Category: News

  • စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်

    စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်

    ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်မှု လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးပြီး စစ်သား ၄ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

    ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၉ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် လက်နက်ခဲယမ်းတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၁) တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း( UG )လှုပ်ရှားတပ်ဖွဲ့နှင့် စစ်တပ်အတွင်းရှိ တော်လှန်ဖရဲသီးတို့ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုဖောက်ခွဲ တိုက်ခိုက်မှုအတွင်း စကခ ၁၉ လက်နက်တိုက်အတွင်းရှိ Drone ဗုံးများနှင့် လက်နက်ကြီးကျည်များကို ဖောက်ခွဲခဲ့ခြင်းကြောင့် ပေါက်ကွဲမှုမှ တဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်၊ ဗဟိုကင်းအတွင်းရှိ လက်နက်ခဲယမ်းတိုက်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထိုမီးလောင်မှုအတွင်း ဗဟိုကင်းအတွင်းရှိ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ စုစုပေါင်း ၂၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးကာ ၆ ဦးခန့် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန် ၆ ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ စကခ ၁၉ တပ်မဌာနချုပ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အချိန် နှင့် ငွေကြေးမြောက်များစွာအသုံးပြုခဲ့ပြီး ရန်သူ့လှုပ်ရှားမှုသတင်းအချက်အလက်များကို စနစ်တကျစုဆောင်းကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ရက် ၁၀၀ အတွင်း PDF ​တွေအလင်းဝင်ပါလို့ အ​မှောင်ထဲကိုဆွဲ​ခေါ်​နေတဲ့ အကြမ်းဖက် သမ္မတရူးကို​ပြောချင်တယ်။ ရက် ၁၀၀ ​လောက်ထဲ မဟုတ်ဘူး။ ​နောက်ရက် ၁၀၀ ​ကျော်ရင်လည်း ပြည်သူလက်ထဲအာဏာပြန်မ​ရောက်သ​ရွေ့ ဆက်ပြီး တိုက်ခိုက်​နေမှာပဲလို့ ​ပြောချင်ပါတယ်”ဟု နည်းဗျူဟာ ၃၃ စစ်ဆင်​ရေးမှုး ရဲ​ဘော်​စောဒါးကိုက ပြောဆိုသည်။

    ထိုသို့ ပေါက်ကွဲမှု ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အရှေ့တောင်တိုင်းစစ်ဌာချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ၊ (စတသ – ၃၇) ဦးစီးသောအဖွဲ့သည် ခလရ ၆၁ တပ်ရင်းအတွင်းရှိ ဂေါက်ကွင်းသို့ ရဟတ်ယာဥ်ဖြင့်လာရောက်ခဲ့ပြီး စကခ ၁၉ အတွင်းပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် ခလရ ၆၁ တပ်ရင်းမှ ဗိုလ်မှူးဟိန်းစံကို မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေးစုစုပေါင်း ၄.၉ ဘီလီယံကျော်ကို ခလရ ၆၁ တပ်ရင်းသို့ လာရောက်အပ်နှံထားစဥ် သိန်း ၄၀၀ ခိုးယူမှု နှင့် ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဧပြီလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုကြောင့်ကျန်ရှိ ပျက်စီးနေသော လက်နက်ခဲယမ်းများကို ခလရ ၆၁ တပ်ရင်းရှိ စစ်ပစ်ကွင်း၌ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

    ပြည်သူလူထုများအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်များနှင့် ပူးပေါင်းပါဝင်မှုမပြုလုပ်ကြရန်၊ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပါဝင်မှုအားစစ်ဆေးတွေ့ရှိပါက ထိုက်သင့်သောအရေးယူခြင်းခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက အသိပေးပြောဆိုထားသည်။

  • မြင်းခြံ၊ နွားထိုးကြီး ရှယ်ဒွမ်

    မြင်းခြံ၊ နွားထိုးကြီး ရှယ်ဒွမ်

    မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ခုကို စစ်ကြောင်းထိုးမီးရှို့ပြီး ပစ္စည်းများ လိုက်လံ ခိုးယူနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ဝတ်စုံများ သိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ခုကို စစ်ကြောင်းထိုးမီးရှို့ပြီး ပစ္စည်းများ လိုက်လံ ခိုးယူနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

    ဧပြီလပိုင်းမှ စတင်ပြီး မြင်းခြံမြိုနယ်အတွင်းရှိ ပျားရွာ၊ ထိန်ပန်းရွာ၊ ရွာသစ်ရွာ၊ ကျီးပင်ကန်ရွာ၊ တူရွင်းဘိုရွာ၊ ပျိုးကန်ရွာ၊ ဆိတ်ကုန်းရွာ၊ ဒူလဘိုရွာ၊ နွားကူးအိုင်ရွာ၊ ဖက်ပင်အိုင်ရွာ၊ ရွှေဘုံသာရွာ၊ ရဲတိုင်ရွာ၊ မြိုကြီးကုန်းရွာ၊ အိုင့်မရွာ၊ ဖက်ရင်းရွာနှင့် ကျောင်းဖြူကန်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများအတွင်းရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာများ ခိုးယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “ရန်သူရဲ့ထိုးစစ်ကာလ ဖြစ်တဲ့အတွက် ပြည်သူတွေ မီးရှို့ခံထားရတာတွေ အသတ်ခံရတွေလည်း ရှိတယ်။ ဒါကြောင့်မို့ အခုချိန်မှာတော့ စစ်ကောင်စီက မြို့ပေါ်တွေမှာတော့ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီး ပြည်သူကိုအယုံသွင်းပေမယ့် ဒီလိုမျိုး ကျနော်တို့ အညာဒေသ ကျေးလက်ဒေသတွေကိုတော့ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်နေတာတွေ ရှိတယ်ပေါ့။ ဒါကြောင့် အခုချိန်မှာ မြို့ပေါ်က ပြည်သူလူထုတွေ အနေနဲ့လည်း အရမ်းကြီး ရန်သူကို ယုံကြည်နေတာမျိုးတွေ မဖြစ်စေချင်ပါဘူး။ အတက်နိုင်ဆုံး သတိဝီရိယလေးနဲ့ ဆင်ဆင်ခြင်ခြင်နေကြထိုင်ကြဖို့လည်း ကျနော်အနေနဲ့ ပြောလိုပါတယ်။ စစ်ကောင်စီ စုရပ်လုပ်တဲ့နေရာတွေ သူတို့စုဝေးတဲ့နေရာတွေ အထိုင်ချတဲ့ စခန်းနေရာတွေနဲ့လည်း ဝေးဝေးမှာ ရှောင်ကြဖို့ ကျနော်အနေနဲ့ ပြောကြားလိုပါတယ်” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

    ဧပြီလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း(န)ရွာကို အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တနေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်း ၊ လက်နက်ကြီး အများအပြား အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင်လည်း နွားထိုးကြီးမြိုနယ် ၊ ခံစပ်ကုန်းရွာ (တောင်ရှေ့ကန်)မှ ထွက်လာသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ နွားထိုးကြီးမြို့နယ်၊ ညောင်ဇင်ရွာ နှင့် ကဒေါင်းရွာကို ဦးတည်စစ်ကြောင်းထိုးလာသောကြောင့် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်း၊ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း ၊ MGN – 35 ၊ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ညောင်ဇင်ရွာအနီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ညောင်ဇင်ရွာကို ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ နေအိမ်များကို မီးရှို့နေသော အကြမ်းဖက် စစ်တပ်၏ ဒရုန်းကား ၂ စီး နှင့် ရိက္ခာကား ၁ စီးကို တော်လှန်ရေး ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ဒရုန်းကား ၁ စီးနှင့် ရိက္ခာကား ၁ စီးတို့ မီးလောင်ပျက်စီးခဲ့ပြီး ကျန်ဒရုန်းကား ၁ စီးသည် ဗုံးစထိမှန်ခဲ့ကြောင်း သိရှိရသည်။

    ကဒေါင်းရွာ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့သောကြောင့် စစ်ကြောင်းသည်မှာ ပြန်လည်ဆုတ်ခွာသွားသော်လည်း အင်အားသုံး၍ ထပ်မံ စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာပေးလိုက်ရပြီး ကဒေါင်းရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်သွားကြောင်း သိရသည်။

    ထို့ပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများကို နွားထိုးကြီးမြို့နယ်၊ ကဒေါင်းရွာကို ခေါ်ဆောင်သွားပြီး ကျေးရွာအရောက်တွင် ထပ်မံသေဆုံးမှုများလည်းရှိကြောင်း၊ ထိုမှ တဆင့် စစ်ကြောင်းသည် နွားထိုးကြီးမြို့သို့ ဦးတည်ထွက်ခွာလာစဥ် ထပ်မံသေဆုံးသော စစ်သားအလောင်းများကို နွားလှည်း၊ ဆိုင်ကယ်များဖြင့် သယ်ဆောင်သွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားစဥ်အတွင်း အကြမ်းဖက် စစ်သား အလောင်း ၁ လောင်း ၊ ခဲယမ်းအချို့ ၊ ပြန်လည်အသုံးပြုနိုင်သော ကား ၁ စီး နှင့် ဒရုန်းကား ၁ စီး ၊ ရိက္ခာကား ၁ စီးတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

  • သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်

    သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်

    အရေးပေါ် အထူးသတိရှိကြပါ

    သွားကိုက်နေလို့ ကိုယ်တိုင် အပ်နဲ့ ထိုးကုသလိုက်တာကြောင့်

    မေးခိုင်ပိုး ဝင်သွားပြီး ပိုးက တစ်ကိုယ်လုံးထိ ပြန့်သွားခဲ့တယ်လို့ သိရပါတယ်။

    ဒီလိုအန္တရာယ်များတဲ့ အခြေအနေမျိုးတွေ မဖြစ်ရအောင် အထူးသတိထားကြပါ။

    ဖြစ်နိုင်ရင် ဆေးခန်း၊ ဆရာဝန်တွေထံမှာပဲ သွားရောက်ကုသကြပါ။

    ကိုယ်တိုင် မလုပ်သင့်တဲ့အရာတွေကို မလုပ်ကြပါနဲ့။

    အဲ့လို မတော်တဆဖြစ်စဉ်မျိုးတွေ မဖြစ်ရအောင် အားလုံး သတိထားကြဖို့ လိုပါတယ်။

    ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်တာမဟုတ်ဘဲ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ဆိုင်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

  • မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

    မြဝတီမှာ ကရင်လက်နက်ကိုင်တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဖို့ စစ်တပ်အမိန့်ထုတ်

    မြဝတီမြို့ပေါ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲ လက်နက် မကိုင်ဖို့နဲ့ လက်နက်တွေကို သက်ဆိုင်ရာတပ်ရင်း/ဌာန၊ စည်းကမ်းထိန်းသိမ်းရေးရုံးတွေကို အပ်နှံထားဖို့ စစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။

    နောက်ပြီး မြို့တွင်း စားသောက်ဆိုင်တွေ/ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း စစ်တပ်က အမိန့်ထုတ်ပါတယ်။

    မြဝတီမြို့စောင့်တပ်လို့ လူသိများတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ ၂၇၅)နဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်ပြီး ဧပြီ ၂၃ ရက်မှာ အချက် ၈ ချက် ပါတဲ့ အမိန့်စာကို ထုတ်ခဲ့တာပါ။

    ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်တယ်လို့ဆိုပြီး စာထဲမှာရေးသားထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ DKBA နဲ့ နီးစပ်သူက “တိုင်းမှူးရော၊ တပ်မမှူးရော အသစ်ဆိုတော့ … ဒီအမိန့်တွေ ထုတ်တာက ကရင်လက်နက်ကိုင်တွေကို သူထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ သဘောမျိုးပြတာ” လို့ ပြောပါတယ်။

    ထိုင်း- မြန်မာကုန်သွယ်ရေးအတွက် အဓိက လမ်းကြောင်းဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်တဲ့အခါမှာလည်း မြို့ပေါ် က တရားမဝင် ဂိတ်တွေကို ထိန်းချုပ်ထားဖို့အချက်ကိုလည်း အဲဒီထုတ်ပြန်စာမှာ ပါရှိပါတယ်။

    “မြို့စွန်မှာတော့ ဘယ်သူမှ ယူနီဖောင်း မဝတ်ရဲကြဘူး။ NCA ထိုးထားတဲ့ စစ်တပ်မဟာမိတ်တွေက ဂိတ်မှာ စိုးမိုးထားရင် ဌာနဆိုင်ရာ လွှတ်ပြီး ဂိတ်ဖွင့်လို့ ရတယ်လေ။ အဲဒါကြောင့် စိုးမိုးထားဖို့ ပြောတာ။ နောက်ပြီး ထိုင်းပစ္စည်းတွေကို ကြပ်ဖို့လည်း ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။

    လက်ရှိ မြဝတီမြို့ပေါ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) အဖြစ် ဆက်ပြီး ကျန်ရှိနေတဲ့ BGF တပ်နယ် ၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်ရဲ့လက်အောက်ခံ တပ်ရင်းတစ်ရင်းသာ ကျန်ရှိပါတယ်။ ဗိုလ်ချုပ် စောချစ်သူနဲ့ စောတင်ဝင်းတို့ကတော့ ကရင်အမျိုးသားတပ်(KNA) အဖြစ်မပြောင်းလဲခင်မှာပဲ စစ်တပ်ထံမှာ BGF ကနေ နုတ်ထွက်စာတင်ခဲ့တယ်လို့ KNA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    မြ၀တီမြို့တွင်းသို့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဝင်ရောက်လျှင် အရေးယူမည်ဟု အမိန့်ပေးမှုကြောင့် စစ်တပ်နှင့်ကရင်လက်နက်ကိုင်အဖွဲ့တချို့အကြား ဆက်ဆံရေး မပြေလည်

    ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းသို့ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဝင်ရောက်ပါက အရေးယူမည်ဟု စစ်တပ်က ပေါ်တင်အမိန့်ပေးလာသဖြင့် စစ်တပ်နှင့် မိတ်ဖက် ကရင်လက်နက်ကိုင်အဖွဲ့ တချို့အကြား ဆက်ဆံရေး မပြေလည်ဘဲ တင်းမာမှုများရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ်မှ ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဧပြီလ ၂၃ ရက်နေ့ မြ၀တီမြို့စောင့်တပ်ဖြစ်သော ခလရ ၂၇၅ တွင် စစ်တပ်က မိတ်ဖက်ဖြစ်နေသော ကရင်လက် နက်ကိုင်အဖွဲ့များဖြစ်သည့် KNA ၊ BGF ၊ DKBA ၊ KNU/KNLA PC အပါအဝင် ခေါ်ယူတွေ့ဆုံခဲ့ပြီး လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်ကို ချမှတ်လာကြောင်း၊ ယင်းစည်းကမ်းများအနက်မှ မြ၀တီမြို့အတွင်းသို့ ခွင့်ပြု ချက်မရှိဘဲ လက်နက်ကိုင်ဝင်ရောက်မှုများကို အရေးယူမည်ဆိုသော အချက်မှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့ မကျေလည်ကြကြောင်း သိရှိရသည်။

    စစ်တပ်က ကရင်လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံ ညွှန်ကြားရာတွင် မြဝတီမြို့အတွင်း သွားလာရာတွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ယူနီဖောင်းများကို ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဝတ်ဆင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်စည်းကမ်းနှင့်အညီ သွားလာကြရန်၊ မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း နေထိုင်သည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မလိုအပ်ဘဲ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်နှင့် လက်နက်များကို သက်ဆိုင်ရာ တပ်ရင်း/ဌာန (သို့မဟုတ်) စည်းကမ်းထိန်းသိမ်းရေးရုံးများတွင် အပ်နှံထားရန်၊ အမှတ် ၂ ချစ်ကြည် ရေးတံတား ပြန်ဖွင့်ချိန်တွင် တရားမဝင်ဂိတ်များအား ပြန်လည် ထိန်းချုပ်ပေးရန်၊ မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ထားသည့် လက်နက်များကို စစ်ဆေးတွေ့ရှိပါက တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က အမိန့်ပေး ညွှန်ကြားသည်။

    ယင်းအပြင် ဌာနဆိုင်ရာများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်သည့် နေ့များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ယူနီဖောင်းများကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ကြရန် (လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လွဲ၍ လက်နက် ကိုင်ဆောင်လာခြင်း မပြုရန်)၊ မြို့တွင်း စားသောက်ဆိုင်များ / KTV များတွင် ယူနီဖောင်း ဝတ်ဆင်ပြီး လက်နက်များ ကိုင်ဆောင်ကာ ဝင်ရောက်စားသောက်ခြင်း မပြုရန်၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ / KTV များတွင် တပ်ဖွဲ့ဝင်များအား ယူနီဖောင်းဝတ်ဆင်ပြီး လက်နက်များကိုင်ဆောင်ကာ လုံခြုံရေးချထားခြင်း မပြုရန်၊မြို့ပေါ်တွင် ကားများ စည်းကမ်းမဲ့ တရကြမ်းမောင်းနှင်ခြင်းနှင့် လက်နက်များ ထောင်ပြီး ကိုင်ဆောင်သွားလာခြင်း မပြုရန် တို့ကိုလည်း စစ်တပ်က ညွှန်ကြားသည်။

    စစ်တပ်၏ ညွှန်ကြားချက်အနေဖြင့် ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေး လမ်းစဉ်တွင် ဆူးငြောင့်ခလုတ်မဖြစ်စေရန် ဆိုသော အချက်လည်း ပါဝင်ကြောင်း သိရှိရသည်။

    “အခု တင်းမာမှုဖြစ်တာက DKBA နဲ့ ငြိနေတာ။မြ၀တီကိုလာရင် လက်နက်ကို ခွင့်ပြုချက်နဲ့လာရမယ်ဆိုတာ DKBA ဘက်က သိပ်မကျေလည်ဘူး။ နောက်တစ်ခါ ဂိတ်တွေကို ငွေမကောက်ခိုင်းတာ။ အဲဒါလည်း အမှတ် ၂ တံတားဖွင့်လို့ ကုန်သွယ်ရေးစရင် ပြဿနာဖြစ်လာနိုင်တယ်။ ကျန်တဲ့ လက်နက်ကိုင်တွေကတော့ စစ်တပ်အလိုအတိုင်းပဲ။ နောက်ပြီးတော့ စစ်တပ်က DKBA ရဲ့ နေရာတွေကို ဒရုန်းနဲ့ဗုံးကျဲတာ၊ လက်နက်ကြီးပစ်တာ။ စစ် ကြောင်းထိုးတာတွေရှိတယ်။ တိုက်ပွဲဖြစ်လောက်တဲ့အထိတော့ ဖြစ်မလာလောက်ဘူးလို့ထင်တယ်။ DKBA ကလည်း သူ့အကျိုးစီးပွားအတွက်ပဲ ရပ်တည်နေတာ။ စစ်တပ်ကို ခံချမှာတော့ မဟုတ်ဘူး။ မကျေလည်တာကတော့ မကျေလည်နေကြဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဝေါ်လေဗျူဟာကုန်းထံသို့ စစ်ကူပေးပို့နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေကြောင်း၊ ဝေါ်လေ ဗျူဟာကုန်း မကျစေရေးအတွက် လေကြောင်းဖြင့် ဗုံးကျဲမှုများလည်း စစ်တပ်က တောက်လျှောက် လုပ်ဆောင်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

  • ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီး

    ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီး

    ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ် ကျည်ထိမှန် သေဆုံး

    မိသားစုက လူသတ်မှုဖြင့် အမှုဖွင့်သော်လည်း ဖြူးရဲစခန်းက လက်မခံ

    ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသွားသော လူငယ် ၂ ဦးကို စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် အသက် ၇ နှစ်အရွယ် သမီးငယ်မှာ ရင်ဘတ်ကို ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ စစ်တပ်က ဖြူးမြို့ပေါ် ၊ ဝဲဒေါင့်အလယ်ရွာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတွက် ဖမ်းဆီးစဉ် လူငယ် ၂ ဦးက ထွက်ပြေးသွားကြောင်း၊ ယင်းထွက်ပြေးသွားသော လူငယ်၂ ဦးကို စစ်တပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် ဝဲဒေါင့်အလယ်ရွာမှ အသက် ၇ နှစ်အရွယ် သမီးငယ် တစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။

    ” ဝဲဒေါင့်ဆိုတာ ရွာပေမယ့် ဖြူးမြို့ပေါ်မှာပါပဲ။ ဖြူးချောင်းတံတား ဗိုလ်ချုပ်ကြေးရုပ်အဆင်းကပ်လျက်တည်ရှိနေတဲ့ ရွာပါ။ အဲဒီမှာ လူငယ်၂ ဦး ဆိုင်ကယ်စီးလာတာကို ရပ်ခိုင်းတာမရပ်လို့ ပစ်လိုက်တာ။ ရပ်ကွက်ထဲက အသက် ၇ နှစ်အရွယ် ကလေးမလေးကိုမှန်ပြီး သေဆုံးသွားတယ်။ အိမ်က မိသားစုတွေ ကလေးကို ဆေးရုံ ခေါ်သွားတယ် ။ ဆေးရုံရောက်တော့ ကလေးက ဆုံး သွားပြီ။ ကလေးငယ်ရဲ့ ရင်ဘတ်မှာ ကျည်ပေါက်ရာကြီးနဲ့ ကျည်က ဘယ်ဘက် ရင်ဘတ်ကို ဖောက်ထွက်သွားတာ။ ဖြူးရဲစခန်း မှာ အမှုဖွင့်ဖို့ သွား တော့ ဖြူး ရဲစခန်း က အမှု ဖွင့်လို့ မရဘူး ပြောတယ် ၊ ပေါ်တာဆွဲတဲ့ အဖွဲ့ တွေကို အမှု ဖွင့် တိုင်ကြားလို့ မရ ဘူး လို့ ဖြူး ရဲစခန်း စခန်းမှူး ကပြောတယ်။ ရဲစခန်းမှူးက ခင်ဗျားတို့ အိမ်ပြန် ပြီး နာရေး ကိစ္စ အရင် ဆောင်ရွက်ပါဆိုပြီး ပြန်လွှတ်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ဖြူးမြို့နယ်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေပြီး လူငယ်များကို ဖမးဆီးကာ အနည်းဆုံး ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၅၀ အထိ ငွေတောင်းယူ ပြန်လွှတ်ပေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

    ပေါ်တာဆွဲ ငွေညှစ်နေသော အဖွဲ့များမှာ ပျူစောထီး၊ ပြည်သူ့စစ်တို့နှင့် စစ်တပ်တို့က အဓိက လုပ်ဆောင်ပြီး ရဲ၊ ထွေ/အုပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဝေစုခွဲခြင်း၊ လူအရောင်းအဝယ် လုပ်ခြင်းများတွင် အဓိက ပါဝင်ပတ်သက်နေကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။