Category: News

  • ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်

    လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရချိန်မှာ အာဏာသိမ်းစစ်တပ်က ဆေးကုသခွင့်မပေးတာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး ဒါကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရောက်နေချိန် နှလုံးရောဂါ အခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေပြီး လုံလောက်တဲ့ ဆေးကုသမှု မရရှိနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးထားတာကြောင့် သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့် မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ပါဝင်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး ဖြစ်ပေါ်မယ့် အကျိုးဆက် အားလုံးကို စစ်အုပ်စုက တာဝန်ယူရမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို ဖိအားပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းကလည်း ခုရက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ဆေးကုသမှုအတွက် တောင်းဆိုမှုတွေ လုပ်ထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားလုံး လွတ်မြောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို လူသိများထင်ရှားတဲ့ အနုပညာရှင်တွေက ဦးဆောင်ပြီးပြုလုပ်နေကြပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

    လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို အကျဉ်းသားအခွင့်ရေးဖြစ်တဲ့ ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။

  • PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် မင်းအောင်လှိုင် ဖိတ်ခေါ်

    PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် မင်းအောင်လှိုင် ဖိတ်ခေါ်

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက PDF များကို လက်ကိုင်တုတ်အဖြစ် ဘ၀များ စတေးကာ နယ်မြေကျူးကျော်ချဲ့ထွင်ဟု စစ်တပ်က သွေးခွဲပြန်

    PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် ဖိတ်ခေါ်

    မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ယမန်နေ့ညပိုင်း PDF များဦးတည်သော အလင်းဝင်ရန် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များက PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးပြုပြီး PDF ဘ၀များ စတေးကာ နယ်မြေကျူးကျော်ချဲ့ထွင်နေကြောင်း ကြေညာထားသည်။

    အကြမ်းဖက် စစ်တပ်က ထုတ်ပြန်လာသော ဖိတ်ခေါ်ချက် အမည်တပ်ထားသော ကြေညာချက်တွင် တိုင်း ရင်းသားလက်နက်ကိုင်-EAO များက နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ်အသုံးပြုစေကာ PDF တို့၏ ဘဝ များကို စတေးခဲ့ကြောင်း၊ CRPH, NUG တို့က PDF အမည်ခံအဖွဲ့များကို ဖွဲ့စည်းကာ လက်နက်၊ ခဲယမ်းရရှိရေးအတွက် အချို့သော EAO များ လက်အောက်သို့ သွတ်သွင်းခဲ့ကြောင်း စစ်တပ်က ရည်ရွယ်ချက်ရှိရှိ သွေးခွဲထားသည်။

    လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများမှာ မဲစာရင်းမှားယွင်းမှုကြောင့်ဖြစ်ပြီး စစ်တပ်၏ တောင်း ဆိုချက်ကို ငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်ဖြင့်ပင် လွှတ်တော်ခေါ်ယူရန် အတင်းအဓမ္မကြိုးပမ်းခဲ့မှုသည် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုပင်ဖြစ်ကြောင်း၊နိုင်ငံ တော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှုတွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်မှုရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်အရမဟုတ်သည့် ပုဂ္ဂလိကပြစ်မှုကျူး လွန်မှုများရှိခဲ့၍ အရေးယူခံရသည့်အချိန်လည်းဖြစ်ကြောင်း၊ ထိုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယာယီသမ္မတက အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်ဦးစီးချုပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

    ယခုအခါ အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ ရပ်တန်ရန် ခက်ခဲလာပြီး PDF များ ပိုမို အတိဒုက္ခရောက်လာကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို စစ်တပ်၊ ပြည်သူ၊ နိုင်ငံရေးပါတီများအပြင် PDF များကလည်း လိုလားကြပြီး ရည်မှန်းချက်ချင်း တူညီကြကြောင်း၊ ဒီမိုကရေစီမျက်နှာဖုံးတပ်ပြီး အာဏာကို မက်မောကြသည့် CRPH၊ NUG တို့၏ လိုလားချက်မှာ ရွေးကောက်ခံအစိုးရဆိုသည့် ရပ်တည်မှုမပျောက်ဆုံးရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ နှောင့်ယှက်မှုများကြောင့်သာ ဒီမိုကရေစီခရီးလမ်းနှောင့်နှေးကြန့်ကြာ နေရခြင်းဖြစ်ကြောင်း စစ်တပ်က ဆိုသည်။

    ထို့ကြောင့် PDF အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် မကြာမီတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးအလွန် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေး ဆန္ဒရှိပါက ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ၊ PDF များ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း စစ်တပ်က ကြေညာထားသည်။

    “ကြေညာချက်ကို ကြည့်ရတာ ခဲတစ်လုံးတည်းနဲ့ ငှက် ၃ ကောင်လောက်ကို တစ်ခါတည်း ပစ်တယ်လို့ မြင်ပါတယ်။ PDF နဲ့ EAO တွေကို သွေးခွဲတယ်။ PDF နဲ့ NUG ကို သွေးခွဲတယ်။ PDF နဲ့ CRPH ကို သွေးခွဲတယ်။ PDF နဲ့ စစ်တပ်က ရည်မှန်းချက်ချင်းတူတယ်ပြောတယ်။ ဗမာ PDF လူငယ်တွေ စစ်တပ်ကို လက်နက်ကိုင် တိုက်နေသမျှကာလပတ်လုံး စစ်တပ်က သူတို့မှာ ဘယ် လောက် အထိနာတယ်ဆိုတာ သွယ်၀ိုက်ပြီး ဝန်ခံထားတာပဲ။ ဒါကြောင့် PDF ကိုဦးတည်ပြီးတော့ ဒီလို ကြေညာချက် ထုတ်တတာ။ ပထမအကြိမ်က တစ်ခါ ထုတ်ခဲ့ပြီးပြီ။ အခုက ဒုတိယအကြိမ် ထုတ်တယ်ဆိုတော့ သူတို့ ဖိတ်ခေါ်ချက် မအောင်မြင်ဘူးဆိုတာလည်း သက်သေပြတယ်။ ပြည်တွင်းမှာလည်း လူငယ်တွေမှာ ကျပ်တည်းလာတယ်။ အခွင့်အလမ်းတွေ ပျောက်လာတယ်။ ပေါ်တာဆွဲ အဖမ်းခံနေရတယ်။ အဲဒီအတွက် ရွေးချယ်စရာက သိပ်များများစားစားမရှိတော့ဘူး။ ပြည်ပကို ထွက်ပြေးမလား၊ လက်နက်ကိုင်ပြီး ပြန်ချမလား။ အဲဒီ ၂ လမ်းပဲရှိတော့တယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်နေဆဲ သတင်း စာဆရာလည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သူ ဝါရင့် အယ်ဒီတာတစ်ဦးက သုံးသပ်ပြောဆိုသည်။

    စစ်တပ်က ယခုနှစ်ဇူလိုင်လ ၅ ရက်နေ့တွင်လည်း PDF များကို ဖိတ်ခေါ်သော ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန်းချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့်လည်း ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အတော်ပင်ခရီးရောက်နေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဆီသို့လျှောက်လှမ်းရန် တံခါးဝကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးပင်ဖြစ် ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက်အကျိုးရှိမည်မဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန်သွားနေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ဖူးသည်။

  • ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ

    ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ

    ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ

    ရန်ကုန်မြို့တွင် တစ်ပတ်တာအတွင်း မတရားဖမ်းဆီးခံရသူ အယောက်၄၀ရှိကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

    စက်တင်ဘာ၁ရက်မှ ၇ရက်အတွင်း တာမွေ၊ သာကေတ၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ သန်လျင်၊ ဗဟန်း နှင့် တောင်ဥက္ကလာမြို့နယ်တို့၌ လူ ၄၀ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၁၂ ဦးထိရှိကာ အများဆုံးဖြစ်ကြောင်း RSN က စက်တင်ဘာ ၈ ရက်က သတင်း ထုတ်ပြန်သည်။

    ဧည့်စာရင်းစစ်ကာ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး RSN တာဝန်ရှိသူက “သင်္ဃန်းကျွန်း၊ ငမိုးရိပ်ဘက်မှာ ၇ ယောက် နဲ့ တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ ၅ ယောက်ပါ။ သင်္ဃန်းကျွန်းက ၇ ယောက်ကိုတော့ ဧည့် စာရင်းမတိုင်ထားလို့ဆိုပြီး ဖမ်းခေါ်သွားတာပါ။ တောင်ဥက္ကလာ ၅ ယောက်ကတော့ အကြောင်း ရင်း မသိပါဘူးဗျ။ ဧည့်စာရင်း မတိုင်ထားလို့ ခေါ်သွားတာလို့ပဲ ထင်ပါတယ်”ဟု ပြောသည်။

    မတရားဖမ်းဆီးခံရသူ ၄၀ထဲတွင် သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၄ ဦး၊ လမ်းဘေးထိုင် နေ၍ဟုဆိုကာ အဖမ်းခံရသူ ၄ ဦး၊ လမ်းမပေါ် ရှောင်တခင်အစစ်ခံရပြီး အဖမ်းခံရသူ ၈ ဦး၊ လမ်းမ ပေါ် ရမ်းသန်းအဆွဲခံရသူ ၃ ဦး၊ အရက်ဆိုင်ထဲ ဝင်ဖမ်းခံရသူ ၅ ဦးနှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၄ ဦး ပါဝင်ကြောင်း သိရသည်။

    “အဖမ်းခံရတဲ့သူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို တပ်အပ် မသိရသေးပါဘူးဗျ။ စစ်မှုထမ်းအမှတ်စဉ် ၁၇ စဖို့လည်း နီးလာပြီဆိုတော့ အဲ့အတွက် အဓိက လိုက်ဆွဲနေတာလို့တော့ ယူဆပါတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

    စက်တင်ဘာ ၆ ရက်ညက သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ မေတ္တာလမ်းထဲရှိ အရက်ဆိုင်ထဲက လူ ၅ ဦးကို စစ်အုပ်စုဝင်တို့က ဖမ်းဆီးသွားကြောင်း သိရသည်။

    Photo – ပုံဟောင်းဖြစ်ပါတယ်

  • ပျူဘုန်းကြီး ပေါက်ကိုယ်တော် ထိုင်း အမျိုးသားရေး “နှုတ်ခမ်းမွှေး” ကို သွားတွေ့

    ပျူဘုန်းကြီး ပေါက်ကိုယ်တော် ထိုင်း အမျိုးသားရေး “နှုတ်ခမ်းမွှေး” ကို သွားတွေ့

    Tik Tok မှာ လူတစ်ဦးနဲ့ ရန်ဖြစ်ပြီးနောက် ပျူဘုန်းကြီး ထိုင်းအထိ ရောက်လာတာဖြစ်

    အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သင်္ကန်းဝတ် ပေါက်ကိုယ်တော် ခေါ် ဦးအရိယာဝံသ ဆိုသူဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ KO Si ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ Tik Tok မှာ စကားများ ရန်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံအထိ ရောက်လာကာ KO Si ဆိုတဲ့ အကောင့်ပိုင်ရှင်ကို လိုက်လံရှာဖွေနေပါတယ်။

    ပေါက်ကိုယ်တော်ဟာ စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ထိုင်း မဘသတစ်ဦးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Toon Ratchapakdi ခေါ် နှုတ်ခမ်းမွှေး နဲ့ တွေ့ဆုံခဲ့ပြီး KO SI ဆိုတဲ့ Tik Tok အကောင့်ပိုင်ရှင်ကို ရှာဖွေပေးဖို့ အကူအညီတောင်းတဲ့ ရုပ်သံကိုလည်း ပေါက်ကိုယ်တော်က Tik Tok မှာ ဖြန့်ချီထားပါတယ်။

    Toon Ratchapakdi ဟာ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေကြားမှာ ထိုင်းနှုတ်ခမ်းမွှေး လို့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး မြန်မာရွေ့ပြောင်းတွေကို အစဉ်တစိုက် ရန်ပြုနေသူ ဖြစ်ပါတယ်။

    Toon ဟာ ထိုင်းနိုင်ငံရောက်လာတဲ့ မြန်မာပြည်သူတွေဟာ မူးယစ်ဆေးဝါးရောင်းသူတွေဖြစ်ကြောင်း၊ ရောဂါသယ်ဆောင်လာသူ၊ ရန်ပွဲတွေ သယ်ဆောင်လာသူ၊ တရားမဝင်ပစ္စည်းရောင်းဝယ်သူတွေ အဖြစ် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမျိုးမျိုးလှုံ့ဆော်ပြီး အမုန်းတရားရေး ဟောပြောသူ ဖြစ်သလို ထိုင်းရဲအရာရှိတွေ မပါဘဲ မြန်မာရွေ့ပြောင်းတွေရဲ့ ဈေးဆိုင်တွေကို လိုက်လံဖမ်းဆီးသူအဖြစ် ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

    ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ပေါက်ကိုယ်တော်ဟာ Tik Tok ရန်ပွဲကတဆင့် သူ့ကို ဝေဖန်ပြောဆိုသူကို ရှာဖွေဖို့ ထိုင်းနှုတ်ခမ်းမွှေးကို ဆက်သွယ်လာတာပဲ ဖြစ်ပါတယ်။

  • ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်သိမ်းရ

    ဖားကန့်တိုက်ပွဲတွင်လည်း စစ်တပ်ထိခိုက်သေဆုံးမှုများဟုဆို

    ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက် စက်သေနတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “ဒီနေ့ကဗန်းမော်သံချပ်ကာတပ်ရင်းနဲ့ ၂၃၆ အဲဒီဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေ ထိခိုက်ကျဆုံးမှုများတယ်။ ပြီးတော့လည်း စခ လက်နက်တွေ ပွိုင့်ဖိုက်သေနတ်တွေသိမ်းမိထားတာရှိတယ်။ ကျည်ဆံတွေရောအများကြီးပဲ”ဟု ကချင်သတင်းရင်းမြစ်က စက်တင်ဘာ ၈ ရက် ညပိုင်း၌ ပြောသည်။

    စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်းနှင့် ခလရ(၂၃၆)တပ်ရင်းကို ယခင်ကတည်း က KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ ပြီးခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အပြန်အလှန် ထိုးစစ်ဆင်နေသကဲ့သို့ ဩဂုတ်လအတွင်း တိုက်ပွဲများလည်း ဆက်တိုက်ပြင်းထန်ခဲ့သည်။

    ဗန်းမော်တိုက်ပွဲ သိမ်းရခဲ့သည့် လက်နက်များတွင် စက်သေနတ်ကြီး အမျိုးအစားများဖြစ်သော ပွိုင့်ဖိုက် ၁ လက်၊ 14.5 ၁ လက်နှင့် ဆက်စပ်ကျည်ဆံများစွာ သိမ်းရခဲ့ဟု ဆိုသည်။

    ထို့ပြင် ဖားကန့်မြို့နယ်၌လည်းစက်တင်ဘာ ၈ ရက်နှင့်စက်တင်ဘာ ၇ ရက်က တိုက်ပွဲပြင်းထန်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

    “ဖားကန့်ဘက်မှာက မနေ့ကမနက်ကရယ် မနေ့ညရယ်၊ ဒီမနက်ရယ် အဲဒီ ဖားကန့်ဆန်းကြွယ်နဲ့ မော်တောင်းဘက်မှာတိုက်ပွဲဖြစ်တာ။ စခတွေအယောက်သုံးဆယ်လောက် သေတယ်။ အကြီးအကျယ်ပဲ တော်တော်လေးအထိနာသွားတယ်။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ဖားကန့်နှင့် ဗန်းမော်တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    ဖားကန့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများရမ်းသမ်း ပစ် ခတ်နေ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက်ရှိနေကြောင်းလည်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

    (ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − ပေးပို့)