ရှေ့တန်းထွက်ဖို့ ငြင်းဆန်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တပ်ရင်းမှူးကို နေရာပြောင်းရွှေ့ စစ်ဆေးနေပြီး ဆက်စပ်ပတ်သက်သူတွေကိုလည်း ထပ်ဖမ်းထားတယ်လို့ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သြဂုတ် ၁၉ ရက်က ရှေ့တန်းထွက်ဖို့အမိန့်ကို ငြင်းဆန်ခဲ့တဲ့အတွက် အစားထိုးတာဝန်ကျလာတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးကို ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာ အခြေစိုက်တဲ့ အမတ ၃၄၄ အမြောက်တပ်ထဲမှာပဲ စစ်ဆေးနေရာက သြဂုတ်လတတိယအပတ်ထဲမှာ ပုသိမ်မြို့ တောင်ပေါ်မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ဆီကို ပြောင်းရွှေ့စစ်ဆေးနေတာလို့ သိရပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “ရေကြည်၊ စက်စက်ယို ကျေးရွာအနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်လို့ (မအူပင် အခြေစိုက်)ခလရ ၂၇ တပ်ရင်းမှူး ကျသွားခဲ့တယ်။ အခု အဖမ်းခံရတဲ့သူက ခလရ ၂၇၁ တပ်ရင်းမှူး၊ ကျသွားတဲ့ တပ်ရင်းမှူးနေရာမှာ တာဝန်ယူဖို့ ရွှေ့ပြောင်းခံရသူပါ” လို့ ပြောပါတယ်။

စစ်ဆေးခံနေရတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ ဆက်စပ်ပတ်သက်တဲ့ တပ်ကြပ်ကြီးနဲ့ ဗျူဟာမှူး ဆိုသူတို့ကိုလည်း စစ်မှုထမ်းတွေထွက်ပြေးမှု၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ သြဂုတ် ၂၈ ရက်မှာ ထပ်မံဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ တပ်ရင်းမှူးနဲ့နီးစပ်သူတယောက်က “စစ်ဆေးခံရတဲ့ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ ဗျူဟာမှူးတွေ စစ်ဆင်ရေး ပြင်ဆင်ကြတဲ့ကိစ္စနဲ့စကားများကြတာ။ အဖွဲ့ကွဲနေတာပေါ့နော်။ ခလရ ၂၇၁ တပ်ရင်းမှူးနဲ့ သူ့တပ်သားတွေက ရှေ့တန်းမကြာခဏထွက်နေရတာ။ တော်တော် ပင်ပန်းနေတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တပ်ရင်းမှူးဦးဆောင်တဲ့ တပ်ဖွဲ့က ရဲဘော်တွေ ပင်ပန်းနေပြီလို့ပြောတာကို အမိန့်မနာခံဘူးဆိုပြီး ဖမ်းခဲ့တာ။ အထက်အရာရှိက လာဆင်းဖမ်းခဲ့တာ” လို့ ပြောပါတယ်။

အဲဒီ ခလရ ၂၇၁ တပ်ရင်းမှူး အပါအဝင် အရာရှိတွေကို စစ်ကောင်စီ ဧရာဝတီတိုင်း၊ ဒု-တိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင်ဆင်းဖမ်းခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းခံထားရတဲ့ ခလရ ၂၇၁ တပ်မှူးရင်းနေရာမှာ ဒုတပ်ရင်းမှူးဖြစ်တဲ့ ကျော်ဝင်းထွဋ်ကို အစားထိုးခန့်ထားပြီး ရေကြည်စစ်ဆင်ရေးကို ကွပ်ကဲခိုင်းထားတယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *