Category: News

  • ဦးကိုကိုကြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မည်

    ဦးကိုကိုကြီး လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မည်

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်လည်းဖြစ်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီး အနေနဲ့ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်အရွေးခံသွားမယ်လို့ သိရပါတယ်။

    စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၁၉ ရက်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာမှာ ဦးကိုကိုကြီးလည်း အဲဒီအထဲမှာ ပါတယ်လို့ သိရပါတယ်။

    ဦးကိုကိုကြီးက “ပါပါတယ်ဗျ။ အတည်ပြုပြီးပါပြီ။ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းပါခင်ဗျ” လို့ ပြောပါတယ်။

    ဦးကိုကိုကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီကနေ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပြီး NLD က ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ပါဘူး။

    အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပေမဲ့ ၂ ဒသမ ၇၄ ရာခိုင်နှုန်းသာ မဲရခဲ့လို့ ရှုံးနိမ့်ခဲ့ရပါတယ်။

    လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ အမတ်ဟောင်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းနဲ့ ဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်တို့လည်း ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်ဖို့ ရှိနေပါတယ်။

    ဒေါ်စန္ဒာမင်း အနေနဲ့ လသာမြို့နယ်ကနေ တသီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ ပြိုင်မှာဖြစ်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကတော့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်သွားမယ်လို့ သိရပါတယ်။

    ဒေါ်သက်သက်ခိုင်က “ကျမအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ UEC ထံက တရားဝင်ခွင့်ပြုချက် ရရှိပြီဖြစ်ပါတယ်ရှင့်” လို့ ဆိုပါတယ်။

    ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီက လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၅၁၂ ယောက် အမည်စာရင်းတင်သွင်းထားပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မဲဆန္ဒနယ် အားလုံး ဝင်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီကဦးဆောင်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲတွင် စစ်တပ်သဘောမကျသည့် ရလဒ်မျိုးထွက်လို့မရဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သတိပေးလိုက်သည်။

    “(စစ်တပ်ကလုပ်ပေးမယ့်) ဒီရွေးကောက်ပွဲရလဒ်ဟာ လက်ရှိအာဏာရယူထားတဲ့ တပ်မတော်နဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မယ့် ရလာဒ်မျိုးဖြစ်လို့မရဘူး” ဟု ၎င်းက နေပြည်တော်တွင် မတ်လ ၂၄ ရက်နေ့က Myanmar Hard Talk သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

    တိုင်းပြည်တွင်လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်နှင့် ပဋိပက္ခများသည် “တပ်မတော်နဲ့လက်တွဲပြီးတော့ ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်”ဟုလည်း ၎င်းကဆိုသည်။

    စစ်ကောင်စီက ၎င်းတို့ဦးဆောင်မည့် ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာနှောင်းပိုင်း(သို့မဟုတ်) ၂၀၂၆ ဇန်နဝါရီအစောပိုင်းတွင် ကျင်းပမည်ဟု ကြေညာထားသည်။

    ဦးကိုကိုကြီးသည် ထိုရွေးကောက်ပွဲကို ဝင်ပြိုင်ရန် သဘောတူပြီး သူ၏ပြည်သူ့ပါတီကိုလည်း စစ်ကောင်စီထံတွင် မှတ်ပုံတင်ထားသည်။

    ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများအနက် ဦးကိုကိုကြီးအပါအဝင် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များဖြင့် ၂၀၁၈ တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၄၄ နေရာဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှအနိုင်မရခဲ့ပါ။

    ပြည်သူ့ပါတီသည် ၂၀၂၃ တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံတွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး စစ်တပ်ဦးဆောင်မည့် ရွေးကောက်ပွဲကိုထောက်ခံကြောင်းလည်း ကြေညာထားသည်။

    သို့သော် ထိုရွေးကောက်ပွဲသည် ပြည်တွင်းစစ်နှင့်နိုင်ငံရေးအကျပ်အတည်းကို ချက်ချင်းပြေလည် စေမည်ဟု မယုံကြည်ဘဲ စစ်ခေါင်းဆောင်လက်ထဲချုပ်ကိုင်ထားသည့် အာဏာများကို လွှတ်တော်နှင့် အစိုးရသစ်လက်ထဲ ခွဲဝေသည့်စနစ်ဖြစ်ရန် မျှော်လင့်ကြောင်း ပါတီခေါင်းဆောင် ဦးကိုကိုကြီးက မကြာခဏပြောဆိုထားသည်။

    စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကိုလည်း ဦးကိုကိုကြီးက Myanmar Hard Talk သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြစ်တင်ပြောဆိုခဲ့ပြီး ဆန့်ကျင်သူများတွင် စစ်တပ်ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ်မျိုးရှိလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

    “ပွင့်ပွင့်လင်းလင်းပြောရင် ၂၀၁၀ တုန်းက NLD အနိုင်ရရင်၊ ရွေးကောက်ပွဲဝင်ခဲ့ရင်၊ အာဏာအပြောင်းအလွှဲတောင် ချောချောမွေ့မွေ့ ဖြစ်ချင်မှဖြစ်မယ်၊ ပြောရရင်ဒါကျနော့် ခန့်မှန်းချက်ပေါ့၊ တဖက်က အဲ့ဒိအချိန်က စစ်အစိုးရကိုယ်၌ကလည်း NLD ကိုမဝင်စေချင်ဘူးလို့ထင်တယ်၊ ဝင်ရင်ပွတ်တိုက်မှု၊ထိပ်တိုက်ကတော်တော်ကြီးမယ်။ တဖက်ကမဝင်စေချင်တဲ့ဟာကို ကိုယ်ကလည်းဆန့်ကျင်ပြီး မဝင်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်တယ်လို့ ကျနော်ကမြင်တယ်။ အခုလည်းဘဲ တကယ်ဆန့်ကျင်နေတာလား။ သို့မဟုတ်တဖက်ကလိုချင်တဲ့ ရလာဒ်ကို ပူးပေါင်းဆောင်ရွက်နေကြတာလားလို့ကျနော်ကမေးခွန်းထုတ်စရာရှိတယ်” ဟုလည်း ဦးကိုကိုကြီးက Myanmar Hard Talk ကိုပြောသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကို ထုတ်ဖော်ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် စနစ်နှင့် မည်သည့်နေရာများတွင် ကျင်းပမည်ဆိုသည်ကိုတော့ ပြောဆိုထားခြင်းမရှိပါ။

    စစ်တပ်ကဆက်လက်ဆွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်များတွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းအလိုလျှောက်ရရှိထားသောကြောင့် ရွေးကောက်ပွဲမှမဲဖြင့်တက်လာသည့် အမတ်နေရာ ၈ ရာခိုင်နှုန်းရှိရုံမျှဖြင့် စစ်တပ်ကလွှတ်တော်ခေါ်ကာ အစိုးရသစ်ဖွဲ့နိုင်သည်။

  • လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

    ပစ္စည်းခိုးတယ်ဆိုပြီး သားအမိ ၂ ယောက်အား နှိပ်စက်ခဲ့တဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က တွယ်တာသူ အထည်ဆိုင်ပိုင်ရှင်နဲ့ ဗီဒီယိုရိုက်တင်ခဲ့တဲ့ ဝန်ထမ်းကို အောက်တိုဘာ ၂၁ ရက် နေ့လယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    အောက်တိုဘာ ၂၀ ရက်က တွယ်တာသူဆိုင်မှ စတီးဇလုံ အလုံး ၂၀ ခိုးတယ်ဆိုပြီး အမျိုးသမီးနဲ့ ကလေးငယ်အား ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးနောက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။

    “အဲ့အမျိုးသမီးက ဗီဒီယိုတွေဖျက်ပြီး Tiktok အကောင့်ပါ ချိန်းလိုက်တာ။ ဒါပေမဲ့ မရဘူး၊ ရပ်ကွက်မှာ အုတ်အော်သောင်းတင်းဖြစ်နေပြီ၊ ရဲတွေက ဝင်ဖမ်းတာ ဝန်ထမ်းတွေရောပါတယ်။”

    ခိုးယူသူကို ဥပဒေအရ ရပ်ကွက်၊ ရဲစခန်းနဲ့ချိတ်ဆက်ကာ အရေးယူရမယ့်ကိစ္စကို မိမိသဘောဆန္ဒနဲ့ ရိုက်နှက်နှိပ်စက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်နဲ့ဝန်ထမ်းကို ပရဟိတအဖွဲ့အစည်းတွေက ကလေးသူငယ်ဥပဒေနဲ့အမှုဖွင့်ဖို့ စီစဥ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ရဲစခန်းကလည်း သူ့ကို အရေးယူဖို့စစ်ဆေးနေသလို ပရဟိတအဖွဲ့အစည်းတွေကလည်း ကလေးသူအခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဥ်နေတယ်။ လက်ရှိအခြေအနေက စစ်ဆေးနေတုန်းပါ။”

    လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မနော်ဝါဝါလှိုင် နဲ့ ဝန်ထမ်းအချို့ကို လှိုင်သာယာအရှေ့ပိုင်း မြို့နယ် ရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်နှင့်ရုပ်သံကို ဒီမှာနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

    ပစ္စည်းခိုးယူသည်ဟု စွပ်စွဲရိုက်နှက်ခံရသူ သားအမိနှင့် ရိုက်နှက်သည့် ဆိုင်ရှင် ၂ ဖက်လုံး ရဲစခန်းတွင် ထိန်းသိမ်း

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စတိုးဆိုင်တခုတွင် ပစ္စည်းခိုးယူသည်ဟု စွပ်စွဲကာ ရိုက်နှက်ခံရသူ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦး၊ ရိုက်နှက်သူ ဆိုင်ပိုင်ရှင် အမျိုးသမီးတို့ နှစ်ဖက်လုံးကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

    ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်)ညနေပိုင်းက Tik Tok လူမှုကွန်ရက်ပေါ်၌ စတင်ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တွင် “ကလေးချီထားသည့်အမျိုးသမီးကို ဆိုင်ရှင်ဖြစ်သူဟု ယူဆရသူ အမျိုးသမီးက ဆိုင်အတွင်းမှာပင် သူခိုးဟုပြောဆိုကာ ရိုက်နှက်ခြင်း၊ ကလေးဖြစ်သူအား တွန်းထုတ်ခြင်း၊ နေပူထဲရှိ လမ်းဘေးဓာတ်တိုင်တွင် ကလေးနှင့် ကလေးချီထားသူ အမျိုးသမီး နှစ်ဦးလုံးကို ကြိုးချည်ထားခြင်း” ပြုလုပ်နေသည့် မြင်ကွင်းများ ပါဝင်သည်။

    အဆိုပါ ဖြစ်စဉ်သည် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တွယ်တာသူ အထည်နှင့်စတိုးဆိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မည်သည့်နေရက်က ဖြစ်ပွားခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

    အဆိုပါ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့ခဲ့ပြီးနောက် ပစ္စည်းခိုးယူသူဟု စွပ်စွံကာ အမျိုးသမီးတဦးနှင့်အတူပါလာသည့် ကလေးငယ်အား ရိုက်နှက်နေသည့် ဆိုင်ပိုင်ရှင်ကို လူမှုကွန်ရက် သုံးစွဲသူများက ဝေဖန်မှုများ ရှိခဲ့သည်။

    “တကယ်လို့ ပစ္စည်းခိုးတယ်ဆိုရင်တောင် ခိုးတဲ့ အမျိုးသမီးကို ရိုက်တာ ဘာမှမပြောလိုဘူး။ ဒါပေမယ့် ကလေးကိုပါ လုပ်တာကတော့ လွန်တယ်” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ရေးသားသည်။

    ယင်းသို့ လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိလာပြီးနောက် အမျိုးသမီးနှင့် ကလေးငယ်အား ရိုက်နှက်မှု ကျူးလွန်သည့် စတိုးဆိုင်ပိုင်ရှင်ကို ယနေ့(အောက်တိုဘာ ၂၁ ရက်)နံနက်ပိုင်းတွင် လှိုင်သာယာမြို့မရဲစခန်းက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

    “ရိုက်တဲ့သူရော အရိုက်ခံရတဲ့ မိသားစုရော နှစ်ဖက်လုံး ရဲစခန်းထဲမှာပါ အပြင်မထွက်သေးဘူး။ ဘာဆက်လုပ်မလဲ ဆိုတာတော့ ခဏနေသိရမယ်ထင်တယ်။ ဗီဒီယိုထဲမှာပြောနေတဲ့ ရေနွေးပူနဲ့ လောင်းတာတော့ မရှိခဲ့ပါဘူး” ဟု ဖြစ် စဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူ တဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

    ရိုက်နှက်ခံရသူ အမျိုးသမီးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ကလေးနှစ်ဦး မိခင်ဖြစ်ပြီး မိသားစုစားဝတ် နေရေးအတွက် တောင်းရမ်းစားသောက်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    “အရိုက်ခံရတဲ့သူ ဗီဒီယိုဖိုင်ထဲမှာ ပြောထားတဲ့ ကလေးတယောက်က နေမကောင်းလို့ ဆေးထိုးနေရတယ်ဆိုတာလည်း မှန်တယ်။ အဲ့ဒီ့ကလေးက ပိုလီယိုဖြစ်နေတာ။ အမျိုးသားလည်း မရှိတော့ဘူး။ သူနေတဲ့ နေရာကိုလည်း သိတယ်”ဟု လှိုင်သာယာဒေသခံ တစ်ဦးက ပြောသည်။

    ၎င်းအမျိုးသမီးသည် ကလေးချီလျက် ဆိုင်အတွင်းရှိ ပစ္စည်းများအား ဝင်ရောက်ခိုးယူလေ့သည်ကို CCTV မှတဆင့် ဆိုင်ရှင်ဘက်က သိရှိထားပြီး ထပ်မံလာရောက်ခိုးယူချိန် ဖမ်းဆီးကာ ဗီဒီယိုဖိုင်ထဲပါဝင်သည့်အတိုင်း ရိုက်နှက်ခံရခြင်းဟု ဖြစ်စဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူက ပြောသည်။

    “ဝင်ခိုးတာတော့ ဟုတ်ပါတယ်။ ကြီးကြီးမားမားတော့ ခိုးတာ မဟုတ်ဘူး။ အဝတ်တို့ လွယ်အိတ်တို့ ဝင်ခိုးတာပေါ့။ တစ်ခါ နှစ်ခါ သုံးခါ ဆိုတော့ ဆိုင်ရှင်လည်း စိတ်တိုတာပေါ့။ ဒါပေမယ့် ဖြေရှင်းတဲ့ ပုံလွဲတော့ ဆိုင်ရှင်အမှား ဖြစ်သွားတာ။ “ ဟု ၎င်းက ဆိုသည်။

    ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်ရှင်နှင့် နီးစပ်သည့် လှိုင်သာယာမြို့ခံတဦးက “ သူ့ပစ္စည်းအခိုးခံရတော့ စိတ်တိုသွားတယ်ဆိုပေမယ့် သူက စိတ်ရင်းကောင်းတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဗီဒီယိုထဲမှာဆိုရင် ကလေးကို ဝန်ထမ်းကို ယူထားခိုင်းသေးတယ်လေ။ ဒါပေမယ့် ဟိုအမျိုးသမီးက ကလေးကို မပေးဘူး။ အဲ့ဒီနောက် ကြိုးတုပ်တဲ့အချိန် ကလေးပါ ပါသွားတော့ ဆိုင်ရှင် မကောင်းဖြစ်သွားတာပေါ့” ဟု ဆိုသည်။

    နောက်ထပ် လှိုင်သာယာဒေသခံ တစ်ဦးကလည်း “ လှိုင်သာယာအထာက လှိုင်သာယာသားတွေ လှိုင်သာယာမှာ ဆိုင်ဖွင့်တဲ့သူတွေပဲ သိပါတယ်။ တကယ့် လှိုင်သာယာသားစစ်စစ်တွေက ဒီကိစ္စကို ဝင်မပြောကြပါဘူး” ဟု ဆို သည်။

    လက်ရှိတွင် ပစ္စည်းခိုးမှုကျူးလွန်သူနှင့် ရိုက်နှက်သူအား မည်သို့ အရေးယူ ဆောင်ရွက်မည် ဆိုသည်ကို ပြည်သူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

    အလားတူ ဗီဒီယိုဖိုင်ထဲပါရှိသည့် ရိုက်နှက်ခံရသည့် သားအမိနှစ်ဦးကို ကူညီဆောင်ရွက်မှုပေးရန် ပရဟိတအသင်းများနှင့် အွန်လိုင်းနာမည်ကြီး ပုဂ္ဂိုလ်တချို့က လုပ်ဆောင်နေကြသည်။

    “လူမှုကွန်ရက်မှာတော့ သားအမိနှစ်ဦးကို အကူအညီပေးဖို့ ဆိုပြီး အလှူခံတာတွေ ရှိလာတယ်။ ပရဟိတအဖွဲ့တွေရော လူပုဂ္ဂိုလ်တွေရောပေါ့။ အွန်လိုင်းဆယ်လီ မီဒီယာတွေလည်း အင်တာဗျူးဖို့ လုပ်နေကြတာတွေ ရှိနေတာတွေ့ရတယ်။ ဒီလိုဖြစ်စဉ်တွေနောက်မှာ ဒီလိုကိစ္စတွေ ပါလာတာက မကောင်းဘူးဘဲ ပြောချင်တယ်။ ပြည်သူတွေလည်း ချင့်ချိန်ပြီး လှူဒါန်းတာတွေ လုပ်ကြဖို့တော့ တိုက်တွန်းချင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် ရင်ခွင်ပိုက် အရွယ်ကလေးငယ်များကို ချီဆောင်ကာ တောင်းရမ်းစားသောက်ခြင်း၊ ကလေးငယ်များအား လမ်းဘေးတွင် ပိုက်ဆံတောင်းရန် စေခိုင်းခြင်းများသည် အာဏာမသိမ်းခင်ကထက် ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

    ထိုသို့ ဖြစ်စဉ်များသည် လမ်းသွားလမ်းလာများ၊ မော်တော်ယာဉ်များအား အနှောင့်အယှက်ဖြစ်စေသည့်အတွက် မြို့ခံများက ရံဖန်ရံခါ လူမှုကွန်ရက်ပေါ်တွင် ရေးသားခြင်း၊ ဓာတ်ပုံများ၊ ဗီဒီယိုများဖြင့် ဖော်ပြခြင်းများရှိသော် လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ထိရောက်သည့် အရေးယူမှု ပြုလုပ်ခြင်း မရှိကြောင်း မြို့ခံများက ပြောကြားထားသည်။

    ဖြစ်စဥ်နှင့်ရုပ်သံကို ဒီမှာနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  • ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံး

    ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံး

    ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲ ထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ညီညီနိုင်အပါအဝင် စစ် သား ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အ မှတ် ၂ စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုဝင် ရောက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ၊ထိုသို့ စစ်သားများ ဆုတ်ခွာထွက်ပြေးသွားမှုကြောင့် ရွာသစ်ကျေးရွာ အထိုင်စခန်းနှင့် ကျေးရွာတွင်းရှိ စစ် ကော်မရှင်တပ်၏ ကင်းစခန်းများအားလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီနိုင်နိုင် အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း၊ သေဆုံးသွားသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်သည် (လေကြောင်းရန်ကာကွယ်ရေးတပ်/လကတ-၂၀၂၉) မှ ဖြစ်ပြီး လက်ရဖမ်းဆီးချိန်တွင် ပစ္စတိုထုတ်၍ ခုခံမှုပြုလုပ်သောကြောင့် အသေပစ်သတ်လိုက်ရခြင်း ကြောင်း အသိပေးထားသည်။

    “မနေ့က ရွာသစ်တိုက်ပွဲမှာ တပ်ရင်းအပါ ၁၅ ဦး သေတယ်၊ သုံးပန်း ၂ ဦး ရတယ်။ လကနက်တွေ လည်း ရတယ်။ သေဆုံး‌သွားတဲ့ စကစတပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ဦးညီညီနိုင်ဖြစ်ပြီးတော့ လေ ကြောင်းရန်ကာကွယ်ရေး လကတ (၂၀၂၉) တပ်ကဖြစ်ပါတယ်။ အိမ်ထောင်ရှိပြီး ဇနီးနဲ့ သားသမီး တွေ က နေပြည်တော်မှာ နေထိုင်တယ်လို့ သိရပါတယ်” ဟု အမှတ် ၂ စစ်ဆင်ရေးနယ်မြေ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ထို့အပြင် အကြမ်ဖးက်စစ်ကောင်စီတပ်သားများထံမှ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး ၁ လုံး၊ MA-11 အ မျိုး အစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၃ လက်၊ ၆၀ မမ ၁ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ ကျည် ၅ လုံး ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ အတောင့် ၁၀၀၀ ခန့်နှင့် မီးစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်၏ လမ်း ညွှန်ချက်အတိုင်း နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ရှိ တပ်ရင်းများစုဖွဲ့ထားသောဗျူဟာ စစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ကြား၌ပင် ပိတ်မိနေသော ကျေးရွာသားပြည်သူများအား တိုက်ပွဲလွတ်ရာ နေရာသို့ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

    လက်ရှိအချိန်တွင် စစ်ကော်မရှင်တပ်ဘက်မှ စစ်ကူအင်အားများဖြည့်၍ ပြန်လည်တိုးဝင် လာ သော ကြောင့် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပါသည်။ ထိုကြောင့် စစ်တောင်းမြစ်ကမ်း ဝန်းကျင်ရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန် အသိပေးထား သည်။

    ဗျူဟာစစ်ကြောင်းအနေဖြင့် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း (ရေ တာရှည်) နှင့် အခြားဒေသများ၌ နေပြည်တော်တိုင်းစစ်ဌာန အနေဖြင့် စစ်ဆင်ရေးများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

  • မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦးသေဆုံး

    အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးသွားကြောင်း မိုးကုတ်ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူ အနီးဝန်းကျင်နှင့် ကန်တော်ဖူဆယ် ဘောလုံးကွင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

    “မိုးကုတ်အရှေ့ပိုင်းကို ဗုံး ၂ ကြိမ်ကျဲပါတယ်။ ဗုံး ၁ လုံးက ဘုရားငါးဆူနားမှာ ၁ လုံးကျတယ်။ နောက်ပြီး ကလေးတွေ ကစားနေတဲ့ ကန်တော်ဖူဆယ် ဘောလုံးကွင်းကို ဗုံး ၁ လုံးကျတယ်။ ကလေး ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရပါတယ်” ဟု မိုးကုတ်ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့နယ် အနောက်ခြမ်း၊ ရေအေးကျေးရွာရှိ မွေးမြူရေးကြက်ခြံကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်ခြံများ ပျက်စီးခဲ့ကြောင်း သိရသည်။

  • အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟုဆို

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရကြောင်း မလေးရှားအစိုးရနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ လုပ်နေရသည့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေကြသော်လည်း လက်တွေ့တွင် မလေးရှားက မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရသည်။

    “အာဆီယံဥက္ကဋ္ဌ မလေးရှားက ထိပ်သီးအစည်းအဝေး တက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ထားတာမရှိဘူး။ ထိပ်သီးအစည်းအဝေးတက်ဖို့က အာဆီယံဥက္ကဋ္ဌက ဖိတ်မှ တက်ရတာပါ။ အခုထက်ထိတော့ ဖိတ်ထားတာမရှိဘူးလို့ သိရတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိတွေ့ ဆက်ဆံမှု ရှိနေသည့် တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

    မလေးရှားနိုင်ငံတွင် ပြုလုပ် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ခေါင်းဆောင်များစာရင်းတွင် မင်းအောင်လှိုင် နာမည်ကို ထည့်သွင်းဖော်ပြခဲ့သည့် မလေးရှား News Straits Times သတင်းဌာနက ယခုအခါ မင်းအောင်လှိုင်၏ နာမည်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတက်မည့်​ ခေါင်းဆောင်များစာရင်းမှ ဖြုတ်ပယ်ပြီး အမှားပြင်ဆင်မှုများ လုပ်ဆောင်သွားသည်။

    အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ ခေါင်းဆောင်တချို့ တက်ရောက်မည်ဖြစ်ပြီး အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ အာဆီယံဥက္ကဋ္ဌ ရာထူးကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းခြင်း အပါအဝင် ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားမှလာသော သတင်းများတွင် ဖော်ပြထားသည်။