မြင်းခြံတွင် မြေကွက်ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မြေကွက် ရောင်းဝယ်ရာ၌ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ကို ကျပ်သိန်းထောင်ချီ၍ ဆက်ကြေးပုံစံ ပေးနေရကြောင်းသိရသည်။
မြို့ပေါ်ရပ်ကွက် အမှတ် (၂၀)၊အမှတ်(၁၆)၊ အမှတ်(၁၄)နှင့် ကျေးရွာအနီးရှိ ရတီကွင်းတို့မှ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေများကို အကွက်ရိုက်ရောင်းလျှင် တကြိမ်ကို သိန်း ၅၀၀ မှ သိန်း၂,၀၀၀ အထိ အမြဲပေးနေရကြောင်း မြေကွက်ပိုင်ရှင်တဦးက ပြောသည်။

“ကွက်စိပ်ကို တခါရိုက်ရင် သိန်းထောင်ချီပေးရတယ်။ ကျွန်တော့ လက်တွေ့ပေးရတာပဲ။ ဂရန်ရော ဘိုးဘွားပိုင်ရော လုပ်သမျှ အကုန်တောင်းတာ။ မြေသမား၊ အရောင်းသမားတွေ အကုန်ပေးနေရတာ။ အကွက်ရိုက်ရင် အဓိကပေးရတာ ၁,၀၀၀ ပေးရင်ရိုက်ပေါ့။ သူ့ကိုမပြောဘဲရိုက်ရင် ၃,၀၀၀ အထိတောင်းရင် တောင်းတာ”ဟု ၎င်းက ပြော သည်။
မြင်းခြံမြို့ပေါ်တွင် အဝယ်သမားများမှ စုပေါင်းစပ်ပေါင်းပုံစံဖြင့် မြေကွက်ဧကနှင့်ချီကာ ဝယ်ယူလေ့ရှိပြီး အကွက် ရိုက်၍ ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။ ယင်းကဲ့သို့ရောင်းလျှင် ရောင်းရငွေအမြတ်အစွန်းမှ အချို့ကိုသီတာယုမွန်အဖွဲ့ထံ လိုင်းကြေး/ဆက်ကြေးပုံစံဖြင့် ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။
“ တလ တလကို ဝယ်တဲ့အပေါ်မူတည်ပြီး သိန်းထောင်ချီပြီးရတယ်။ အခု ရှစ်လပိုင်း တလထဲကို သီတာယုမွန်က သိန်း ၇,၀၀၀ ကျော်လောက်ရတယ်။ သူ့ကိုပေးမှ မြေအရောင်းအဝယ်က တရားဝင်တာ။ သူ့ကိုမပေးဘူးဆိုရင် ခြံစည်းရိုးတိုင်တွေ ဖျက်ဆီးတယ်။ ဝယ်ပြီးလာနေတဲ့သူတွေကို နှင်ထုတ်တယ် အမျိုးမျိုးနှောင့်ယှက်တယ်”ဟု နောက်ထပ်မြေအရောင်းသမားတဦးက ပြောသည်။
အဆိုပါကိစ္စရပ်မှာ မှန်ကန်ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ကလည်း အတည်ပြုသည်။
မြေကွက်အရောင်းသမားများအနေဖြင့် ယခုလို ဆက်ကြေးပေးနေသည်မှာ အရပ်သားပြည်သူများကို ဖမ်းဆီးသတ် ဖြတ်ရန် အထောက်အပံ့ပေးသကဲ့သို့ ဖြစ်နေခြင်းကြောင့် လတ်တလော ကာလတွင် မြေအရောင်းအဝယ်မလုပ်ရန် ဖိအားပေးနေသူများလည်းရှိကြောင်း မြင်းခြံမြို့ခံများက ဆိုသည်။
သီတာယုမွန်တို့ ပျူစောထီးအဖွဲ့သည် စစ်အုပ်စုနှင့်ပူးပေါင်း၍ မြင်းခြံမြို့ပေါ်သာမက ကျေးရွာများသို့ ဆက်ကြေးများကောက်ခံခြင်း၊ ကုန်စုံဆိုင်ဈေးဆိုင်ကြီးများကိုလည်း မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာ၊ ကွမ်း၊ ဆေးလိပ်ဖိုးစသည့် ကုန်ကျစရိတ်များအတွက် ငွေတောင်းခံလေ့ရှိကြောင်း မြင်းခြံမြို့ခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်ကလည်း မြင်းခြံ၊ခေါင်းကွဲကျေးရွာရှိ သန့်စင် စက်သုံးဆီဆိုင်တွင် တပ်စွဲထားသည့် သီတာယုမွန်၏ ပျူစောထီးအဖွဲ့သည် ၎င်းတို့၏ စားသောက်စရိတ်နှင့် အခြားသုံးစွဲမှုများအတွက် ငွေကျပ် ၂,၀၀၀,၀၀၀ ကို အုပ်ချုပ်ရေးမှူး ဦးထွန်းမော်ဦးထံ တောင်းခံခဲ့သည်။
ထိုသို့တောင်းခံရာတွင် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးထွန်းမော်ဦး၏ ဇနီးကငွေကြေးပေးရမည်ကိုငြင်းဆိုသဖြင့် ဒေါ်သီတာယုမွန်က ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်း လုပ်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူထံက သိရသည်။
ထို့အပြင် လတ်တလော မြင်းခြံမြို့နယ်ရှိကျေးရွာအချို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေချိန်တွင် မသီတာယုမွန်၏ ပျူစောထီးအဖွဲ့က မြင်းခြံမြို့ပေါ်တွင်သာမက လူမနေထိုင်တော့သည့် ကျေးရွာများရှိ အရပ်သားများ၏ နေအိမ်များအတွင်း ပစ္စည်းများနှင့် ပရိဘောဂများကို ဖောက်ထွင်းသယ်ဆောင်ခြင်း၊ ဘုန်းကြီးကျောင်းမှ ဘုရားဆင်းတုတော်များပါ မကျန် သယ်ဆောင်သွားကြောင်းဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
စစ်ကော်မရှင်တပ်နှင့် ပျူစောထီးအဖွဲ့သည် မြင်းခြံမြို့နယ်ရှိကျေးရွာပေါင်း ၁၀ ရွာကျော်ကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်မှာ ဇူလိုင်လလယ်မှစ၍ ယနေ့ စက်တင်ဘာလ ၆ ရက် အထိ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။


Leave a Reply