Category: News

  • ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ရန်ငြင်းသည့်တပ်ရင်းမှူးကို စစ်ဌာနချုပ်သို့ပို့ပြီးစစ်ဆေး၊ အရာရှိအချို့ကိုထပ်ဖမ်း

    ရှေ့တန်းထွက်ဖို့ ငြင်းဆန်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တပ်ရင်းမှူးကို နေရာပြောင်းရွှေ့ စစ်ဆေးနေပြီး ဆက်စပ်ပတ်သက်သူတွေကိုလည်း ထပ်ဖမ်းထားတယ်လို့ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သြဂုတ် ၁၉ ရက်က ရှေ့တန်းထွက်ဖို့အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် အစားထိုးတာဝန်ကျလာတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာ အခြေစိုက်တဲ့ အမတ ၃၄၄ အမြောက်တပ်ထဲမှာပဲ စစ်ဆေးနေရာက သြဂုတ်လတတိယအပတ်ထဲမှာ ပုသိမ်မြို့ တောင်ပေါ်မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ဆီကို ပြောင်းရွှေ့စစ်ဆေးနေတာလို့ သိရပါတယ်။

    အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “ရေကြည်၊ စက်စက်ယို ကျေးရွာအနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ (မအူပင် အခြေစိုက်)ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့တယ်။ အခု အဖမ်းခံရတဲ့သူက ခလရ ၂၇၁ တပ်ရင်းမှူး၊ ကျသွားတဲ့ တပ်ရင်းမှူးနေရာမှာ တာဝန်ယူဖို့ ရွှေ့ပြောင်းခံရသူပါ” လို့ ပြောပါတယ်။

    စစ်ဆေးခံနေရတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ ဆက်စပ်ပတ်သက်တဲ့ တပ်ကြပ်ကြီးနဲ့ ဗျူဟာမှူး ဆိုသူတို့ကိုလည်း စစ်မှုထမ်းတွေထွက်ပြေးမှု၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ သြဂုတ် ၂၈ ရက်မှာ ထပ်မံဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

    အဖမ်းခံရတဲ့ တပ်ရင်းမှူးနဲ့နီးစပ်သူတယောက်က “စစ်ဆေးခံရတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးတွေ စစ်ဆင်ရေး ပြင်ဆင်ကြတဲ့ကိစ္စနဲ့စကားများကြတာ။ အဖွဲ့ကွဲနေတာပေါ့နော်။ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ သူ့တပ်သားတွေက ရှေ့တန်းမကြာခဏထွက်နေရတာ။ တော်တော် ပင်ပန်းနေတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တပ်ရင်းမှူးဦးဆောင်တဲ့ တပ်ဖွဲ့က ရဲဘော်တွေ ပင်ပန်းနေပြီလို့ပြောတာကို အမိန့်မနာခံဘူးဆိုပြီး ဖမ်းခဲ့တာ။ အထက်အရာရှိက လာဆင်းဖမ်းခဲ့တာ” လို့ ပြောပါတယ်။

    အဲဒီ ခလရ ၂၇၁ တပ်ရင်းမှူး အပါအဝင် အရာရှိတွေကို စစ်ကောင်စီ ဧရာဝတီတိုင်း၊ ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင်ဆင်းဖမ်းခဲ့တာလို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ဖမ်းခံထားရတဲ့ ခလရ ၂၇၁ တပ်မှူးရင်းနေရာမှာ ဒုတပ်ရင်းမှူးဖြစ်တဲ့ ကျော်ဝင်းထွဋ်ကို အစားထိုးခန့်ထားပြီး ရေကြည်စစ်ဆင်ရေးကို ကွပ်ကဲခိုင်းထားတယ်လို့ သိရပါတယ်။

  • လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်

    လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက အမျိုးသမီးတစ်ဦးကို ဝိုင်းပြီးရိုက်နှက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။

    ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီဝန်းကျင် လန်ဆယ်မြို့တွင်းရှိ (Lang Ze) စားသောက်ဆိုင်မှာ ဆိုင်လာထိုင်နေတဲ့ အသက် ၃၄ နှစ်အရွယ်ရှိ မအာလူးမီးအဖွဲ့ကိုတပ်ရင်းမှူး လဖိုင်ဂျာလီအောင်အဖွဲ့မှရောက်လာပြီး အချင်းများရာကနေ ဝိုင်းရိုက်နှက်ခဲ့ကြတာလို့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

    “စားသောက်ဆိုင်တစ်ဆိုင်မှာ အာလူးမီးတို့က ဆိုင်လာထိုင်နေတာ။အဲချိန်ဂျာလီအောင်ဆိုတဲ့ရင်းမှူးအဖွဲ့ရောက်လာပြီး သူတို့ဝိုင်းမှာလာထိုင်ဖို့ အတင်းခေါ်တော့သွားထိုင်တယ်။ အဲမှာဂျာလီအောင်က အာလူးမီးကို လုပ်ကွက်က ရွှေခိုးတယ်ဆိုပြီးစွပ်စွဲတာ အာလူးမီးကလည်းမခိုးဘူးဆိုပြီးပြောတာ လေ အဲမှာရန်စဖြစ်တာ ဟုတ်တယ်။ ရင်းမှူးဂျာလီအောင်က စားသောက်ဝိုင်းကနေ အာလူးမီးကို အပြင်ဆွဲထုတ်သွားပြီး အပြင်မှာ သူ့လက်အောက်က သူ့လုံခြုံရေး PA နှစ်ယောက်ကို မိန်းကလေးကို ချုပ်ခိုင်းထားပြီး ခြေထောက်နဲ့ကန်ပစ္စတိုနဲ့ကောက်ရိုက်တာတဲ့ မျက်နှာလက်တွေမှာ အသကုန်ရိုက်ထားတယ်”လို့ ပြောပါတယ်။

    ရိုက်နှက်ခံရတဲ့ အသက် ၃၄ နှစ်အရွယ် မအာလူးမီးဟာ မိုးကုတ်ဇာတိဖြစ်ပြီး လန်ဆယ်ဒေသမှာ ဈေးရောင်းတဲ့အလုပ်အပြင် ရွှေလုပ်ကွက်တစ်ခုမှ ထမင်းချက်တဲ့အလုပ်လည်း လုပ်ကိုင်သူဖြစ်တယ်လို့သိရပါတယ်။

    ဒါကို တပ်ရင်းမှူးလဖိုင်ဂျာလီ အောင်ဟာ သူမထမင်းချက်တဲ့လုပ်ကွက်ကနေ ရွှေခိုးတယ်ဆိုပြီး မတရားစွပ်စွဲကာ ရိုက်နှက်တာဖြစ်တယ်လို့ ရိုက်နှက်ခံထားရတဲ့ အာလူးမီးကဖြေရှင်းထားတဲ့ ရုပ်သံမှာတွေ့ရပါတယ်။

    ဒါ့အပြင် တပ်ရင်းမှူးလဖိုင်ဂျာလီအောင်အပါအဝင် သူ့လက်အောက် ငယ်သား ၃ ဦးဟာ မအာလူးမီးကို ရိုက်နှက်ပြီးရုံသာမက တစ်ညလုံးခြောက်ပေါက်ထည့်ထားတဲ့အတွက် အမျိုးသမီးများသွားရောက်ဆန္ဒပြရာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

    တပ်ရင်းမှူးဂျာလီအောင်အဖွဲ့ရိုက်နှက်မှုကြောင့် မအားလူးမီးဟာ မျက်နှာ၊ လက်၊ပေါင်တွေမှာ ဒဏ်ရာရရှိတဲ့အပြင် မအားလူးမီးရိုက်နှက်ခံနေရစဉ် ကြားမှာဝင်တားပေးတဲ့အမျိုးသမီးတစ်ဦးလည်း ရိုက်နှက်ခံရတာရှိတယ်လို့ သိရပါတယ်။

    တပ်မဟာ (၇) လက်အောက်ခံ အမှတ် (၅၁) တပ်ရင်းမှူးလဖိုင်ဂျာလီအောင်ဟာ ယခင် KIO ဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ လုံခြုံရေးတာဝန်ယူခဲ့ဖူးသူဖြစ်တယ်လို့သိရပြီး လန်ဆယ်‌ဒေသမှာ ဩဇာအာဏာကြီးသူဖြစ်တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

    “ရင်းမှူးဂျာလီအောင်က ဗိုလ်ချုပ်ကြီးအင်ဘန်နောက်လိုက်ဖူးတယ်လို့ ပြောကြတယ်။ အဲဒါကိုက သူ့ကို ဒီဘက်မှာ ဘယ်သူမှပြန်မပြောရဲကြဘူး ထင်ရာစိုင်းနေတာ။ အာဏာပါဝါသုံးပြီး ခုလို မိန်းက လေးတစ် ‌‌‌‌‌‌‌ယောက်ကို ဝိုင်းရိုက်တာ တကယ် အောက်တန်းကျတယ်”လို့ ပြောပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး လန်ဆယ်ဒေသခံအမျိုးသမီးတွေအပါအဝင် လန်ဆယ်မှာရွှေ့ပြောင်းလာရောက်နေထ်ိုင်တဲ့ အမျိုးသမီးအားလုံးဟာ အမှုမှန်ပေါ်ပေါက်ဖို့ KIO/KIA ဗဟိုဌာနချုပ်အထိ တိုင်တန်းသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

    လန်ဆယ်ဒေသကို KIA ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်လိုက်ပြီးနောက် KIA အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာလည်း ဖြစ်ပါတယ်။

    ဒါ့အပြင် လန်ဆယ်ဒေသဟာ လတ်တလောရွှေတူးဖော်မှု ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အများဆုံးလုပ်ဆောင်နေကြတဲ့ နေရာဖြစ်ပြီး ဒီရွှေတူးဖော်မှုနဲ့ပတ်သက်ပြီးလည်း ဒေသခံတွေနဲ့ KIA အုပ်ချုပ်ရေးအဖွဲ့တို့အကြား အဆင်မပြေမှု များစွာရှိ နေတဲ့နေရာလည်းဖြစ်ပါတယ်။

    အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကျူးလွန်တဲ့ KIA တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အလိုမရှိဆန္ဒပြ

    လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦး အမျိုးသမီးတစ်ဦးကို ရိုက်နှက်မှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြည်သူတွေစုပေါင်းပြီး KIO/KIA ရုံရှေ့မှာ သွားရောက် ဆန္ဒပြနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

    မအာလူးမီးဆိုသူကို ရိုက်နှက်ကျူးလွန်ခဲ့တဲ့ ဗိုလ်မှူးလဖိုင်ဂျာလီအောင် အလိုမရှိဆိုပြီး ပြည်သူတွေက ဆန္ဒပြတောင်းဆိုနေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ✍ Zami

  • ဇော်ဘုန်းဟိန်းကို ပြန်လွှတ်ပေးရန် အသနားခံစာ တင်သော်လည်း လျစ်လျူခံရဟုဆို

    ဇော်ဘုန်းဟိန်းကို ပြန်လွှတ်ပေးရန် အသနားခံစာ တင်သော်လည်း လျစ်လျူခံရဟုဆို

    မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုများဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသည့် ဇော်ဘုန်းဟိန်းကို ပြန်လွှတ်ပေးရန် အသနားခံစာ တင်သော်လည်း လျစ်လျူခံရဟုဆို

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုများဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် ဇော်ဘုန်းဟိန်းကို ပြန် လွှတ်ပေးရေးအတွက် ၎င်းကို ထောက်ခံသော စစ်တပ်ထောက်ခံသူတချို့ စုပေါင်း၍ အသနားခံစာ တင်ပြထားသော်လည်း အကြောင်းတစ်စုံ တစ်ရာ ပြန်ကြားမှုမရှိကြောင်း အသနားခံစာတင်ရာတွင် ပါဝင်သူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၇ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါ အဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှု အပါအဝင် ပုဒ်မများဖြင့် ဇော်ဘုန်းဟိန်းကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း၊ ယင်းသို့ ချမှတ်ခံရပြီးနောက် ဇော်ဘုန်းဟိန်းကို ထောက်ခံသော စစ်တပ်ဘက်တော်သားတချို့ စုပေါင်းကာ မင်းအောင်လှိုင်ထံသို့ အသနားခံစာ တင်ပြလိုက်ကြကြောင်း၊ သို့ရာတွင် မည်သည့် အကြောင်းပြန်ကြားမှုမှ မရရှိကြောင်း သိရှိရသည်။

    “ဩဂုတ်လ ၁၂ ရက်နေ့လောက်မှာ နေပြည်တော်၊ တပ်မတော်အကြီးအကဲတွေဆီကို လိပ်မူပြီး တင်လိုက်တာပါ။ ဒီနေ့ဆိုရင် ၁၈ ရက်ရှိသွားပြီ ။ ဘာအကြောင်း ပြန်ကြားချက်မှ မရရှိပါဘူး။ မိသားစုကိုတော့ တပ်ဘက်က အရာရှိတချို့က လာမယ့် ၂၀၂၆ ခုနှစ် လွတ်လပ်ရေးနေ့နဲ့ နှစ်သစ်ကူး သင်္ကြန်ကာလ လွတ်ငြိမ်းတွေမှာ ပါလာနိုင်တယ်လို့ပြောတယ်။ တရားဝင် အသနားခံစာတင်တာတော့ ဘာမှကို အကြောင်း မပြန်တာ။ ဘာပဲပြောပြော သူက တပ်မတော်အတွက် တကယ်ရပ်တည်ခဲ့တာပဲ။ အခုတော့ ဒီလိုကြီး လက်လွတ်စပယ် အလုပ်ခံရတာက ဝမ်းနည်းစရာပါ” ဟု အသနားခံစာတင်ပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

    ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အပါအဝင် အမှုများစွာဖြင့် ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။

    မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိကြီးများကို ဆဲဆိုသည့်အတွက် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့် စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဇော်ဘုန်းဟိန်းကို အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

  • မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့်  စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ

    မင်းလှမြို့ပေါ်တွင် ရွေးကောက်ပွဲဝင်မည့် စစ်တပ်လက် အောက်ခံ ကြံ့ဖွတ်ပါတီရုံးကို သတိပေးဖောက်ခွဲ

    သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် အားလုံးတွင် ရွေးကောက်ပွဲပူးပေါင်းမှုများကို တိုက်ခိုက်မည်

    ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်နေသော ကြံ့ဖွတ်ပါတီရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၂၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မင်းလှမြို့၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ဖွတ်ပါတီရုံး ဝင်ပေါက်အနီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ကြံ့ဖွတ်ပါတီရုံး အစောင့် စစ်သား တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးရွေးကောက်ပွဲကို ပူးပေါင်း ပါဝင်နေတဲ့ ကြံ့ဖွတ်ပါတီရုံးကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဆက်လက်ပြီး ဒီထက်ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားဦးမယ် ဆိုတာ ပြည်သူတွေကို အသိပေး ပြောချင်တဲ့ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်တာမို့ ပြည်သူတွေ အနေနဲ့ စစ်ခွေး ရွေးကောက်ပွဲကို လုံးဝ ပူပေါင်း ပါဝင်ခြင်းမပြုလုပ်ကြဖို့ မေတ္တာရပ်ခံခြင်းပါတယ်။ ကျနော်တို့ တိုက်ခိုက်မှုတွေဟာ သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် အားလုံးမှာ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက ပြောဆိုသည်။

    ယင်းတိုက်ခိုက်မှုသည် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံကြောင်း သတိပေးတိုက်ခိုက်ခြင်းဖြစ်ပြီး ထိုတရားမဝင် ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်သူများနှင့် အားပေးကူညီကြမည့်သူများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေး ပြောဆိုထားသည်။

  • ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား

    ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၄ ဦး သေဆုံးခဲ့ကြောင်း NMSP-AD/Ramonnya Mon Army က သတင်းထုတ်ပြန်ထားသည်။

    ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခန့် အထိ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ရာမညမွန်တပ်‌တော် (RMA) ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။

    ရေဖြူဒေသအတွင်း ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနိုင်ကြောင်း NMSP-AD/Ramonnya Mon Army က အသိပေးနှိုးဆော်ထားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် (RMA) ၏ ရေဖြူဒေသတပ်ရင်းမှ ရဲဘော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အလားတူ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုပ်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။