၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်လည်းဖြစ်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီး အနေနဲ့ စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်အရွေးခံသွားမယ်လို့ သိရပါတယ်။
စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၁၉ ရက်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာမှာ ဦးကိုကိုကြီးလည်း အဲဒီအထဲမှာ ပါတယ်လို့ သိရပါတယ်။
ဦးကိုကိုကြီးက “ပါပါတယ်ဗျ။ အတည်ပြုပြီးပါပြီ။ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းပါခင်ဗျ” လို့ ပြောပါတယ်။
ဦးကိုကိုကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီကနေ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပြီး NLD က ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ပါဘူး။
အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပေမဲ့ ၂ ဒသမ ၇၄ ရာခိုင်နှုန်းသာ မဲရခဲ့လို့ ရှုံးနိမ့်ခဲ့ရပါတယ်။
လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ အမတ်ဟောင်းဖြစ်တဲ့ ဒေါ်စန္ဒာမင်းနဲ့ ဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်တို့လည်း ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်ဖို့ ရှိနေပါတယ်။
ဒေါ်စန္ဒာမင်း အနေနဲ့ လသာမြို့နယ်ကနေ တသီးပုဂ္ဂလ အမတ်လောင်းအနေနဲ့ ပြိုင်မှာဖြစ်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကတော့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်သွားမယ်လို့ သိရပါတယ်။
ဒေါ်သက်သက်ခိုင်က “ကျမအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ UEC ထံက တရားဝင်ခွင့်ပြုချက် ရရှိပြီဖြစ်ပါတယ်ရှင့်” လို့ ဆိုပါတယ်။
ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီက လာမယ့် ဒီဇင်ဘာလ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၅၁၂ ယောက် အမည်စာရင်းတင်သွင်းထားပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မဲဆန္ဒနယ် အားလုံး ဝင်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကဦးဆောင်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲတွင် စစ်တပ်သဘောမကျသည့် ရလဒ်မျိုးထွက်လို့မရဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သတိပေးလိုက်သည်။
“(စစ်တပ်ကလုပ်ပေးမယ့်) ဒီရွေးကောက်ပွဲရလဒ်ဟာ လက်ရှိအာဏာရယူထားတဲ့ တပ်မတော်နဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မယ့် ရလာဒ်မျိုးဖြစ်လို့မရဘူး” ဟု ၎င်းက နေပြည်တော်တွင် မတ်လ ၂၄ ရက်နေ့က Myanmar Hard Talk သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
တိုင်းပြည်တွင်လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်နှင့် ပဋိပက္ခများသည် “တပ်မတော်နဲ့လက်တွဲပြီးတော့ ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်”ဟုလည်း ၎င်းကဆိုသည်။
စစ်ကောင်စီက ၎င်းတို့ဦးဆောင်မည့် ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာနှောင်းပိုင်း(သို့မဟုတ်) ၂၀၂၆ ဇန်နဝါရီအစောပိုင်းတွင် ကျင်းပမည်ဟု ကြေညာထားသည်။
ဦးကိုကိုကြီးသည် ထိုရွေးကောက်ပွဲကို ဝင်ပြိုင်ရန် သဘောတူပြီး သူ၏ပြည်သူ့ပါတီကိုလည်း စစ်ကောင်စီထံတွင် မှတ်ပုံတင်ထားသည်။
ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများအနက် ဦးကိုကိုကြီးအပါအဝင် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များဖြင့် ၂၀၁၈ တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၄၄ နေရာဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှအနိုင်မရခဲ့ပါ။
ပြည်သူ့ပါတီသည် ၂၀၂၃ တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံတွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး စစ်တပ်ဦးဆောင်မည့် ရွေးကောက်ပွဲကိုထောက်ခံကြောင်းလည်း ကြေညာထားသည်။
သို့သော် ထိုရွေးကောက်ပွဲသည် ပြည်တွင်းစစ်နှင့်နိုင်ငံရေးအကျပ်အတည်းကို ချက်ချင်းပြေလည် စေမည်ဟု မယုံကြည်ဘဲ စစ်ခေါင်းဆောင်လက်ထဲချုပ်ကိုင်ထားသည့် အာဏာများကို လွှတ်တော်နှင့် အစိုးရသစ်လက်ထဲ ခွဲဝေသည့်စနစ်ဖြစ်ရန် မျှော်လင့်ကြောင်း ပါတီခေါင်းဆောင် ဦးကိုကိုကြီးက မကြာခဏပြောဆိုထားသည်။
စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကိုလည်း ဦးကိုကိုကြီးက Myanmar Hard Talk သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြစ်တင်ပြောဆိုခဲ့ပြီး ဆန့်ကျင်သူများတွင် စစ်တပ်ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ်မျိုးရှိလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရင် ၂၀၁၀ တုန်းက NLD အနိုင်ရရင်၊ ရွေးကောက်ပွဲဝင်ခဲ့ရင်၊ အာဏာအပြောင်းအလွှဲတောင် ချောချောမွေ့မွေ့ ဖြစ်ချင်မှဖြစ်မယ်၊ ပြောရရင်ဒါကျနော့် ခန့်မှန်းချက်ပေါ့၊ တဖက်က အဲ့ဒိအချိန်က စစ်အစိုးရကိုယ်၌ကလည်း NLD ကိုမဝင်စေချင်ဘူးလို့ထင်တယ်၊ ဝင်ရင်ပွတ်တိုက်မှု၊ထိပ်တိုက်ကတော်တော်ကြီးမယ်။ တဖက်ကမဝင်စေချင်တဲ့ဟာကို ကိုယ်ကလည်းဆန့်ကျင်ပြီး မဝင်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်တယ်လို့ ကျနော်ကမြင်တယ်။ အခုလည်းဘဲ တကယ်ဆန့်ကျင်နေတာလား။ သို့မဟုတ်တဖက်ကလိုချင်တဲ့ ရလာဒ်ကို ပူးပေါင်းဆောင်ရွက်နေကြတာလားလို့ကျနော်ကမေးခွန်းထုတ်စရာရှိတယ်” ဟုလည်း ဦးကိုကိုကြီးက Myanmar Hard Talk ကိုပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလကို ထုတ်ဖော်ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် စနစ်နှင့် မည်သည့်နေရာများတွင် ကျင်းပမည်ဆိုသည်ကိုတော့ ပြောဆိုထားခြင်းမရှိပါ။
စစ်တပ်ကဆက်လက်ဆွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်များတွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းအလိုလျှောက်ရရှိထားသောကြောင့် ရွေးကောက်ပွဲမှမဲဖြင့်တက်လာသည့် အမတ်နေရာ ၈ ရာခိုင်နှုန်းရှိရုံမျှဖြင့် စစ်တပ်ကလွှတ်တော်ခေါ်ကာ အစိုးရသစ်ဖွဲ့နိုင်သည်။


Leave a Reply