Category: News

  • ပျောက်ဆုံး ၆ နှစ်ကလေးငယ်ကို ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

    ပျောက်ဆုံး ၆ နှစ်ကလေးငယ်ကို ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ကို အသတ်ခံထားရတဲ့ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    နောင်နန်းကျေးရွာ၊ နယ်မြေ ၂ မှာနေထိုင်တဲ့ မလဘူမေရီ နန်ဇင်ဟာ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီကျော်ကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က နေအိမ်နဲ့ မလှမ်းမကမ်း ဝါးရုံရှိတဲ့ ချုံတောဘေးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။

    ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ရွာထဲက အဖွားတယောက်က ယင်ကောင်တွေဝဲပြီး အနံ့ထွက်နေတဲ့အတွက် သွားကြည့်လိုက်တော့ အင်္ကျီကို အရင်လှမ်းတွေ့တာ။ သေသေချာချာ သွားကြည့်လိုက်တော့မှ ပျောက်နေတဲ့ကလေးဖြစ်နေတာ။ ကလေးက ကျောင်းကအပြန်မှာ ပျောက်သွားတာ” လို့ ပြောပါတယ်။

    သေဆုံးလျက်ပြန်တွေ့ရှိတဲ့ ကလေးရဲ့ရုပ်အလောင်းဟာ ပုပ်ပွတဲ့အထိဖြစ်နေတဲ့အတွက် ကူညီကယ်ဆယ်ရေးသမားတွေက အလောင်းကို ခက်ခက်ခဲသယ်ယူခဲ့ရတယ်လို့ သိရပါတယ်။

    ဒေသခံကူညီကယ်ကယ်ရေးအဖွဲ့ဝင်တယောက်က “တွေ့ရှိတဲ့ အလောင်းကတော့ ပျောက်ဆုံးနေတဲ့ ကလေး မှန်ကန်ပါတယ်။ ကိုယ်လက်အင်္ဂါအချို့ မစုံလင်တော့တဲ့ အနေအထားနဲ့ တွေ့ရတာ” လို့ ပြောပါတယ်။

    သေဆုံးလျက်တွေရှိရတဲ့ ကလေးဟာ KG တန်းတက်နေတဲ့ကလေးဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ ၃ ရက်ကြာပျောက်ဆုံး နေတဲ့ ဆယ်တန်းကျောင်းသားကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

  • ဘုတလင်တွင် စစ်သားများပစ်ခတ်သဖြင့် မိခင်နာရေးလာ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံး

    ဘုတလင်တွင် စစ်သားများပစ်ခတ်သဖြင့် မိခင်နာရေးလာ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်က စစ်သားတွေကပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးသွားပြီး ၁ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။

    စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “ရှမ်းတဲကျေးရွာမှာ နာရေးလိုက်ပို့ပြီး ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေကို စစ်သားတွေက ကားနဲ့လိုက်ပစ်လို့ သမီးယောင်းမ ၂ ယောက် ဆုံးသွားပါတယ်” လို့ ပြောပါတယ်။

    သေဆုံးသွားကြသူတွေဟာ အသက် ၄၁ နှစ်အရွယ် မကြူမ နဲ့ အသက် ၃၀ ကျော်အရွယ် မအေးသီ တို့ဖြစ်ကြပြီး သူတို့မိသားစု​ဝင်တွေထဲက ကျည်ထိမှန်ပြီး လက်တဖက်ပြတ်သွားသူ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။

    “သူတို့မိသားစုရဲ့ဖြစ်ရပ်က ရင်နင့်ဖွယ်ကောင်းပါတယ်ဗျာ။ သူတို့က စစ်ဘေးရှောင်နေကြရင်း ကြူမ ရဲ့ အမေဆုံးလို့ ရှမ်းတဲရွာကိုပြန်လာပြီး နာရေးကိစ္စဆောင်ရွက်ကြတာ။ သူတို့အမေကို သင်္ဂြိုလ်နေတဲ့အချိန် ရှမ်းတဲရွာထဲကို စစ်သားတွေက အိမ်စီးကားနဲ့ဝင်လာတဲ့အချိန်မှာ သူတို့လည်း ဈာပနလုပ်ရင်းတန်းလန်း ထွက်ပြေးကြရင်း လမ်းဘေးမှာရှိတဲ့ ရေအိုးစင်လေးရှိတဲ့ ဇရပ်မှာနားနေကြရင်း စစ်သားတွေက ကားနဲ့လိုက်လာပြီး ပစ်သွားတာ။ မကြူမနဲ့ မအေးသီ တို့ကတော့ နေရာမှာတင်ဆုံးသွားတယ်။ မအေးသီမှာက ကိုယ်ဝန် ၆ လလောက်ရှိတယ်လို့သိရတယ်။ အဲဒီစစ်သားတွေက ဘုတလင်မြို့ပေါ်ကပဲ။ သူတို့က ရှမ်းတဲရွာနဲ့ကပ်နေတဲ့ သပြေပင်ရွာမှာ တပ်စွဲနေကြတာ။ ဘုတလင်နဲ့ ရှမ်းတဲဆိုတာက နီးနီးလေးရယ်” လို့ ပြောပါတယ်။

    အဲဒီစစ်သားတွေဟာ သူတို့တပ်စွဲနေတဲ့ ​သပြေပင်ကျေးရွာအပြင် နှောရင်းကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေကိုဝင်ရောက်ပြီး ​ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအပြင် ပြည်သူတွေကို စိတ်မထင်ရင်မထင်သလို ပစ်ခတ်သတ်ဖြတ်နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

    ပြီးတော့ သြဂုတ် ၃၁ ရက်နေ့ကစလို့ ဘုတလင်မြို့နယ် အရှေ့တောင်ဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေသလို လေကြောင်းကပါတိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူ ၂၅,၀၀၀ ဝန်းကျင်ဟာ နေရာစွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

  • မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌  ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ

    မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ

    မြင်းခြံတွင် မြေကွက်‌ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မြေကွက်‌ ရောင်းဝယ်ရာ၌ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ကို ကျပ်သိန်းထောင်ချီ၍ ဆက်ကြေးပုံစံ ပေးနေရကြောင်းသိရသည်။

    မြို့ပေါ်ရပ်ကွက် အမှတ် (၂၀)၊အမှတ်(၁၆)၊ အမှတ်(၁၄)နှင့် ကျေးရွာအနီးရှိ ရတီကွင်းတို့မှ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေများကို အကွက်ရိုက်ရောင်းလျှင် တကြိမ်ကို သိန်း ၅၀၀ မှ သိန်း၂,၀၀၀ အထိ အမြဲပေးနေရကြောင်း မြေကွက်ပိုင်ရှင်တဦးက ပြောသည်။

    “ကွက်စိပ်ကို တခါရိုက်ရင် သိန်းထောင်ချီပေးရတယ်။ ကျွန်တော့ လက်တွေ့ပေးရတာပဲ။ ဂရန်ရော ဘိုးဘွားပိုင်ရော လုပ်သမျှ အကုန်တောင်းတာ။ မြေသမား၊ အရောင်းသမားတွေ အကုန်ပေးနေရတာ။ အကွက်ရိုက်ရင် အဓိကပေးရတာ ၁,၀၀၀ ပေးရင်ရိုက်ပေါ့။ သူ့ကိုမပြောဘဲရိုက်ရင် ၃,၀၀၀ အထိတောင်းရင် တောင်းတာ”ဟု ၎င်းက ပြော သည်။

    မြင်းခြံမြို့ပေါ်တွင် အဝယ်သမားများမှ စုပေါင်းစပ်ပေါင်းပုံစံဖြင့် မြေကွက်ဧကနှင့်ချီကာ ဝယ်ယူလေ့ရှိပြီး အကွက် ရိုက်၍ ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။ ယင်းကဲ့သို့ရောင်းလျှင် ရောင်းရငွေအမြတ်အစွန်းမှ အချို့ကိုသီတာယုမွန်အဖွဲ့ထံ လိုင်းကြေး/ဆက်ကြေးပုံစံဖြင့် ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။

    “ တလ တလကို ဝယ်တဲ့အပေါ်မူတည်ပြီး သိန်းထောင်ချီပြီးရတယ်။ အခု ရှစ်လပိုင်း တလထဲကို သီတာယုမွန်က သိန်း ၇,၀၀၀ ကျော်လောက်ရတယ်။ သူ့ကိုပေးမှ မြေအရောင်းအဝယ်က တရားဝင်တာ။ သူ့ကိုမပေးဘူးဆိုရင် ခြံစည်းရိုးတိုင်တွေ ဖျက်ဆီးတယ်။ ဝယ်ပြီးလာနေတဲ့သူတွေကို နှင်ထုတ်တယ် အမျိုးမျိုးနှောင့်ယှက်တယ်”ဟု နောက်ထပ်မြေအရောင်းသမားတဦးက ပြောသည်။

    အဆိုပါကိစ္စရပ်မှာ မှန်ကန်ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ကလည်း အတည်ပြုသည်။

    မြေကွက်အရောင်းသမားများအနေဖြင့် ယခုလို ဆက်‌ကြေးပေးနေသည်မှာ အရပ်သားပြည်သူများကို ဖမ်းဆီးသတ် ဖြတ်ရန် အထောက်အပံ့ပေးသကဲ့သို့ ဖြစ်နေခြင်းကြောင့် လတ်တလော ကာလတွင် မြေအရောင်းအဝယ်မလုပ်ရန် ဖိအားပေးနေသူများလည်းရှိကြောင်း မြင်းခြံမြို့ခံများက ဆိုသည်။

    သီတာယုမွန်တို့ ပျူစောထီးအဖွဲ့သည် စစ်အုပ်စုနှင့်ပူးပေါင်း၍ မြင်းခြံမြို့ပေါ်သာမက ကျေးရွာများသို့ ဆက်ကြေးများကောက်ခံခြင်း၊ ကုန်စုံဆိုင်ဈေးဆိုင်ကြီးများကိုလည်း မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ ကွမ်း၊ ဆေးလိပ်ဖိုးစသည့် ကုန်ကျစရိတ်များအတွက် ငွေတောင်းခံလေ့ရှိကြောင်း မြင်းခြံမြို့ခံများထံက သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်ကလည်း မြင်းခြံ၊ခေါင်းကွဲကျေးရွာရှိ သန့်စင် စက်သုံးဆီဆိုင်တွင် တပ်စွဲထားသည့် သီတာယုမွန်၏ ပျူစောထီးအဖွဲ့သည် ၎င်းတို့၏ စားသောက်စရိတ်နှင့် အခြားသုံးစွဲမှုများအတွက် ငွေကျပ် ၂,၀၀၀,၀၀၀ ကို အုပ်ချုပ်ရေးမှူး ဦးထွန်းမော်ဦးထံ တောင်းခံခဲ့သည်။

    ထိုသို့တောင်းခံရာတွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးထွန်းမော်ဦး၏ ဇနီးကငွေကြေးပေးရမည်ကိုငြင်းဆိုသဖြင့် ဒေါ်သီတာယုမွန်က ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်း လုပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူထံက သိရသည်။

    ထို့အပြင် လတ်တလော မြင်းခြံမြို့နယ်ရှိကျေးရွာအချို့တွင် စစ်‌ကောင်စီတပ် စစ်ကြောင်းထိုးနေချိန်တွင် မသီတာယုမွန်၏ ပျူစောထီးအဖွဲ့က မြင်းခြံမြို့ပေါ်တွင်သာမက လူမနေထိုင်တော့သည့် ကျေးရွာများရှိ အရပ်သားများ၏ နေအိမ်များအတွင်း ပစ္စည်းများနှင့် ပရိဘောဂများကို ဖောက်ထွင်းသယ်ဆောင်ခြင်း၊ ဘုန်းကြီးကျောင်းမှ ဘုရားဆင်းတုတော်များပါ မကျန် သယ်ဆောင်သွားကြောင်းဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

    စစ်ကော်မရှင်တပ်နှင့် ပျူစောထီးအဖွဲ့သည် မြင်းခြံမြို့နယ်ရှိကျေးရွာပေါင်း ၁၀ ရွာကျော်ကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်မှာ ဇူလိုင်လလယ်မှစ၍ ယနေ့ စက်တင်ဘာလ ၆ ရက် အထိ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

  • ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

    ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို

    မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ပြောကြားသည်။

    စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short Range Missile ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး လူနာ တင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

    ထို့အပြင် ခလရ -၁၃ ထဲ၌ ရောက်ရှိနေသည့် ပေါက်မှ ရိက္ခာပို့ပြန်လာသော မော်တော်ယာဉ် အစီး ၉၀ အနက် အချို့ယာဉ်များလည်း ထိမှန် ပျက်စီးကာ မောင်းနှင်၍ရသော မော်တော်ယာဉ်များကို ညတွင်း ချင်း ကျောက်ပန်း‌တောင်း မြို့ကို ဦးတည်၍ သုတ်ခြေတင်မောင်းနှင်သွားကြောင်း သိရသည်။

    အလားတူ စလေမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းတို့ကို ရှော့ တိုက်ဒုံး -Short Range Missile ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး Error ဖြစ်ပြီး ၆ လုံးမှာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်သားများသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ” ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်း ပေးနေတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေ ထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားလည်းဆိုတာကို သိနိုင်တယ်။” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦးမှ Cyrus က ပြောကြားသည်။

    ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၅ ဦးကျော်ရှိကာ သေဆုံးသွားသော အကြမ်းဖက်စစ်သားများကိုလည်း ညတွင်းချင်း ခိုးကြောင် ခိုးဝှက်ဖြင့် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သော သိန်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးနှင့် ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက် ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက် မှုတွေရှိလာ နိုင် လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန် ရေးတပ်ဦးမှ Cyrus က ပြောဆိုသည်။

  • မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာမှာ လူ ၃ ဦးမှာ ၁ဦး ဝဝလင်လင်မစားနိုင်တော့

    မြန်မာနိုင်ငံမှာ လူ ၃ ဦးမှာ ၁ ဦးနှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကဆိုပါတယ်။

    စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ မြန်မာက ဆာလောင် မွတ်သိပ်မှုကို ကိုရီးယားနိုင်ငံနဲ့ ပူးတွဲလုပ်ဆောင်မယ့် REACH အစီအစဥ်အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဆိုထားတာပါ။

    မြန်မာမှာ လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်ကထက် သိသိသာသာတိုးမြင့်လာတယ်လို့ WFP ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    ပြီးခဲ့တဲ့နှစ်က ဝဝလင်လင်မစားနိုင်တဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းရှိခဲ့တာကြောင့် တစ်နှစ်အတွင်းလူ ၃ သန်းလောက် တိုးလာပါ။

    အခုတိုးမြင့်လာတဲ့ အရေအတွက်ထဲကမှ လူ ၂ ဒသမ ၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

    ၂၀၂၁ ခုနှစ်အစောပိုင်းကထက် ကုန်ဈေးနှုန်း ၄ ဆအထိတိုးမြင့်လာတာကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ အခြေခံစားသောက်ကုန်တွေကို မဝယ်စားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ WFP ကဆိုပါတယ်။

    ကိုးရီးယားနိုင်ငံက WFP နဲ့ပူးပေါင်းပြီး REACH အစီအစဥ်နဲ့ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသက လူဦးရေ ၃ သိန်းဝန်းကျင် အတွက် နှစ်လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် ငွေသားထောက်ပံ့ပေးဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ။

    ဒါအပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ် ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးသွားမယ်လို့ ပြောထားပါတယ်။

    WFP ဟာ ရန်ပုံငွေမလုံလောက်တာကြောင့် မြန်မာက လူတစ်သန်းအတွက် အရေးပေါ်အကူအညီ ပေးတာကို ဒီနှစ်ဧပြီမှာ ရပ်တန့်ခဲ့ရပါတယ်။