပြည်နယ်ကို သိမ်းပိုက်နယ်မြေအဖြစ် ယူဆနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ပြောသည်။

မြင့်မားလာနေသော အရပ်သားထိခိုက်သေဆုံးမှုများ

ရခိုင်ပြည်နယ်တဝန်းတွင် AA က အောင်ပွဲများ ဆက်လက်ရရှိနေသောကြောင့် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအားကိုးလာပြီး ထိုနည်းလမ်းသည် စစ်ဗိုလ်ချုပ်များ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် အသုံးပြုနေသည့် နည်းဗျူဟာဖြစ်သည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၅ ခုနှစ် နှစ်လယ်အထိ ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၉၆ ဦး အပါအဝင် အရပ်သား ၄၀၂ ဦး သေဆုံးကြောင်း၊ အခြား အရပ်သား ၂၆ ဦးတို့သည် အမြောက်ဒဏ်၊ မြေမြှုပ်မိုင်းနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းတို့ကြောင့် ယခုနှစ်အတွင်း သေဆုံးကြောင်း ULA က ပြောသည်။

အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် စစ်ရေးရလဒ်များ မရနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လူ ၈ သောင်းကျော် သတ်ဖြတ်ခံရသည့်နိုင်ငံတွင် ထိုနည်းဗျူဟာသည် အကြမ်းဖက်မှုသာဖြစ်ကြောင်း ULA ကိုယ်စားလှယ်တဦးက ပြောသည်။

ဆိုးရွာလာနေသော ပဋိပက္ခအလယ်တွင် AA နှင့် မြန်မာစစ်တပ် နှစ်ဖက်လုံးတို့သည် ၎င်းတို့တပ်များကို အင်အားဖြည့်တင်းရန် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို အကောင်အထည်ဖော်ကြသည်။

AA သည် မေလမှစတင်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အမျိုးသမီးများကို စစ်သားစုဆောင်းပြီး ထိုလုပ်ရပ်ကို “အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ” ဟု ခေါ်ပြီး စစ်တပ်ဘက်ကလည်း အတင်းအကျပ်စစ်သားစုဆောင်းသည့် ၁၆ လအတွင်း အမျိုးသား ၇ သောင်းခန့်ကို အင်အားဖြည့်တင်းထားသည်။

ရခိုင်ပြည်နယ်သည် လူမျိုးစု အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြီး ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွဲမှုအတွင်း အရက်စက်အကြမ်းကြုတ်ဆုံး ခံရသည်။ ထိုဖြိုခွဲမှုတွင် ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရပြီး ထိုစဉ်က ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု သံသယဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ရှေ့မှောက်သို့ ရောက်နေသည်။

ရိုဟင်ဂျာ ၁ သန်းကျော်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှ ဒုက္ခသည်စခန်းများတွင် ဆက်လက်ရှိနေပြီး လွန်ခဲ့သော ၁၈ လအတွင်း လူသစ် ၁၅၀,၀၀၀ ရောက်လာသည်ဟု ကုလသမဂ္ဂက ပြောသည်။

AA သည် လွန်ခဲ့သောနှစ်က လူ ၆၀၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း အပါအဝင် ရခိုင်တွင် ဆက်လက်ရှိနေသည့် ရိုဟင်ဂျာအရပ်သားများကို လူ့အခွင့်ရေးချိုးဖောက်သည်ဟု သတင်းတချို့က ဖော်ပြကြသော်လည်း ထိုစွပ်စွဲချက်များကို AA က ငြင်းဆန်ကာ လူသေအကြွင်းအကျန်များသည် စစ်ပွဲတွင်သေဆုံးသည့် စစ်အုပ်စု စစ်သားများ၏ အကြွင်းအကျန်များ ဖြစ်သည်ဟု ပြောသည်။

ရခိုင်ရှိ ထိန်းချုပ်ဒေသများမှ မွတ်ဆလင် ဒေသခံများသည် မကြာသေးမီက အခြားမည်သည့် သမိုင်းခေတ်ထက်မဆို ပိုမိုကောင်းမွန်သည့် ဘဝကို ရရှိနေကြောင်း ULA က ဆိုသည်။

စစ်အုပ်စုကဲ့သို့ပင် ULA သည် ရခိုင်ပြည်နယ်မှ ဌာနေတိုင်းရင်းသား မဟုတ်သည့် လူမှုအသိုက်အဝန်း ဖြစ်သည်ဆိုသည့် သဘောဖြင့် “ရိုဟင်ဂျာ” ဆိုသည့် စကားလုံးကို ရှောင်ရှားသည်။

ရှုပ်ထွေးနေပြီးဖြစ်သော အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ AA ကို တိုက်ခိုက်ရန်အတွက် ရိုဟင်ဂျာအသိုက်အဝန်းကို စစ်အုပ်စုက လက်နက်တပ်ဆင်ပေးခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် မြန်မာစစ်တပ်က ရိုဟင်ဂျာလူမှုအသိုက်အဝန်းကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ပြီးနောက် ထူးခြားသည့် ဆန့်ကျင်ဘက် အပြောင်းအလဲဖြစ်သည်။

ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် AA ကိုဆန့်ကျင်ရန် ဘင်္ဂလားဒေ့ရှ်မှ စခန်းများရှိ ဒုက္ခသည်များကို စည်းရုံးရန် ဘာသာရေးကို အသုံးချနေကြာင်း နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) က သတိပေးသည်။

သို့သော် AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာပုန်ကန်မှုသည် အောင်မြင်မည့်အလားအလာ မရှိကြောင်း ICG အစီရင်ခံစာများက ဖော်ပြပြီး ထိုကိစ္စသည် မြန်မာတွင် ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓာတ်များကိုလည်း မြင့်မားစေနိုင်ကာ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ နေရပ်ပြန်ပို့ရေး အလားအလာကိုလည်း ထိခိုက်စေသည်ဟု ဆက်လက်ဖော်ပြသည်။

တင်းမာမှုများသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း တအုံနွေးနွေးဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ်တခုလုံးကို ထိန်းချုပ်ထားသည့် AA အနေဖြင့် ဒုက္ခသည်များကို ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် လက်ခံစေလိုသည်။

ဘင်္ဂလားဒေ့ရှ်သည် အာရက္ခတပ်များကို ဖိအားပေးရန်အတွက် လက်နက်ကိုင် ရိုဟင်ဂျာအုပ်စုများကို ထောက်ခံနေသည်ဟု ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်နယ်မှ ခွဲထွက်ဇုန်တခုကို ထောက်ခံပြီး ပြည်နယ်အတွက် ၎င်း၏ နယ်မြေပိုင်နက် ရည်မှန်းချက်များအား ခြိမ်းခြောက်မည်ကို AA က စိုးရိမ်သည်။

တရုတ်တည်ဆောက်သော ဆိပ်ကမ်းအတွက် တိုက်ပွဲ

စစ်တွေမြို့တောင်ဘက်တွင် တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည့် မြန်မာကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုနှင့် ရေနက်ဆိပ်ကမ်းတခုဖြင့် ဆက်သွယ်ပေးသည့် ကမ်းရိုးတန်း အချက်အချာ ကျောက်ဖြူအတွက် အဆုံးအဖြတ်ကျသောတိုက်ပွဲ နီးကပ်လာနေသည်။

AA သည် စက်တင်ဘာလနှင့် အောက်တိုဘာလအကြားတွင် စစ်တပ်လေယာဉ်များ၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် မုန်တိုင်းထန်သည့် ကောင်းကင်များကို အကာအကွယ်အဖြစ် အသုံးပြုပြီး မုတ်သုန်ရာသီထိုးစစ်ဆင်ကာ ကျောက်ဖြူကို သိမ်းပိုက်နိုင်သည့် အလားအလာကို ပိုမိုမြင့်မားစေမည်ဟု ကာကွယ်ရေးစာစောင် Janes ၏ ဘန်ကောက်အခြေစိုက် သုတေသီ အန်ထော်နီ ဒေးဗစ်က ကြိုတင်ခန့်မှန်းသည်။

AA က ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်ထားသည့် ခဲယမ်းများသည် ၂၀၂၆ ခုနှစ်သို့ရောက်သောအခါ တစတစကုန်ခန်းနိုင်ပြီး တရုတ်ကလည်း AA အသုံးပြုသည့် လက်နက်ထောက်ပံ့မှု မြန်မာနိုင်ငံမြောက်ပိုင်းမှ စီးဆင်းခြင်းကို တရုတ်ဖိအားက ကန့်သတ်နိုင်သည်ဟု ဒေးဗစ်က ပြောသည်။ ထိုအချက်များသည် AA ၏ လက်ရှိတိုက်ခိုက်မှုကို အမြန်ဆုံးလုပ်ရန် လိုအပ်စေသည့် အချက်များဖြစ်သည်။

စစ်အုပ်စုတပ်ဖွဲ့ဝင် ၃,၀၀၀ သည် ဂျက်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်ပစ်အားဖြင့် ကျောက်ဖြူကို ကာကွယ်နေသည်ဟု သူက ခန့်မှန်းသည်။

စစ်သားစုဆောင်းမှုအပြီး အင်အားအနည်းဆုံး ၄ သောင်းရှိပြီး မြန်မာတွင် အင်အားကြီးမားဆုံး လူမျိုးစုတပ် ဖြစ်လာသည့် AA သည် ကျောက်ဖြူကို တိုက်ရန် အင်းအား ၁ သောင်း သုံးနိုင်သည်ဟု ဒေးဗစ်က ပြောသည်။

AA သည် ပြည်တွင်းစစ်တွင် အကျိုးဆက်အများဆုံးနှင့် အကုန်အကျအများဆုံး ထိုးစစ်များအနက်တခုအဖြစ် ထိုဆိပ်ကမ်းကို သိမ်းပိုက်ရန် အလားအလာ အလွန်များကြောင်း AA ၏ အတိတ်က အောင်မြင်မှုများကို အခြေခံပြီး ဒေးဗစ်က ယူဆသည်။

တရုတ်လုံခြုံရေးဝန်ထမ်း ၅၀ ခန့်သည် ကျောက်ဖြူတွင် ဆက်လက်ရှိနေကြောင်း ဒေးဗစ်က တရုတ်လုပ်ငန်းရင်းမြစ်များကို ကိုးကားဖော်ပြသည်။ AA က ထိုဆိပ်ကမ်းကို ကာကွယ်နိုင်သမျှကာလပတ်လုံး သိမ်းပိုက်နိုင်သည်ကို တရုတ်က လက်ခံထားသည်ဟု သူက ယူဆသည်။

သို့သော် တရုတ်သည် မကြာသေးမီလများအတွင်း မြန်မာစစ်အုပ်ချုပ်သူများကို ထောက်ခံမှု အရှိန်မြှင့်တင်နေသည်။

ကျောက်ဖြူသည် AA အတွက် “အထိမခံနိုင်သည့်ဒေသ” ဖြစ်ကြောင်း အထက်ပါ ULA ကိုယ်စားလှယ်က ပြောသည်။ ထိုဒေသတွင် AA သည် အင်အားကို လိုအပ်သော အနည်းဆုံးအရေအတွက်သာ သုံးနေပြီး နိုင်ငံအားလုံးမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ထမ်းများကို ကာကွယ်သည့် ခိုင်မာသော မူဝါဒကို ဆက်လက် ထိန်းသိမ်းထားသည်။

AA အနေဖြင့် တရုတ်နှင့် အပြုသဘောဆက်ဆံရေး ပျိုးထောင်ရန် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ULA ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

ကျယ်ပြန့်လာသော စစ်ပွဲ

အိန္ဒိယသည်လည်း ကုလားတန် သယ်ယူပို့ဆောင်ရေးစီမံကိန်းဖြင့် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများရှိသည်။ ထိုစီမံကိန်းသည် အိန္ဒိယ၏ အစွန်အဖျား အရှေ့မြောက်ဒေသများကို ဘင်္ဂလားပင်လယ်အော်သို့ အိန္ဒိယ တည်ဆောက်သည့် စစ်တွေဆိပ်ကမ်းနှင့် AA ထိန်းချုပ်ဒေသများမှတဆင့် ဆက်သွယ်ရန် ရည်ရွယ်သည်။

ထိုစင်္ကြံသည် အိန္ဒိအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်ရန်မလိုဘဲ အိန္ဒိယနှင့် မြန်မာကို တိုက်ရိုက်ကုန်သွယ်ရေး အခြားလမ်းကြောင်းတခု ရစေသည်။

ထိုဆိပ်ကမ်း၊ လမ်းနှင့် မြစ်ကွန်ရက်ကို ထိန်းချုပ်ခြင်းသည် AA အနေဖြင့် အိန္ဒိယကုန်သွယ်ရေးကို အခွန်ကောက်ခွင့်ရပြီး ၎င်း၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်စေကာ မြန်မာစစ်အုပ်စု၏ အိန္ဒိယနှင့်ဆက်ဆံရေးကို ထိခိုက်စေသည်။

ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းများကို AA သိမ်းပိုက်မှု အောင်မြင်ပါက AA သည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး ဂိတ်ပေါက်များကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ထိုကိစ္စသည် မြန်မာပြည်တွင်းစစ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့မှ မချုပ်ကိုင်နိုင်သည့်သြဇာကို ဖန်တီးပေးမည်ဖြစ်သည်။

ထိုကိစ္စသည် AA ကျောထောက်နောက်ခံပြု အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရကို ဒေသတွင်း သြဇာကြီးမားစေမည့် အပေးအယူပြုလုပ်သူ ဖြစ်စေနိုင်သည်ဟု ဒေးဗစ်က ပြောသည်။

AA တပ်များကို ရခိုင်ပြည်နယ်ထက် ကျော်လွန်သောနေရာများတွင်လည်း ဖြန့်ကြက်ထားပြီး ယခုအခါတွင် မြန်မာနိုင်ငံမှ အကျယ်ပြန့်ဆုံး လက်နက်ကိုင်မဟာမိတ်ကို ဦးဆောင်နေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-M) က ပြောသည်။

“မည်သည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းမှ နိုင်ငံ၏ နောက်မျိုးဆက်သစ် တိုက်ခိုက်ရေးသမားများအကြား ထိုမျှခရီးရောက်သည့် သြဇာကွန်ရက်ကို တည်ဆောက်ထားခြင်းမရှိပေ” ဟု ISP-M က ရေးသားသည်။

သို့သော် စစ်အုပ်စုသည် နိုင်ငံ၏ အခြားဒေသမျာမှ ဆုံးရှုံးသွားသည့်ဒေသများကို ပြန်လည်သိမ်းပိုက်နေခြင်းနှင့် အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံရသည့် ရွေးကောက်ပွဲများကို ဒီဇင်ဘာလတွင် ကျင်းပရန် ပြင်ဆင်နေခြင်းနှင့်အတူ AA က တနေ့တွင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူနိုင်သလို ဆက်လက် တိုက်ခိုက်ပြီး စစ်တပ်ကို တဖွဲ့တည်း ရင်ဆိုင်ရန် အင်အားအလုံအလောက် ရှိလာနိုင်သည်။

ထိုသို့အခြေအနေနှင့် ပတ်သက်ပြီး အထက်ပါ ULA ကိုယ်စားလှယ်က စစ်တပ်၏ အစဉ်အလာ “သွေးခွဲအုပ်ချုပ်ရေး” သေနင်္ဂဗျူဟာကို သတိထားရန် တိုက်တွန်းသည်။

“စစ်ပွဲမှာ အတက်အဆုတ်တွေ မကြာခဏပါဝင်တယ်။ အခုအကြိမ်မှာ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ အပြောင်းအလဲကိုရရှိမယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ထိုကိုယ်စားလှယ်က ပြောသည်။

(Al Jazeera ပါ Lorcan Lovett ၏ China, India watch as Arakan Army advances on key western frontier ကို ဘာသာပြန်သည်။)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *