ပစ္စည်းခိုးတယ်ဆိုပြီး သားအမိ ၂ ယောက်အား နှိပ်စက်ခဲ့တဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က တွယ်တာသူ အထည်ဆိုင်ပိုင်ရှင်နဲ့ ဗီဒီယိုရိုက်တင်ခဲ့တဲ့ ဝန်ထမ်းကို အောက်တိုဘာ ၂၁ ရက် နေ့လယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်က တွယ်တာသူဆိုင်မှ စတီးဇလုံ အလုံး ၂၀ ခိုးတယ်ဆိုပြီး အမျိုးသမီးနဲ့ ကလေးငယ်အား ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပြီးနောက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။

“အဲ့အမျိုးသမီးက ဗီဒီယိုတွေဖျက်ပြီး Tiktok အကောင့်ပါ ချိန်းလိုက်တာ။ ဒါပေမဲ့ မရဘူး၊ ရပ်ကွက်မှာ အုတ်အော်သောင်းတင်းဖြစ်နေပြီ၊ ရဲတွေက ဝင်ဖမ်းတာ ဝန်ထမ်းတွေရောပါတယ်။”

ခိုးယူသူကို ဥပဒေအရ ရပ်ကွက်၊ ရဲစခန်းနဲ့ချိတ်ဆက်ကာ အရေးယူရမယ့်ကိစ္စကို မိမိသဘောဆန္ဒနဲ့ ရိုက်နှက်နှိပ်စက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်နဲ့ဝန်ထမ်းကို ပရဟိတအဖွဲ့အစည်းတွေက ကလေးသူငယ်ဥပဒေနဲ့အမှုဖွင့်ဖို့ စီစဥ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရဲစခန်းကလည်း သူ့ကို အရေးယူဖို့စစ်ဆေးနေသလို ပရဟိတအဖွဲ့အစည်းတွေကလည်း ကလေးသူအခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဥ်နေတယ်။ လက်ရှိအခြေအနေက စစ်ဆေးနေတုန်းပါ။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မနော်ဝါဝါလှိုင် နဲ့ ဝန်ထမ်းအချို့ကို လှိုင်သာယာအရှေ့ပိုင်း မြို့နယ် ရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖြစ်စဥ်နှင့်ရုပ်သံကို ဒီမှာနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

ပစ္စည်းခိုးယူသည်ဟု စွပ်စွဲရိုက်နှက်ခံရသူ သားအမိနှင့် ရိုက်နှက်သည့် ဆိုင်ရှင် ၂ ဖက်လုံး ရဲစခန်းတွင် ထိန်းသိမ်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စတိုးဆိုင်တခုတွင် ပစ္စည်းခိုးယူသည်ဟု စွပ်စွဲကာ ရိုက်နှက်ခံရသူ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် တစ်ဦး၊ ရိုက်နှက်သူ ဆိုင်ပိုင်ရှင် အမျိုးသမီးတို့ နှစ်ဖက်လုံးကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်)ညနေပိုင်းက Tik Tok လူမှုကွန်ရက်ပေါ်၌ စတင်ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တွင် “ကလေးချီထားသည့်အမျိုးသမီးကို ဆိုင်ရှင်ဖြစ်သူဟု ယူဆရသူ အမျိုးသမီးက ဆိုင်အတွင်းမှာပင် သူခိုးဟုပြောဆိုကာ ရိုက်နှက်ခြင်း၊ ကလေးဖြစ်သူအား တွန်းထုတ်ခြင်း၊ နေပူထဲရှိ လမ်းဘေးဓာတ်တိုင်တွင် ကလေးနှင့် ကလေးချီထားသူ အမျိုးသမီး နှစ်ဦးလုံးကို ကြိုးချည်ထားခြင်း” ပြုလုပ်နေသည့် မြင်ကွင်းများ ပါဝင်သည်။

အဆိုပါ ဖြစ်စဉ်သည် လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တွယ်တာသူ အထည်နှင့်စတိုးဆိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မည်သည့်နေရက်က ဖြစ်ပွားခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

အဆိုပါ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့ခဲ့ပြီးနောက် ပစ္စည်းခိုးယူသူဟု စွပ်စွံကာ အမျိုးသမီးတဦးနှင့်အတူပါလာသည့် ကလေးငယ်အား ရိုက်နှက်နေသည့် ဆိုင်ပိုင်ရှင်ကို လူမှုကွန်ရက် သုံးစွဲသူများက ဝေဖန်မှုများ ရှိခဲ့သည်။

“တကယ်လို့ ပစ္စည်းခိုးတယ်ဆိုရင်တောင် ခိုးတဲ့ အမျိုးသမီးကို ရိုက်တာ ဘာမှမပြောလိုဘူး။ ဒါပေမယ့် ကလေးကိုပါ လုပ်တာကတော့ လွန်တယ်” ဟု လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မှတ်ချက်ရေးသားသည်။

ယင်းသို့ လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိလာပြီးနောက် အမျိုးသမီးနှင့် ကလေးငယ်အား ရိုက်နှက်မှု ကျူးလွန်သည့် စတိုးဆိုင်ပိုင်ရှင်ကို ယနေ့(အောက်တိုဘာ ၂၁ ရက်)နံနက်ပိုင်းတွင် လှိုင်သာယာမြို့မရဲစခန်းက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

“ရိုက်တဲ့သူရော အရိုက်ခံရတဲ့ မိသားစုရော နှစ်ဖက်လုံး ရဲစခန်းထဲမှာပါ အပြင်မထွက်သေးဘူး။ ဘာဆက်လုပ်မလဲ ဆိုတာတော့ ခဏနေသိရမယ်ထင်တယ်။ ဗီဒီယိုထဲမှာပြောနေတဲ့ ရေနွေးပူနဲ့ လောင်းတာတော့ မရှိခဲ့ပါဘူး” ဟု ဖြစ် စဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူ တဦးက ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

ရိုက်နှက်ခံရသူ အမျိုးသမီးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ကလေးနှစ်ဦး မိခင်ဖြစ်ပြီး မိသားစုစားဝတ် နေရေးအတွက် တောင်းရမ်းစားသောက်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အရိုက်ခံရတဲ့သူ ဗီဒီယိုဖိုင်ထဲမှာ ပြောထားတဲ့ ကလေးတယောက်က နေမကောင်းလို့ ဆေးထိုးနေရတယ်ဆိုတာလည်း မှန်တယ်။ အဲ့ဒီ့ကလေးက ပိုလီယိုဖြစ်နေတာ။ အမျိုးသားလည်း မရှိတော့ဘူး။ သူနေတဲ့ နေရာကိုလည်း သိတယ်”ဟု လှိုင်သာယာဒေသခံ တစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးသည် ကလေးချီလျက် ဆိုင်အတွင်းရှိ ပစ္စည်းများအား ဝင်ရောက်ခိုးယူလေ့သည်ကို CCTV မှတဆင့် ဆိုင်ရှင်ဘက်က သိရှိထားပြီး ထပ်မံလာရောက်ခိုးယူချိန် ဖမ်းဆီးကာ ဗီဒီယိုဖိုင်ထဲပါဝင်သည့်အတိုင်း ရိုက်နှက်ခံရခြင်းဟု ဖြစ်စဉ်အား လိုက်ပါကူညီဆောင်ရွက်နေသူက ပြောသည်။

“ဝင်ခိုးတာတော့ ဟုတ်ပါတယ်။ ကြီးကြီးမားမားတော့ ခိုးတာ မဟုတ်ဘူး။ အဝတ်တို့ လွယ်အိတ်တို့ ဝင်ခိုးတာပေါ့။ တစ်ခါ နှစ်ခါ သုံးခါ ဆိုတော့ ဆိုင်ရှင်လည်း စိတ်တိုတာပေါ့။ ဒါပေမယ့် ဖြေရှင်းတဲ့ ပုံလွဲတော့ ဆိုင်ရှင်အမှား ဖြစ်သွားတာ။ “ ဟု ၎င်းက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်ရှင်နှင့် နီးစပ်သည့် လှိုင်သာယာမြို့ခံတဦးက “ သူ့ပစ္စည်းအခိုးခံရတော့ စိတ်တိုသွားတယ်ဆိုပေမယ့် သူက စိတ်ရင်းကောင်းတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် ဗီဒီယိုထဲမှာဆိုရင် ကလေးကို ဝန်ထမ်းကို ယူထားခိုင်းသေးတယ်လေ။ ဒါပေမယ့် ဟိုအမျိုးသမီးက ကလေးကို မပေးဘူး။ အဲ့ဒီနောက် ကြိုးတုပ်တဲ့အချိန် ကလေးပါ ပါသွားတော့ ဆိုင်ရှင် မကောင်းဖြစ်သွားတာပေါ့” ဟု ဆိုသည်။

နောက်ထပ် လှိုင်သာယာဒေသခံ တစ်ဦးကလည်း “ လှိုင်သာယာအထာက လှိုင်သာယာသားတွေ လှိုင်သာယာမှာ ဆိုင်ဖွင့်တဲ့သူတွေပဲ သိပါတယ်။ တကယ့် လှိုင်သာယာသားစစ်စစ်တွေက ဒီကိစ္စကို ဝင်မပြောကြပါဘူး” ဟု ဆို သည်။

လက်ရှိတွင် ပစ္စည်းခိုးမှုကျူးလွန်သူနှင့် ရိုက်နှက်သူအား မည်သို့ အရေးယူ ဆောင်ရွက်မည် ဆိုသည်ကို ပြည်သူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

အလားတူ ဗီဒီယိုဖိုင်ထဲပါရှိသည့် ရိုက်နှက်ခံရသည့် သားအမိနှစ်ဦးကို ကူညီဆောင်ရွက်မှုပေးရန် ပရဟိတအသင်းများနှင့် အွန်လိုင်းနာမည်ကြီး ပုဂ္ဂိုလ်တချို့က လုပ်ဆောင်နေကြသည်။

“လူမှုကွန်ရက်မှာတော့ သားအမိနှစ်ဦးကို အကူအညီပေးဖို့ ဆိုပြီး အလှူခံတာတွေ ရှိလာတယ်။ ပရဟိတအဖွဲ့တွေရော လူပုဂ္ဂိုလ်တွေရောပေါ့။ အွန်လိုင်းဆယ်လီ မီဒီယာတွေလည်း အင်တာဗျူးဖို့ လုပ်နေကြတာတွေ ရှိနေတာတွေ့ရတယ်။ ဒီလိုဖြစ်စဉ်တွေနောက်မှာ ဒီလိုကိစ္စတွေ ပါလာတာက မကောင်းဘူးဘဲ ပြောချင်တယ်။ ပြည်သူတွေလည်း ချင့်ချိန်ပြီး လှူဒါန်းတာတွေ လုပ်ကြဖို့တော့ တိုက်တွန်းချင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်တွင် ရင်ခွင်ပိုက် အရွယ်ကလေးငယ်များကို ချီဆောင်ကာ တောင်းရမ်းစားသောက်ခြင်း၊ ကလေးငယ်များအား လမ်းဘေးတွင် ပိုက်ဆံတောင်းရန် စေခိုင်းခြင်းများသည် အာဏာမသိမ်းခင်ကထက် ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ထိုသို့ ဖြစ်စဉ်များသည် လမ်းသွားလမ်းလာများ၊ မော်တော်ယာဉ်များအား အနှောင့်အယှက်ဖြစ်စေသည့်အတွက် မြို့ခံများက ရံဖန်ရံခါ လူမှုကွန်ရက်ပေါ်တွင် ရေးသားခြင်း၊ ဓာတ်ပုံများ၊ ဗီဒီယိုများဖြင့် ဖော်ပြခြင်းများရှိသော် လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ထိရောက်သည့် အရေးယူမှု ပြုလုပ်ခြင်း မရှိကြောင်း မြို့ခံများက ပြောကြားထားသည်။

ဖြစ်စဥ်နှင့်ရုပ်သံကို ဒီမှာနှိပ်၍ ကြည့်ရှုနိုင်ပါသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *