Category: News

  • လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

    လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

    တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။

    မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    သို့သော် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် သျှမ်းပြည်အတွင်း အီးစီးကရက်သုံးစွဲမှု လျော့နည်း သွားခြင်းမရှိသည့်အပြင် “Happy Water” နှင့်ဆင်တူ စိတ်ကြွဆေးပစ္စည်းတမျိုးဖြစ်သည့် “Happy Pod”များသည် လူငယ်များကြား တွင်ကျယ်စွာ အသုံးပြုလာကြောင်း အသက် ၂၀ ဝန်းကျင် အရွယ်ရှိ Happy Pod သုံးစွဲဖူးသည့် လူငယ်တစ်ဦးက ပြောသည်။

    “Happy pod က ရိုးရိုး‌သောက်နေကြ အီးစီးကရက်တွေနဲ့တော့မတူဘူး။ ပြင်းလည်းပိုပြင်းတယ် ကွာတယ်။ Happy Pod က စွဲလည်း စွဲတယ်။ တခုကို ၂ သိန်းအထက်ကနေစပြီးရောင်းတာ။ ဈေးလည်း ကြီးတယ်။ ရိုးရိုး အီးစီးကရက်တွေကပုံမှန် ဆိုပေမယ့် ဒီ Happy pod က သောက်လိုက်ရင် Happy Water ထက် နည်းနည်းဆိုးတယ်”ဟု ၎င်းလူငယ်ကဆိုသည်။

    Happy Pod တွင် MDMA (Ecstasy)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ ပါဝင်ပြီး အရည်ပုံစံဖြစ်သောကြောင့် အီးစီးကရက်မှတဆင့် လွယ်ကူစွာ ရှူရှိူက်သုံးစွဲနိုင်သော စိတ်ကြွဆေး တစ်မျိုးဖြစ်သည်။

    လက်ရှိ ရှမ်းပြည်တောင်ပိုင်း နှင့် ရှမ်းပြည် အရှေ့ပိုင်းရှိ ဘားများ၊ KTVများနှင့် ကလပ်များတွင် Happy Pod နှင့် Weed Podများကို လူငယ်များအကြား ပုံမှန်သုံးစွဲနေကြပြီး အချို့လူငယ်များသည် အဆိုပါ Happy Pod နှင့် Weed Pod တို့ကို စွဲလမ်းမှုရှိကြောင်း အသက်၂၀ ဝန်းကျင်ရှိ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

    “တာချီလိတ်က KTV မှာအလုပ်လုပ်တဲ့ အသိတစ်ယောက် အဲ့ Happy Podသုံးပြီး စွဲနေတယ်။ မသောက်ရရင် မနေနိုင်သလိုဖြစ်တယ်လို့လည်း သူပြောပြတယ်။ တခြားအီးစီးကရက်တွေ ထပ်တော့ ပိုဖြတ်ရခက်မယ်နဲ့ တူတယ်။”ဟု ၎င်းကပြောသည်။

    ထို့အပြင် Vape နှင့် Pod ကို တားမြစ်ထုတ်ကုန်အဖြစ်သတ်မှတ်ထားသော်လည်း လက်တွေ့တွင် အရေးယူခြင်းမရှိသည့်အပြင် အီးစီးကရက် နှင့် ဆက်စပ်သည့် ပစ္စည်းများကို အွန်လိုင်းမှတဆင့် ဆက်လက် ရောင်းဝယ်နေကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် အသုံးပြုနေသော Vape၊ Pod နှင့် အီးစီးကရက်များသည် တရုတ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်ပြီး၊ Happ Pod နှင့် Weed Pod များသည် တရုတ်နိုင်ငံမှ ထုတ်ကုန်များဖြစ်ကြောင်း သိရသည်။

    စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်အတွင်းရှိ KTVများ၊ ဘားများနှင့် ကလပ်များတွင် Happy water၊ Ketamine (K)နှင့် Ecstasy (E) စသည့် မူးယစ်ဆေးများ ယခင်ကထက် ပိုရေပန်းစားလာပြီး လွယ်ကူစွာ ဝယ်ယူသုံးစွဲလာကာ မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

  • ဖုံးထားတဲ့ အကြွေးကိစ္စတွေပေါ်လာတဲ့ မန္တလေး လွှတ်တော်ကိုယ်စားလှယ်

    ဖုံးထားတဲ့ အကြွေးကိစ္စတွေပေါ်လာတဲ့ မန္တလေး လွှတ်တော်ကိုယ်စားလှယ်

    ဖုံးထားတဲ့ အကြွေးကိစ္စတွေပေါ်လာတဲ့ မန္တလေး လွှတ်တော်ကိုယ်စားလှယ်

    မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှ ကိုယ်စားလှယ်လောင်း ဦးဝင်းဖေမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – USDP) သည် ကြွေးမြီမကင်းရှင်းဘဲ တရားရုံးတွင် အမှုရင်ဆိုင်နေရသဖြင့် အရည်အချင်း ပျက်ယွင်းကြောင်း

    ခိုင်လုံသည့် သက်သေခံအထောက်အထားများဖြင့် ကန့်ကွက်ခဲ့သော်လည်း နေပြည်တော်အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အဆိုပါကန့်ကွက်မှုကို ပယ်ချလိုက်ကြောင်း သိရသည်။

    ကြံ့ခိုင်ရေးပါတီ (USDP) မှ ကိုယ်စားလှယ်လောင်း ဦးဝင်းဖေမောင်သည် ဧရာဝတီဘဏ်နှင့် CB Bank တို့တွင် မော်တော်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ ကျန်ရှိနေသော ချေးငွေအရင်းနှင့် အတိုးပေါင်း သိန်းထောင်ချီကို ပေးဆပ်ရန် ပျက်ကွက်ခဲ့သဖြင့်

    မဟာအောင်မြေခရိုင်တရားရုံးတွင် တရားမမှုအမှတ် ၁၁၃၃ (၂၀၂၂ ခုနှစ်) နှင့် အမှတ် ၇၅ (၂၀၂၃ ခုနှစ်) တို့ဖြင့် အမှုရင်ဆိုင်နေရသူဖြစ်သည်။

    ယင်းအထောက်အထားများအရ ဦးဝင်းဖေမောင်သည် “ကြွေးမြီမကင်းရှင်းသူ” ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မညီညွတ်ကြောင်း ဦးကျော်မျိုးရွှေ က UEC ထံ တရားဝင် ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

    သို့ရာတွင် ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်စွဲပါ UEC ၏ အကြောင်းပြန်စာတွင် အဆိုပါကန့်ကွက်မှုအား ဆွေးနွေးခဲ့ပြီးနောက် တင်ပြချက်များသည် တရားရုံးလုပ်ငန်းစဉ်အရ ဆောင်ရွက်ဆဲ ဖြစ်ခြင်းနှင့် အထောက်အထား ခိုင်လုံမှုမရှိခြင်းဟူသော အကြောင်းပြချက်များဖြင့် ကန့်ကွက်လွှာကို ပယ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

    ခိုင်လုံသည့် တရားရုံး စီရင်ချက်နှင့် အမှုတွဲမှတ်တမ်းများ ရှိနေပါလျက် UEC က အထောက်အထား မလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်းအပေါ် ကန့်ကွက်သူ ဦးကျော်မျိုးရွှေနှင့် နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း စိတ်ပျက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

    ဤဖြစ်စဉ်သည် နေပြည်တော်အစိုးရ လက်အောက်ခံ UEC ၏ ဘက်လိုက်မှုနှင့် ကိုယ်စားလှယ်လောင်း စိစစ်မှုစံနှုန်းများအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

  • ရန်ကုန်တွင် သုံးရေတစည်ကို ငွေကျပ် ၆,၀၀၀ ပေးဝယ်နေရ

    ရန်ကုန်တွင် သုံးရေတစည်ကို ငွေကျပ် ၆,၀၀၀ ပေးဝယ်နေရ

    ရန်ကုန်မြို့ကို ရေအဓိကဖြန့်ဖြူးပေးနေတဲ့ ဂျိုးဖြူကန်က ရေအလုံအလောက်မရတဲ့အတွက် သုံးဖို့ရေကို ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ရန်ကုန်က ရေကစားမဏ္ဍပ်တွေကို ဂျိုးဖြူက ရေဖြန့်ဖြူးပေးခဲ့ပြီး လူနေတိုက်ခန်းတွေကို ရေမပေးတဲ့အတွက်လည်း ၅ ရက်လောက် သုံးရေပြတ်သွားခဲ့ဖူးပါတယ်။

    သင်္ကြန်ပြီးကတည်းက ဂျိုးဖြူကန်က ၂ ရက်ကို ရေတကြိမ်သာ ပေးတဲ့အတွက် သုံးရေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ရေလာတဲ့အခါ မီးမလာတဲ့အတွက် ရေမတင်လိုက်ရလို့ ကိုယ့်တိုက်ခန်းက ရေမရလိုက်တာတွေလည်း ရှိသလို တိုက်ခန်းအားလုံးက တပြိုင်တည်း ရေတင်ကြတာကြောင့် သုံးရေအလုံအလောက် မရရှိကြဘူးလို့ ဆိုပါတယ်။

    ဒါကြောင့် အဝီစိရေတွင်းရှိတဲ့ တိုက်တွေကလွဲလို့ ရန်ကုန်မြို့ခံအများစုက ရေဝယ်သုံးနေရပါတယ်။

    ဒေါပုံမြို့နယ်မှာတော့ အဝီစိတွင်းရှိတဲ့သူတွေက ပြန်လည်ရောင်းချတဲ့ရေကို ရေစည်တစည် ငွေကျပ် ၆,၀၀၀ ပေးပြီးဝယ်သုံးနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

    ဒေါပုံမြို့နယ်မှာ‌ နေထိုင်သူ တယောက်က “ဂျိုးဖြူရေက မရဘူးလေ၊ ခုလည်း ၂ ရက်ခြား တခါလောက်ပဲ လာတာ။ ဒါတောင် ခဏပဲ၊ လာတဲ့အချိန်လေး ဝိုင်းရေတင်ကြတော့ အပြည့်အဝမရကြဘူး။ ရေဝယ်သုံးတော့လည်း တစည်ကို ၆,၀၀၀ တဲ့။ ရေပေးတဲ့အချိန်ကလည်း ည ၁၂ နာရီ၊ ၁ နာရီ အဲဒီအချိန်လောက်မှပေးတာ၊ အဲဒီအချိန်ထ တင်ကြတာ၊ လမ်းထဲဆူညံလို့။ မနက်ဆို အိပ်ရေးတွေ ပျက်ကြပေါ့။ အိမ်မှာ လူခွဲမရှိတဲ့သူတွေကတော့ ညနေ အလုပ်က ပြန်လာမှ ဝယ်ရတာပေါ့။ ရောင်းတဲ့သူက တွန်းလှည်းနဲ့လာပို့ပေးတယ်” လို့ ပြောပါတယ်။

    အထပ်မြင့်တိုက်တွေမှာ နေထိုင်ကြသူတွေကတော့ ဝယ်ထားတဲ့ရေကို ကိုယ် နေထိုင်တဲ့ တိုက်ရဲ့ ရေကန်ထဲ ထည့်ပြီး မီးလာမှ ကိုယ့်အခန်းကို ရေတင်ကြရတယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့မှာ နေထိုင်သူတွေဟာ ဝင်ငွေမလုံလောက်တဲ့ကြားက သုံးရေအတွက် ငွေပိုသုံးနေရလို့ စားဝတ်နေရေး ပိုကျပ်တည်းနေတယ်လို့ ပြောကြပါတယ်။

    စက်သုံးဆီ ရှားပါးပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ သုံးရေ ဝယ်သုံးနေရရုံတင်မကဘဲ သောက်ရေပုံး တပုံးရဲ့ တန်ဖိုးဟာလည်း ငွေကျပ် ၁၅၀၀ ကနေ ၂၇၀၀ အထိ မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

  • ပါရာစီတမောနှင့် ဒိုင်ကလိုဖန်းနက် ရောနှောထားသည့် မြန်မာ့တိုင်းရင်းဆေး ၆ မျိုး သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်

    ပါရာစီတမောနှင့် ဒိုင်ကလိုဖန်းနက် ရောနှောထားသည့် မြန်မာ့တိုင်းရင်းဆေး ၆ မျိုး သုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်

    အင်္ဂလိပ်ဆေးဝါးများဖြစ်သော ပါရာစီတမောနှင့် ဒိုင်ကလိုဖန်းနက် တို့ကို ခွင့်ပြုချက်မရှိဘဲ ရောနှော ဖော်စပ်ထားသည့် မြန်မာ့တိုင်းရင်းဆေးဝါး ခြောက် မျိုးကို သုံးစွဲရန် မသင့်လျော်ကြောင်း ရွေးတုအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၉ တွင် ထုတ်ပြန်သည်။

    ရန်ကုန်မြို့တွင် ထုတ်လုပ်သည့် အဆစ်အမြစ်နာ၊ ဒူးနာ၊ ခါးနာ ပျောက်ဆေးများနှင့် ဆေးမှုန့်များဖြစ်သော

    ၁။ ကာယသုခ ဆရာကြီးဖိုးဘစံ၊ ၂။ ငွေနတ်သား၊ ၃။ သစ္စာရှင်၊ ၄။ မေတ္တာရှင်၊ ၅။ ရွှေဆေးနှင့် ၆။ ရွှေဟင်္သာ

    တို့တွင် ပါရာစီတမောနှင့် ခိုင်ကလိုဖန်းနက်များရောနှောထားသည်ကိုတွေ့ရှိပြီး သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်သည်။

    အဆိုပါ တိုင်းရင်းဆေးဝါးအချို့သည် မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း အမှန် တကယ် ဖော်စပ်ရာတွင် မှတ်ပုံတင်စဉ်က တင်ပြထားသည့် ဆေးဖော်စပ်နည်းအတိုင်းမဟုတ်ဘဲ အင်္ဂလိပ်ဆေးများကို ထည့်သွင်းထားခြင်း ဖြစ်သည်။

    ထို့ပြင် “ဝိဇ္ဇာအောင်တိုင်း” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေးမှုန့်သည် တိုင်းရင်း ဆေးဝါး မှတ်ပုံတင်ထားခြင်းပင် မရှိကြောင်း သိရသည်။

    ထို့ကြောင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသူများနှင့် ဆေးဆိုင်များအနေဖြင့် စံချိန်မမီသော ဆေးဝါးများကို မပြုလုပ်ရန်နှင့် မရောင်းချရန် တားမြစ်ထားပြီး လိုက်နာခြင်းမရှိပါက တိုင်းရင်းဆေးဝါး ဥပဒေ ပုဒ်မ ၃၁၊ ၃၂ တို့ဖြင့် တရားစွဲဆို အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုနှင့် သွင်းကုန်လိုင်စင် ကန့်သတ်ချက်များကြောင့် ပြည်ပမှ တင်သွင်းရသော အခြေခံဆေးဝါးများ (အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် ကင်ဆာ ဆေးများ) မှာ ဈေးကွက်အတွင်း ရှာဖွေရ ခက်ခဲနေသည့်အပြင် ဈေးနှုန်းများမှာလည်း မူလထက် နှစ် ဆမှ ငါး ဆအထိ မြင့်တက်လျက် ရှိသည်။

    ထို့ပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှုနှင့် ပြည်တွင်းစစ်ရေး ပဋိပက္ခများကြောင့် ဆေးဝါးသယ်ယူပို့ဆောင်ရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး မှောင်ခိုဈေးကွက်မှတစ်ဆင့် ဝင်ရောက် လာသော အရည်အသွေးမမီသည့် ဆေးဝါးတုများ၏ ဘေးအန္တရာယ်ကိုလည်း ပြည်သူများ ရင်ဆိုင်နေရသည်။

    ပြည့်သူ့ဆေးရုံအချို့တွင် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ လုံလောက်မှု မရှိတော့ခြင်းကြောင့် လူနာများသည် ပြင်ပဆေးဆိုင်များ၌ အဆမတန် ဈေးကြီးပေး၍ ဝယ်ယူနေရပြီး ပြည်တွင်းဖြစ် ဆေးဝါးများမှာလည်း ကုန်ကြမ်းရှားပါးမှုကြောင့် ထုတ်လုပ်မှု လျော့နည်းခြင်းနှင့် ဈေးနှုန်းမြင့်တက် ခြင်းတို့ကို ရင်ဆိုင်နေရကြောင်း သိရသည်။

    ဓာတ်ပုံ – MOI

  • မြောင်းမြမြို့နယ်တွင် (၁၂) နှစ်အရွယ် ကျောင်းသူလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

    မြောင်းမြမြို့နယ်တွင် (၁၂) နှစ်အရွယ် ကျောင်းသူလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

    ကျူးလွန်သူအား ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရမိ

    ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာတွင် အသက် (၁၂) နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အမျိုးသားတစ်ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မသင်္ကာဖွယ်ရာ ကိစ္စရပ်အား စတင်သိရှိခဲ့သူမှာ ကျူးလွန်ခံရသူ၏ မိခင်ဖြစ်သူ ဒေါ်ဇင်ဇင်မော် ဖြစ်သည်။ သမီးဖြစ်သူမှာ ဓမ္မတာ နှစ်လခန့် ပြတ်တောက်နေသဖြင့် မိခင်ဖြစ်သူမှ မသင်္ကာဖြစ်ကာ အဒေါ်ဖြစ်သူ၏ နေအိမ်တွင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

    မိခင်ဖြစ်သူမှ သမီးအား မေးမြန်းရာတွင် တစ်ရွာတည်းနေ ဦးလေးဝမ်းကွဲတော်စပ်သူ လင်းနိုင်ဦး (၄၀နှစ်) မှ နေအိမ်တွင် လူမရှိခိုက် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျူးလွန်ခံရသူ သမီးငယ်လေးမှာ နေအိမ်တွင် ခေါင်းကိုက်သဖြင့် တစ်ဦးတည်း အိပ်စက်နေစဉ် လင်းနိုင်ဦးက အိမ်ပေါ်သို့တက်ကာ ပါးစပ်ကို ပိတ်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ” နင့်အမေကို ပြန်ပြောရင် သတ်ပစ်မည်” ဟု ခြိမ်းခြောက်ခဲ့သဖြင့် ကလေးငယ်မှာ ကြောက်လန့်ကာ ထုတ်ဖော်မပြောရဲဘဲ ရှိခဲ့ကြောင်း သိရသည်။

    ထို့နောက် မိခင်ဖြစ်သူ ဈေးရောင်းထွက်ချိန်နှင့် အဘိုးဖြစ်သူ မရှိခိုက် ကျောင်းပိတ်ရက်များတွင် နောက်ထပ် (၆) ကြိမ်ခန့် ထပ်မံကျူးလွန်ခဲ့ကြောင်း သိရသည်။

    မိခင်ဖြစ်သူ ဒေါ်ဇင်ဇင်မော်သည် ဖြစ်စဉ်ကို သိရှိပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် နယ်မြေခံ ပြင်ရွာရဲစခန်း သို့ သွားရောက်တိုင်ကြားခဲ့ပြီး ထိုမှတစ်ဆင့် မြောင်းမြမြို့မရဲစခန်းသို့ လွှဲပြောင်း အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    အမှုဖွင့်ပြီးနောက် ကျူးလွန်သူ လင်းနိုင်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော် မြောင်းမြမြို့နယ် ကံကွင်းကျေးရွာမှ ရပ်မိရပ်ဖနှင့်ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးထားသဖြင့် လင်းနိုင်ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဤဖြစ်စဉ်သည် ကလေးသူငယ်အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သဖြင့် တရားဥပဒေအရ အထိရောက်ဆုံး အရေးယူဆောင်ရွက်သင့်ကြောင်း ပြည်သူများမှ ဆန္ဒရှိနေကြသည်။