Category: News

  • နေပြည်တော်တွင် မဲစာရင်း ၁ သောင်းကျော် မှားယွင်းနေ

    နေပြည်တော်တွင် မဲစာရင်း ၁ သောင်းကျော် မှားယွင်းနေ

    နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ မြို့နယ် ၈ မြိုနယ်မှာ မဲစာရင်း တသောင်းကျော် ကွာဟနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လျှောက်ထားနေရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ပျဉ်းမနားနဲ့ ဇမ္မူသီရိမြို့နယ်က မဲစာရင်းမှာ လက်ရှိနေထိုင်သူတွေမပါဘဲ ပြောင်းရွှေ့သွားသူတွေနဲ့ သေဆုံးသွားသူတွေ ပါနေတာကြောင့် ပုံစံ ၄ အရ ကန့်ကွက်နေရတယ်လို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။

    “ပျဉ်းမနားခရိုင်မှာ ရပ်ကျေးအုပ်ချုပ်ရေးက စာရင်းမကောက်ဘဲ အရင်စာရင်းဟောင်းကိုတွေကို ထွေအုပ်ကိုပို့၊ ထွေအုပ်ကလည်း မစိစစ်ဘဲ UEC ကိုပို့တာ။ အချို့ရပ်ကွက်တွေမှာ ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်စားလှယ်နာမည်တောင် မဲစာရင်းမှာမပါဘူး။ ပုံစံ ၄ အရ ကန့်ကွက်လွှာပြန်တင်၊ အစကနေ ပြန်လုပ်နေရတယ်” လို့ပြောပါတယ်။

    ပုဗ္ဗသီရိနဲ့ဇေယျာသီရိမြို့နယ်မှာတော့ မဲစာရင်းကွာဟမှု ၃,၂၀၀ ကျော်ရှိပြီး ပုံစံ ၃ အရ မဲစာရင်းမှာ ပြန်လည်ထည့်သွင်းနိုင်ရေးအတွက် ပုံစံ ၄(ဂ) ပြင်ဆင်ခွင့်ပြုလုပ်နေရတယ်လို့ ဇေယျာသီရိခရိုင် အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “စစ်တပ်က ရွေးကောက်ပွဲသာလုပ်ချင်တာပဲသိတာ။ မဲစာရင်းတောင် မှန်အောင်မလုပ်နိုင်ဘူး။ ၂၀၁၅ က သေသွားလူတွေက ပြန်ရှင်ပြီး မဲစာရင်းမှာပါနေတာ။ အဲဒီတော့ ရပ်ကွက်ထဲကလူတွေပြန်ခေါ်၊ မဲစာရင်းမှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးရတယ်။ ဒါပေမယ့် ပြဿနာက မဲစာရင်းကို ဘယ်သူမှလာမကြည့်တော့ လုပ်ရတဲ့သူတွေ အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။

    နေပြည်တော်တိုင်းအတွင်း ဥတ္တရခရိုင်မှာ ၂,၃၁၄ ယောက်၊ ဇေယျာသီရိခရိုင်မှာ ၃,၂၀၀ ကျော်၊ လယ်ဝေးခရိုင်မှာ ၄,၀၀၁ ယောက်၊ ပျဉ်းမနားခရိုင်မှာ ၂၈၆၇ ယောက်၊ စုစုပေါင်း ၁၂,၃၈၂ ယောက် မဲစာရင်းကွာဟနေတာလို့ သူက ဆက်ပြောပါတယ်။

    ဒီလိုမဲစာရင်းတွေကွာဟနေတာကြောင့် ပုဗ္ဗသီရိမြို့နယ်က ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက အောက်တိုဘာ ၅ ရက်မှာ လူမှုကွန်ရက်ကနေ Live လွှင့်ပြောဆိုခဲ့ပါသေးတယ်။

    စစ်အုပ်စုခန့် UEC က မဲစာရင်းကြည့်ရှုနိုင်မယ့်ရက်ကို အောက်တိုဘာ ၁၄ ရက်အထိ ထပ်တိုးထားပေမယ့် စိတ်ပါဝင်စားမှုမရှိတဲ့ပြည်သူတွေ လာမကြည့်တာကြောင့် Non CDM ဝန်ထမ်းတွေလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

    စစ်တပ်ဦးဆောင်လုပ်တဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ပထမပိုင်း စလုပ်မယ်လို့ ကြေညာထားပြီး ၅၇ ပါတီက ကိုယ်စားလှယ် ၅,၀၀၀ ကျော် ပြိုင်မယ့်အထဲမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်ပါတယ်။

  • ဘုန်းကြီးနဲ့ သီလရှင်တွေ TikTok ဆော့ပြီး Cele မလုပ်ဖို့ သံဃနာယက တားမြစ်

    ဘုန်းကြီးနဲ့ သီလရှင်တွေ TikTok ဆော့ပြီး Cele မလုပ်ဖို့ သံဃနာယက တားမြစ်

    ဘုန်းကြီးနဲ့ သီလရှင်တွေ TikTok ဆော့တာ၊ အွန်လိုင်းဂိမ်းကစားတာနဲ့ Live လွှင့်ပြီး ဗုဒ္ဓဘာသာ ထိခိုက်ညှိုးနွမ်းစေတဲ့ အပြုအမှုတွေကို ဆက်လက်မလုပ်ဆောင်ဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တားမြစ်လိုက်ပါတယ်။

    နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ပထမအကြိမ် ဒွာဒသမ အစည်းအဝေးမှာ အခုလို တားမြစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

    “မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ဖိုးသူတော်များအနေဖြင့် TikTok နှင့် Social Media များပေါ်တွင် ဗုဒ္ဓဘာသာကို ထိခိုက်ညှိုးနွမ်းစေသည့် သာမဏသာရုပ္ပ မဖြစ်သည့် TikTok ကစားခြင်း၊ Cele လုပ်ခြင်းတို့ကို မပြုလုပ်ရေး ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ) သို့ ညွှန်ကြားသွားရန်” လို့ အစည်းအဝေးဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

    “အဲဒီစာက ရက်နည်းနည်းကြာပြီ၊ လုံးဝ မသုံးခိုင်းတာမဟုတ်ဘူး၊ တရားမျှဝေတာတွေနဲ့ ကျန်တာတွေအတွက် သုံးလို့ရတယ်၊ ဝိနည်းပျက်တဲ့အထိ လုပ်နေတာတွေကို တားလိုက်တာ၊ အခုထိ ဆက်ရှိနေတုန်းလားဆိုရင် ရှိနေတုန်းပဲ၊ စာသင်တိုက်တွေမှာတော့ နည်းလွန်းပါတယ်” လို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ စာသင်တိုက်တစ်ခုက စာချဆရာတော်တစ်ပါးက မိန့်ပါတယ်။

    စစ်အုပ်စုက အာဏာသိမ်းပြီးနောက် TikTok နဲ့ Facebook စာမျက်နှာတွေမှာ ဘုန်းကြီးနဲ့ သီလရှင်တချို့ဟာ ကြည့်ရှုသူ အမြင်မတင့်ဖွယ် TikTok ဆော့ကစားခြင်းတွေကို လုပ်ဆောင်မှုတွေ ဆက်တိုက်ဖြစ်ပွားလာနေပြီးနောက် သံဃနာယကအဖွဲ့က အခုလို တားမြစ်ခဲ့တာဖြစ်ပါတယ်။

    ဓာတ်ပုံ – လူမှုကွန်ရက်

    ပုံစာ – လူမှုကွန်ရက်ပေါ်တွင် ဝိနည်းနှင့်မညီဟု ဝေဖန်ခံနေရသည့် မှတ်တမ်းဓာတ်ပုံများ

  • မန္တလေးတွင် ဖုန်းအားသွင်းရန် အိပ်ရာပေါ်သွယ်တန်းထားသည့်ပလပ်ခုံ အပူလွန်မီးလောင်

    မန္တလေးတွင် ဖုန်းအားသွင်းရန် အိပ်ရာပေါ်သွယ်တန်းထားသည့်ပလပ်ခုံ အပူလွန်မီးလောင်

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်မနက်ပိုင်းက အိပ်ရာပေါ် ဖုန်းအားသွင်းဖို့အတွက် မီးပလပ်ခုံ သွယ်တန်းရာကနေကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉ D လမ်းနဲ့ ၃၉ E လမ်းကြားမှာ အိပ်ရာပေါ်တင်ထားတဲ့ ပလပ်ခုံ အပူလွန်ကဲလို့ မီးလောင်ခဲ့တာဖြစ်ပြီး ၃၅ ပေ ၂၀ ပေ၊ သွပ်မိုး ထရံကာ၊ တထပ် အဆောက်အအုံနဲ့ အတွင်းပစ္စည်းတွေ၊ ဆိုင်ကယ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

    ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “မီးလောင်မှုက အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီ မိနစ် ၃၀ လောက်မှာဖြစ်တာ။ မီးလောင်မှုကြောင့် ပစ္စည်းတွေတော့ ဆုံးရှုံးခဲ့တယ်။ လူတော့အချိန်မီရှောင်နိုင်ခဲ့လို့ ထိခိုက်သေဆုံးမရှိပါဘူး။ ဆုံးရှုံးတဲ့ အသေးစိတ်ကို စိစစ်တွက်ချက်နေပါတယ်” လို့ပြောပါတယ်။

    အဲဒီ မီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အယောက် ၃၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၇၀ နဲ့ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး အသုံးပြုငြှိမ်းသတ်ခဲ့ပြီး မနက် ၇ နာရီ မိနစ် ၅၀ အချိန်ခန့် မှာ မီးလုံးဝငြိမ်းသွားတယ်လို့ သိရပါတယ်။

    မန္တလေးမြို့ခံတယောက်က “ဆင့်ပွားမီးကူးစက်တာမရှိပါဘူး။ အချိန်မီ မီးထိန်းနိုင်ခဲ့လို့လေ။ မီးလောင်မှုကြောင့် အထိတ်တလန့်တော့ဖြစ်ရတယ်။ သက်ဆိုင်ရာက စက်အင်အား၊ လူအင်အား အများအပြားနဲ့ ငြှိမ်းသတ်နိုင်ခဲ့တာကြောင့်ပါ” လို့ ပြောပါတယ်။

    မီးလောင်မှုနဲ့ပတ်သက်ပြီး အိပ်ရာပေါ်မှာ ပလပ်ခုံနဲ့ ဖုန်းအားသွင်းဖို့ လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားကို အမှတ် ၉ မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၆ ရက် ညပိုင်းကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၁x ၁၃၂x ၅၉(B)လမ်းမှာ နှစ်ထပ်အိမ်တလုံးခေါင်မိုးပေါ်ကို မီးပုံးပျံပျက်ကျလို့ မီးလောင်ခဲ့သလို ၆၂ လမ်း ၆၃ လမ်းကြား၊ ၁၀၂ လမ်းနားမှာ မီးလောင်ပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

  • စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့်   နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့   NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို

    စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့ NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို

    စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့ NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို

    အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အာဆီယံသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ၊ NUCC နှင့် ကရင်-KNU ၊ ချင်း-CNF ၊ ကချင်-KPICT ၊ ကရင်နီ- KNPP/IEC အပါအဝင် တော်လှန်ရေးတပ်များနှင့် အဖွဲ့အစည်းပေါင်း ၂၀ က ယနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။

    မလေးရှားနိုင်ငံ က အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့်အချိန်မှစတင်၍ မြန်မာ့အရေးအတွက် ဖြေရှင်းရေး အတွက် NUG အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ CRPH-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားရေးရာ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားသော ကိုယ်စားပြု အဖွဲ့အစည်းများ အပါအဝင် အဓိက သက်ဆိုင်သူအဖွဲ့အစည်းများအားလုံးပါဝင်သော ဆွေးနွေးပွဲများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သော ကြေညာချက်ကို အစပျိုးထားသည်။

    အဆိုပါ ဆွေးနွေးပွဲများနှင့် ထိတွေ့ဆက်ဆံမှုများသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကိုဖြေရှင်းရေး ၊ အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် စစ်တပ်က စီစဉ်ထားသော အတုအယောင် ရွေးကောက်ပွဲကိစ္စကို ဖြေရှင်းရေး မဟာဗျူဟာနှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ရေး အားလုံးပါဝင်သော ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာ့အရေးဆွေးနွေးပွဲတွင် အဓိကသက်ဆိုင်သူများအားလုံးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသည့် အခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေးကို မြှင့်တင်ရန် ဆောင်ရွက်ရန် အတည်ပြုခဲ့ကြကြောင်း သိရှိရသည်။

    အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး လက်ခံ အတည်ပြုထားသော်လည်း ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အကန့်အသတ်များရှိနေမှုအပေါ် စိုးရိမ်ကြကြောင်း ၊ စစ်တပ်က အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေပြီး အာဆီယံပဋိညာဉ် အပါအဝင် ဒီမိုကရေစီစံနှုန်းများကို ပြောင်ပြောင်တင်းတင်းလျစ်လျူရှုလျက်ရှိကြောင်း သိရှိရသည်။

    မလေးရှားနိုင်ငံက ကမကထ ပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲများတွင် စစ်တပ်၏ ရွေးကောက်ပွဲ ငြင်းပယ်ရန်၊ တော်လှန် ရေးတပ်များအကြား စုစည်းညီညွတ်မှု တည်ဆောက်ရန်၊ အာဆီယံက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှု အကောင်အထည်ဖော်ရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဟူသော ရည်ရွယ်ချက် ၆ ခုကို ရလဒ်များအဖြစ် ရရှိခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် တွေ့ဆုံဆွေးနွေးပွဲများတွင် စစ်တပ်ကို တရားဝင်မှု လုံး၀ မပေးရန်လည်း သဘောတူညီထားကြောင်း သိရှိရသည်။

    ထို့ကြောင့် အာဆီယံအနေဖြင့် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန်၊ အရပ်သားများ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး အရေးယူဆောင်ရွက်မှုများ ချက်ချင်း လုပ်ဆောင်ရန်၊ စစ်တပ်၏ အကြမ်းဖက် ရက်စက်မှုများအပေါ် နှုတ်ဆိတ်နေမှုကို အဆုံးသတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး တောင်းဆိုပေးရန် တော်လှန်ရေးအဖွဲ့များက စုပေါင်း တောင်းဆိုသည်။

    ယင်းအပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသော စစ်တပ်ကို တာဝန်ခံစေရန် သံတမန်ရေး အရေးယူမှု၊ အာဆီယံအစည်းအဝေးများမှ ဖယ်ရှားအရေးယူရန်၊ စစ်တပ်က အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး နိုင်ငံတကာနှင့်အတူ ဖိအားပေးအရေးယူရန် တောင်းဆိုထားသည်။

    အဆိုပါ ကြေညာချက်တွင် NUG ၊ CRPH ၊ NUCC တို့နှင့်အတူ ABSDF ၊ CNF ၊ KPICT ၊ KNPP/IEC ၊ မွန်တိုင်းရင်းသား MSFC ၊ NMSP (AD)၊ PNFC ၊ PNLO၊ ရန်ကုန်လွှတ်တော်ကဲ့သို့သော ဖယ်ဒရယ်ယူနစ်များ စုစုပေါင်း အဖွဲ့အစည်းနှင့်တပ်စုစုပေါင်း ၂၀ ခု ပါဝင်ကြောင်း သိရှိရသည်။

    အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် NUG၊ တိုင်းရင်းသားအဖွဲ့တို့ တွေ့

    အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားသည် အောက်တိုဘာ ၉ ရက်က နေပြည်တော်၌ စစ်ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် မလေးရှားနိုင်ငံ၌ Stakeholder Engagement Meetings on Myanmar (SEMs) ကို ပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း NUG က ယနေ့ သတင်းထုတ်ပြန်သည်။

    အဆိုပါဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကော်မတီ(CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EROs)များနှင့် အခြားကိုယ်စားလှယ်အဖွဲ့အစည်း ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    ဆွေးနွေးပွဲ၌ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရေး၊ စစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ လူသားချင်းစာနာမှုအကူအညီများ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပေးရေး၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

    အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေဖြင့် အာဆီယံ၏အခြေခံမူများကို ထပ်မံအတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ်များကို အလျှော့အတင်းမရှိဘဲ ပြတ်ပြတ်သားသား ဆက်လက်ဦးဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်၏ နေပြည်တော်ခရီးစဉ်တွင် စစ်ကော်မရှင် ထုတ်ပြန်ခဲ့သလို ရွေးကောက်ပွဲအား အားပေးထောက်ခံခြင်း မရှိခဲ့ဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ရန်တို့ကို အလေးပေးပြောဆိုခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ညပိုင်း ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ- NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့်အစိုးရဝန်ကြီးများ။

  • နတ်​ရေကန်ဗျူဟာက စစ်သား​တွေ စတင်ထွက်​ပြေး

    နတ်​ရေကန်ဗျူဟာက စစ်သား​တွေ စတင်ထွက်​ပြေး

    အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေး​​နေပြီး တော်လှန်​ရေးတပ်​တွေက အပြီးသတ်ထိုးစစ်ဆင်​နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    သတင်းရင်းမြစ်တစ်ဦးက ဗျူဟာထဲက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကုန်ပြီး ကျသွားပြီဆိုပြီး တပ်တွင်းသတင်းပေးတစ်ယောက်က မနေ့ည ၁၀ နာရီလောက်မှာ သတင်းပို့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ ဒါ့အပြင် နတ်ရေကန်ဗျူဟာရပြီလို့ ပြောလို့ရကြောင်း သူက ဆိုပါတယ်။

    အမ်း-ပဒါန်းလမ်းပိုင်းအနီးက ​လေ​ကြောင်းရန်ကာကွယ်​ရေးအတွက် ​ရေဒါပါ တပ်ဆင်ထားတဲ့​ဗျူဟာ​မြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက်မှာတော့ AA အပါအဝင် ညီ​နောင် မဟာမိတ်သုံးဖွဲ့က ငလျင်အ​ရေး​ပေါ်ကယ်ဆယ်​ရေးနဲ့ ပြန်လည်ထူ​ထောင်​ရေးအတွက် လ​နဲ့ချီပြီး ထိုးစစ်အရှိန်ကို ​လျှော့ချခဲ့ပါတယ်။

    အဲဒီ​နောက်ထိုးစစ်ကို ပြန်လည်မြှင့်တင်ခဲ့ရာမှာ စက်တင်ဘာနဲ့ လက်ရှိ အောက်တိုဘာလဆန်းမှာ ဂုတ်ကြီးစခန်းနဲ့ ဖိုင်တာကုန်းလို အဓိကကာကင်း စခန်းတွေကို​ တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။

    တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်း ဗျူဟာထဲကစစ်တပ်ရင်းတွေပါ ဆုတ်ခွာထွက်ပြေးတဲ့ အခြေအနေရောက်လာတာလို့ သိရပါတယ်။

    လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ဆယ်မိုင်ခန့်အကွာက စစ်ကောင်စီရဲ့ ကပစ-၁၄ နဲ့ ၄၉၄ တပ်ရင်းအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အဲ့ဒီသုံးနေရာစလုံးကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်လို့ သိရပါတယ်။

    နတ်ရေကန်ဗျူဟာမှာ အမြောက်နဲ့ လေကြောင်းရန် ကာကွယ်ရေး စခန်းရှိပြီး ပေ ၅၀၀၀ကျော်မြင့်တဲ့ နတ်ရေကန်တောင်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။

    ဒါ​ပေမဲ့ AA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်ကို စစ်တပ်က မခုခံနိုင်ဘဲ စခန်း​တွေ ဆက်တိုက်ဆုံးရှုံး​နေတာဖြစ်ပါတယ်။