Category: News

  • နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် တပ်မ ၉၉ မှ အင်အား ၅၀၀ ခန့်ပြုန်းတီး

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ အင်အား ၅၀၀ ခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်း စစ်သတင်းရင်းမြစ်ထံမှ သိရသည်။

    ယခု စက်တင်ဘာ ရက်ပိုင်းအတွင်း စစ်ကော်မရှင်၏ တပ်မနှစ်ခု တပ်အချိန်းအပြောင်းပြုလုပ်ထားပြီး ရိုးပေါ်နှင့် ပုသိမ်-မုံရွာလမ်းပေါ်တွင် စစ်ယာဉ်တန်းများ အတက်အဆင်းရှိကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီလက နတ်ရေကန်ဗျူဟာ ပတ်ဝန်းကျင်ကို စစ်အင်အား ၁၅၀၀ ခန့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    “တပ်မ ၉၉ရဲ့ ထိပ်တန်းလျှို့ဝှက်နဲ့ စာရွက်စာတမ်းပေးပို့ချက်တွေအရ အင်အား ၅၀၀ လောက် ပြန်းတီးသွားပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

    အဆိုပါ စစ်အင်အားများအနက် ၃၀၀ ခန့်ကို ငဖဲမြို့နယ်အတွင်း တပ်ဖျောက်ဖြန့်ကြဲ ပို့ဆောင်ထားပြီး ရရှိထားသည့်အချက်အလက်အရ နတ်ရေကန် စုပုံ ရိက္ခာစခန်းကို အင်အား ၇၀၀ စာသာ ရိက္ခာပို့ရကြောင်း သိရသည်။

    စုပုံပေးပို့သည့် ရိက္ခာဆန်အိတ်များအရ ပဒါန်းလမ်းဆုံမှ ကမ္ဘာလုံးစခန်းအထိ အင်အား ၇၀၀ ဝန်းကျင်သာရှိတော့ပြီး ဆုံကုန်းအထိတပ်ဖြန့်ထားသည့် အင်အား ၃၀၀ နှင့်ပူးပေါင်းလျှင် အင်အား သုံးပုံတစ်ပုံ ပြုန်းတီးသွားပြီဖြစ်ကြောင်း သိရသည်။

    လပိုင်းအတွင်း တပ်မ ၉၉ မှ တပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရ၊ အလံဖြူထောင်၊ ထွက်ပြေးနှင့် ထောင်ချခံရသူ အရေအတွက်မှာ အင်အား ၅၀၀ အောက်မလျော့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    တပ်အချိန်းအပြောင်းနှင့် ရိုးပေါ်မှပြန်ဆင်းလာသည့် တပ်မ ၉၉ တပ်ဖွဲ့သည်လည်း အင်အား ၇၀၀ ခန့်သာရှိကြောင်း သိရသည်။

    ထို့အပြင် အာရက္ခတပ်တော် (AA) သည် တပ်မ ၉၉၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ နည်းဗျူဟာမှူး နှင့်အဖွဲ့ကို ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

  • ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေ ထီးချိုင့်နယ်ထဲ ရောက်ရှိ

    ဗန်းမော်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်အုပ်စု သင်္ဘောတွေ ထီးချိုင့်နယ်ထဲ ရောက်ရှိ

    မန္တလေးအထက် မတ္တရာမှာ မြစ်အတွင်းသွား မော်တော်တွေကို စစ်အုပ်စုက ပစ်ခတ်လို့ ပြည်သူ နှစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘော ၁၂ စီးဟာ ထီးချိုင့်နယ်ထဲကို ရောက်ရှိနေပြီး မြစ်ကမ်းတလျောက် မြို့၊ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ သတိပြုကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ စက်တင်ဘာ ၅ရက်မှာ ဗန်းမော်ကနေ အောက်ဘက်ကို ပြန်လည် စုန်ဆင်းသွားတာ ဖြစ်ပြီး သင်္ဘောတွေပေါ်မှာ ဗန်းမော်မြို့ပေါ်ကနေ ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို တင်ယူသွားတာလို့ ဆိုပါတယ်။

    အဲ့ဒီ ရေယာဉ်တွေကို Y-12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေး ယူပေးနေတယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၆ ရက် မနေ့က ညပိုင်း စစ်ကိုင်းတိုင်း ကသာနယ် သံပုရာကျွန်းမှာ ညအိပ်ခဲ့တဲ့ အဲ့ဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ ဒီကနေ့ စက်တင်ဘာ ၇ရက် မနက် ၁၁နာရီလောက်မှာ ထီးချိုင့်နယ် ကျော်မှော်ရွာအနီး ရောက်ရှိနေပြီလို့ ထီးချိုင့်နယ် မြေပြင်ကင်းထောက် Tigyaing Revolution – TR က ဖော်ပြပါတယ်။

    လက်ရှိမှာ စစ်အုပ်စု သင်္ဘောတွေရဲ့ ရန်ကြောင့် ထီးချိုင့်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်းနယ် မြစ်ကမ်းဘေး မြို့၊ရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    တချိန်တည်းမှာပဲ ဒီကနေ့ စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်း မန္တလေးမြို့ရဲ့ အထက်ဘက်၊ မတ္တရာနယ်အနောက်ခြမ်းမှာ မြစ်အတွင်း သွားလာနေတဲ့ မော်တော်တွေကို စစ်အုပ်စုက ရမ်းကားပစ်ခတ် သတ်ဖြတ်လို့ ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network က ဖော်ပြပါတယ်။

    “မတ္တရာမြို့နယ် အနောက်ခြမ်း ရွာတန်းရှည်ရွာ၊ မိုးကြိုးရွာထဲတို့တွင် ရှိနေသော ခွေးများသည် မြစ်ကြောင်းတွင် မောင်းနှင်နေသော ပြည်သူမော်တော် အသေးနှစ်စီးအား လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ရာ မော်တော်အသေး တစ်စီးပေါ်ရှိ ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံး” လို့ Wetlet Informational Network က ဆိုပါတယ်။

    စစ်အုပ်စုဟာ သင်္ဘောတွေ မန္တလေးကနေ စတင်ဆန်တက်ချိန်ကလည်း မတ္တရာနယ်က စတင်ပြီး ဗန်းမော်အထိ မြစ်ကမ်းတလျှောက် မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲ၊ သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးသလို ဝက်လက်နယ် မြစ်ရိုးရှိ ကျေးရွာ သုံးရွာ ဗုံးကြဲခံရမှုမှာ ပြည်သူ ၂၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက် ဆန်တက်တဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်စဉ်/Photo – CJ

  • မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွားလူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွားလူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    ရန်ကုန်-စလင်း-ဆင်ဖြူကျွန်း သို့ ပြေးဆွဲနေသည့် မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွားလူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    ရန်ကုန်-စလင်း-ဆင်ဖြူကျွန်း သို့ ပြေးဆွဲနေသည့် မိုးသောက်ရောင်နီ ကားပေါ် လိုက်ပါလာသော ခရီးသွား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

    စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်- စလင်း – ဆင်ဖြူကျွန်းကို ပြေးဆွဲနေသော ခရီးသည် ပို့ဆောင်ရေး ယာဥ်လိုင်းဖြစ်သည့် မိုးသောက် ရောင်နီကားပေါ် လိုက်ပါလာသော ရန်ကုန်မြို့မှ ပြန်လာသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်က အမျိုးသား ၁ ဦးကို မကွေး-ကံပြား စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၂ ဦးကို တောင်ညိုလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးက မကွေးဘက် ရောက်ခါနီး မကွေး-ကံပြား အကြမ်းဖက် စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံရတယ်။ အမျိုးသမီး ၂ ဦးကတော့ တောင်ညိုလမ်းပိုင်းမှာရှိတဲ့ စစ်ခွေး စစ်ဆေးဂိတ်မှာ ဖမ်းဆီးခံရတယ်လို့ သိရတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား ၁ ဦးက စလင်းမြို့နယ် ဆင်မာကျွန်း​ကျေးရွာကလို့ သိရတယ်။ အမျိုးသမီး ၂ ဦးရဲ့ နေရပ်လိပ်စာတော့ မသိရသေးဘူး”ဟု ပြည်သူ့ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

    အလားတူ စက်တင်ဘာလ ၄ ရက်နေ့ကလည်း ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာ စကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၂၀ အရွယ် လူငယ် အမျိုးသား ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

  • ဖုန်းဆိုင်မှာ ခြိမ်းခြောက်တဲ့ တပ်ကြပ်ကြီးဆိုသူ ဖမ်းဆီးခံရ

    ဖုန်းဆိုင်မှာ ခြိမ်းခြောက်တဲ့ တပ်ကြပ်ကြီးဆိုသူ ဖမ်းဆီးခံရ

    စစ်တပ်ကြပ် အစစ်မဟုတ်ဘူးလို့ စစ်လော်ဘီတွေက သတင်းဖြန့်

    မန္တလေးတိုင်း၊ မေမြို့က ဖုန်းဆိုင်တဆိုင်မှာ ဝန်ထမ်းတွေကို “ တစ်ဆိုင်လုံးကို PDF တွေပါဆိုပြီး ဖမ်းပြီး ဆွဲထည့်ထားလို့ရတယ်” လို့ ခြိမ်းခြောက်ခဲ့သူ စစ်အုပ်စု တပ်ကြပ်ကြီးအဆင့် စိုးဝင်း ဆိုသူကို စစ်အုပ်စုက ဖမ်းဆီးလိုက်ပါတယ်။

    ဒီလူဟာ စစ်သားအယောင်ဆောင် ဖြစ်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

    အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းအရ ထိုလူဟာ တပ်ကြပ်ကြီးဖြစ်ကြောင်း အော်ဟစ်ခြိမ်းခြောက်နေတာကြောင့် ဒီလိုအမူအကျင့်ကို စစ်အုပ်စု စစ်စစ်တွေကသာ လုပ်လေ့ရှိပြီး စစ်တပ်နဲ့ ရင်းနှီးဆက်စပ်မှု မရှိသူတွေကတော့ လုပ်မှာမဟုတ်ဘူး လို့ ဖေ့ဘုတ်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပေးပါတယ်။

    စစ်လော်ဘီတွေကတော့ CCTV ကိုမျှဝေတဲ့ Thi Ha ဖုန်းဆိုင်ကိုပါ ဖမ်းဖို့ စစ်တပ်ကို လှုံဆော်နေပြီး ဒါဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်ပါတယ်။

    နစ်နာသူကို ကာကွယ်ရမဲ့အစား ထပ်မံခြိမ်းခြောက်လာတာပဲ ဖြစ်ပြီး ဒါက တပ်ကြပ်ကြီးစိုးဝင်း မူးပြီးရမ်းကားတာထက် ပိုဆိုးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

    ပြည်သူကို ခြိမ်းခြောက်တဲ့ ရုပ်သံဖိုင် ပြန့်နှံ့လာပြီးနောက် စစ်အုပ်စုက ပြန်လည် ဖမ်းဆီးထားတဲ့ တပ်ကြပ်ကြီးအဆင့် စိုးဝင်း/Photo – စစ်အုပ်စု

  • ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်

    ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်

    “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းနောက်ကွယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြံအစည်က ဘာလဲ ”

    လွန်ခဲ့တဲ့နှစ်က ဒေါက်တာဇော်မြင့်မောင် ထောင်ထဲမှာ ကျန်းမာရေးမကောင်းဘူး ဆိုတဲ့ သတင်း အပြင်ထွက်လာတယ် ။

    သတင်းတွေထွက်လာပြီး မကြာခင်မှာ ဒေါက်တာဇော်မြင့်မောင်ကို လွှတ်ပေးလိုက်တယ်။ ရက်ပိုင်းမှာတင် ဆုံးသွားတယ်။

    ပြီးတော့ စာရေးဆရာ မောင်သာချိုကို လွှတ်ပေးလိုက်တယ်။ သိပ်မကြာခင်မှာ ဆုံးသွားတယ်။

    ဆရာမောင်သာချိုဟာ အာဏာမသိမ်းခင်က ကျန်းမာရေး ဒေါင်ဒေါင်မြည်သူတစ်ယောက်ပါ။

    မြန်မာပြည်သူတွေကို ဉာဏ်အလင်းတံခါးဖွင့်ပေးတဲ့ စာပေဟောပြောပွဲတွေမှာ ဟောပြောနေရင်း အာဏာသိမ်းချိန်မှာ အဖမ်းခံခဲ့ရတာပါ။

    ဆရာမောင်သာချို လွတ်လာချိန်မှာ ကျန်းမာရေးက မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆရာမောင်သာချိုနဲ့ ရင်းနှီးသူတွေက ကျွန်တော့်ကို ပြောပြပါတယ်။

    အမေစု နှလုံးရောဂါ ခံစားနေရပြီး စိုးရိမ်ဖွယ်အခြေအနေမှာ ရှိနေတယ် ဆိုတဲ့ သတင်းဟာ အမေစုရဲ့သားငယ် ကင်မ်အဲရစ်က နိုင်ငံတကာသတင်းဌာနတွေကို ပြောပြလို့ တစ်ကမ္ဘာလုံး သိရတဲ့သတင်းပါ။

    ကောင်းပြီ။

    “အမေစု ကျမ်းမာရေးမကောင်းဘူးဆိုတဲ့သတင်းကို ကင်မ်က ဘယ်လိုသိသလဲ …?”

    “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ”

    ဆိုသလို အာဏာသိမ်းစစ်တပ် အသိုင်းအဝန်းထဲကနေ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းပေးလိုက်တာပါ။

    “အမေစု ကျန်းမာရေးမကောင်းဘူးလို့ ဘာ့ကြောင့် သေသေချာချာ သတင်းဖွသလဲ ….?” ဆိုရင်…..

    အာဏာသိမ်းစစ်တပ်ဟာ အမေစုရဲ့ ညာလက်ရုံးကြီး ဒေါက်တာဇော်မြင့်မောင်အတိုင်း ကြံစည်နေတာလို့ သုံးသပ်ချင်ပါတယ်။

    နိုင်ငံတကာရဲ့အမြင်မှာ အမေစု နှလုံးရောဂါ အသည်းအသန် ခံစားနေရတယ်ဆိုတာကို ပါးပါးလေး အသိပေးတာပါ။

    တကယ်လို့ အမေစုသာ တိမ်းပါးသွားခဲ့မယ်ဆိုရင် နှလုံးရောဂါကို အပြစ်ပုံချဖို့ပါ။

    နောက်ပြီး “အမေစုကို ဒေါက်တာဇော်မြင့်မောင်လိုပဲ နောက်ဆုံးအခြေအနေရောက်မှအပြင်ထုတ်ပေးလိုက်ရင် ဘာဖြစ်လာမလဲ….? ” ဆိုတဲ့ အခြေအနေကိုလည်း အာဏာသိမ်းစစ်တပ်က တီးခေါက်ကြည့်ချင်ဟန်တူပါတယ် ။

    ဒီလို အမေစု ကျမ်းမာရေးအခြေအနေ စိုးရိမ်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာကတည်းက အမေစုဟာ အမှန်တကယ် ကျန်းမာရေးအခြအနေ စိုးရိမ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

    “ထမင်းစစ်စစ်လေး စားချင်တယ်” ဆိုတဲ့ အမေစုရဲ့ စကားအသွားအလာကိုကြည့်မယ်ဆိုရင် အမေစုဟာ အသက်မသေဖို့ သူတို့ကျွေးတာ စားနေရပေမယ့် အစားအသောက်တွေထဲမှာ ကြိုတင်ကြံစည်မှု့တွေ ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

    ထောင်ကလွတ်လာသူအချို့ရဲ့ ပြောပြချက်အရ ရောဂါလက္ခဏာနဲ့ မသက်ဆိုင်ပဲ ဘာမှန်းမသိတဲ့ ဆေးတွေကို ထောင်အာဏာပိုင်တွေက အတင်းအကျပ် ထိုးပေးတတ်တယ်လို့လည်း သိရပါတယ်။

    နိုင်ငံရေးအကျဉ်းသားဟာ အပြင်ကိုရောက်လာချိန်မှာ ထောင်ထဲက အကြောင်းအရာတွေ မမှတ်မိပဲ ဖြစ်နေတတ်သလို မကြာခင်ကာလအတွင်းမှာလည်း ဆုံးပါးသွားတတ်တယ်လို့ သိရပါတယ်။

    ဆိုတော့… အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလအထိ အမေစုကို သက်ရှိထင်ရှား ရှိနေတာ မြင်လိုဟန်မတူတဲ့အတွက် သူတို့ရဲ့ ကောက်ကျစ်တဲ့ဗျူဟာကို ထုတ်သုံးလာပါပြီ။ မြန်မာပြည်သူတွေကို သွေးတိုးစမ်းလိုက်တာပါ။

    သဘာဝတရားအရ အသက် ၈၀ အရွယ်ဆိုတာ ဇရာလက္ခဏာတွေ ခံစားလာရမှာ မလွဲပါဘူး။

    သို့ပေမယ့် နဂို ရောဂါအခံမရှိတဲ့ အမေစုဟာ ပြန်ပေးဆွဲခံရသလို အခြေအနေမျိုးကို ရောက်ပြီးမှ ရောဂါလက္ခဏာတွေ အသိပေးလာတာကတော့ ထူးခြားနေပါတယ်။

    နိုင်ငံတကာ အဖွဲ့အစည်းကြီးအနေနဲ့ အမေစုရဲ့ ကျန်းမာရေးအခြေအနေကို သေသေချာချာ စစ်ဆေးပေးဖို့ အချိန်တန်နေပါပြီ ။

    အမေစုတင်မကပဲ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေ အားလုံးအတွက် ဆေးစစ်ပေးဖို့လိုပါတယ်။

    ဆိုတော့… အမေစု ကျန်းမာရေးမကောင်းဘူးဆိုတဲ့သတင်းဟာ အာဏာသိမ်းစစ်တပ်ဘက်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖွပေးလိုက်ပြီး ယုတ်မာပက်စက်တဲ့ အကြံအစည်တွေ ရှိနေတယ်လို့ အသိပေး သုံးသပ်ချင်ပါတယ်။

    ဘကြီးအောင် LA