ဖားကန့်တွင် ဥရုချောင်းရေလျှံ၍ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြှုပ်ပြီး မြေပြိုမှုကြောင့် အမျိုးသား ၁ ဦး ပျောက်ဆုံး၊ မိုးကောင်းနှင့် နမ္မတီးတွင်လည်း ရေကြီးမှုများဖြစ်ပွား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အများအပြား ရေနစ်မြှုပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း ဖားကန့်ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ ဖားကန့်မြို့တွင် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး ချောင်းရေမှာလည်း တရိပ်ရိပ် မြင့်တက်နေဆဲဖြစ်သည်။ ရေကြီးမှုကြောင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုမှ အနိမ့်ပိုင်းနေအိမ်များ ရေဝင်နစ်မြှုပ်လျက်ရှိသည်။
ဖားကန့်မြို့ပေါ်ရှိ မော်ဝမ်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်၊ အေးမြ သာယာ ရပ်ကွက်တို့မှာ ရေကြီးမှုများကြုံတွေ့နေရပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် သီးသန့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားခြင်း မရှိသေးဘဲ၊ ကုန်းမြင့်ပိုင်းတွင်ရှိသည့် ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးကျောင်းများသို့ ရွှေ့ပြောင်းခိုလှုံနေကြရသည်။

လတ်တလော ဘာသာရေးကျောင်းများတွင် စစ်ဘေးရှောင်ပြည်သူများနှင့် ရေဘေးရှောင်ပြည်သူများ ရောနှောခိုလှုံနေရသည့်အပြင်၊ ရေဘေးသင့်မိသားစု အရေအတွက် များပြားလှသဖြင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်သလောက် မရရှိဘဲ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ နှစ်ထပ်အိမ်ရှိသူ အချို့မှာမူ အောက်ထပ် ရေမြှုပ်နေသော်လည်း အပေါ်ထပ်တွင် ဆက်လက် နေထိုင်နေကြဆဲဖြစ်သည်။

ယင်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်မှ ရှရော်ခကျေးရွာဘက်အထွက်ရှိ တောင်ကုန်းတစ်ခု မြေပြိုကျခဲ့ရာ နေအိမ်တစ်လုံး မြေပိသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် အသက် ၅၀ အရွယ် နေအိမ်ပိုင်ရှင် အမျိုးသားတစ်ဦး ပျောက်ဆုံးနေသည်။
မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ၏ မှတ်ပုံတင်၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းနှင့် ကျောက်များကို ရှာဖွေတွေ့ရှိထားသော်လည်း လက်ရှိတွင် ရေကြီးနေမှုကြောင့် သွားလာရေး ခက်ခဲနေသဖြင့် ကယ်ဆယ်ရေးနှင့် ရုပ်အလောင်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ခက်ခဲနေကြောင်း ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့အတူ ဖားကန့်မြို့နယ်အပြင် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများ ဝင်ရောက်နစ်မြှုပ်နေသည်။ ယင်းအတွက်ကြောင့် ဒေသခံပြည်သူများ ရေဘေးဒုက္ခနှင့်အတူ နေ့စဉ် စားဝတ်နေရေးအတွက်ပါ အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


Leave a Reply