ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ

ရန်ကုန်မြို့တွင် တစ်ပတ်တာအတွင်း မတရားဖမ်းဆီးခံရသူ အယောက်၄၀ရှိကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ၁ရက်မှ ၇ရက်အတွင်း တာမွေ၊ သာကေတ၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ သန်လျင်၊ ဗဟန်း နှင့် တောင်ဥက္ကလာမြို့နယ်တို့၌ လူ ၄၀ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၁၂ ဦးထိရှိကာ အများဆုံးဖြစ်ကြောင်း RSN က စက်တင်ဘာ ၈ ရက်က သတင်း ထုတ်ပြန်သည်။

ဧည့်စာရင်းစစ်ကာ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး RSN တာဝန်ရှိသူက “သင်္ဃန်းကျွန်း၊ ငမိုးရိပ်ဘက်မှာ ၇ ယောက် နဲ့ တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ ၅ ယောက်ပါ။ သင်္ဃန်းကျွန်းက ၇ ယောက်ကိုတော့ ဧည့် စာရင်းမတိုင်ထားလို့ဆိုပြီး ဖမ်းခေါ်သွားတာပါ။ တောင်ဥက္ကလာ ၅ ယောက်ကတော့ အကြောင်း ရင်း မသိပါဘူးဗျ။ ဧည့်စာရင်း မတိုင်ထားလို့ ခေါ်သွားတာလို့ပဲ ထင်ပါတယ်”ဟု ပြောသည်။

မတရားဖမ်းဆီးခံရသူ ၄၀ထဲတွင် သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၄ ဦး၊ လမ်းဘေးထိုင် နေ၍ဟုဆိုကာ အဖမ်းခံရသူ ၄ ဦး၊ လမ်းမပေါ် ရှောင်တခင်အစစ်ခံရပြီး အဖမ်းခံရသူ ၈ ဦး၊ လမ်းမ ပေါ် ရမ်းသန်းအဆွဲခံရသူ ၃ ဦး၊ အရက်ဆိုင်ထဲ ဝင်ဖမ်းခံရသူ ၅ ဦးနှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၄ ဦး ပါဝင်ကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို တပ်အပ် မသိရသေးပါဘူးဗျ။ စစ်မှုထမ်းအမှတ်စဉ် ၁၇ စဖို့လည်း နီးလာပြီဆိုတော့ အဲ့အတွက် အဓိက လိုက်ဆွဲနေတာလို့တော့ ယူဆပါတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

စက်တင်ဘာ ၆ ရက်ညက သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ မေတ္တာလမ်းထဲရှိ အရက်ဆိုင်ထဲက လူ ၅ ဦးကို စစ်အုပ်စုဝင်တို့က ဖမ်းဆီးသွားကြောင်း သိရသည်။

Photo – ပုံဟောင်းဖြစ်ပါတယ်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *