မန္တလေးအထက် မတ္တရာမှာ မြစ်အတွင်းသွား မော်တော်တွေကို စစ်အုပ်စုက ပစ်ခတ်လို့ ပြည်သူ နှစ်ဦး သေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘော ၁၂ စီးဟာ ထီးချိုင့်နယ်ထဲကို ရောက်ရှိနေပြီး မြစ်ကမ်းတလျောက် မြို့၊ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ သတိပြုကြဖို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ စက်တင်ဘာ ၅ရက်မှာ ဗန်းမော်ကနေ အောက်ဘက်ကို ပြန်လည် စုန်ဆင်းသွားတာ ဖြစ်ပြီး သင်္ဘောတွေပေါ်မှာ ဗန်းမော်မြို့ပေါ်ကနေ ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို တင်ယူသွားတာလို့ ဆိုပါတယ်။
အဲ့ဒီ ရေယာဉ်တွေကို Y-12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေး ယူပေးနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၆ ရက် မနေ့က ညပိုင်း စစ်ကိုင်းတိုင်း ကသာနယ် သံပုရာကျွန်းမှာ ညအိပ်ခဲ့တဲ့ အဲ့ဒီ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ ဒီကနေ့ စက်တင်ဘာ ၇ရက် မနက် ၁၁နာရီလောက်မှာ ထီးချိုင့်နယ် ကျော်မှော်ရွာအနီး ရောက်ရှိနေပြီလို့ ထီးချိုင့်နယ် မြေပြင်ကင်းထောက် Tigyaing Revolution – TR က ဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စု သင်္ဘောတွေရဲ့ ရန်ကြောင့် ထီးချိုင့်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်းနယ် မြစ်ကမ်းဘေး မြို့၊ရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီကနေ့ စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်း မန္တလေးမြို့ရဲ့ အထက်ဘက်၊ မတ္တရာနယ်အနောက်ခြမ်းမှာ မြစ်အတွင်း သွားလာနေတဲ့ မော်တော်တွေကို စစ်အုပ်စုက ရမ်းကားပစ်ခတ် သတ်ဖြတ်လို့ ပြည်သူ နှစ်ဦး သေဆုံးတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network က ဖော်ပြပါတယ်။
“မတ္တရာမြို့နယ် အနောက်ခြမ်း ရွာတန်းရှည်ရွာ၊ မိုးကြိုးရွာထဲတို့တွင် ရှိနေသော ခွေးများသည် မြစ်ကြောင်းတွင် မောင်းနှင်နေသော ပြည်သူမော်တော် အသေးနှစ်စီးအား လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ရာ မော်တော်အသေး တစ်စီးပေါ်ရှိ ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံး” လို့ Wetlet Informational Network က ဆိုပါတယ်။
စစ်အုပ်စုဟာ သင်္ဘောတွေ မန္တလေးကနေ စတင်ဆန်တက်ချိန်ကလည်း မတ္တရာနယ်က စတင်ပြီး ဗန်းမော်အထိ မြစ်ကမ်းတလျှောက် မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲ၊ သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးသလို ဝက်လက်နယ် မြစ်ရိုးရှိ ကျေးရွာ သုံးရွာ ဗုံးကြဲခံရမှုမှာ ပြည်သူ ၂၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက် ဆန်တက်တဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်စဉ်/Photo – CJ


Leave a Reply