အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေးနေပြီး တော်လှန်ရေးတပ်တွေက အပြီးသတ်ထိုးစစ်ဆင်နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
သတင်းရင်းမြစ်တစ်ဦးက ဗျူဟာထဲက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကုန်ပြီး ကျသွားပြီဆိုပြီး တပ်တွင်းသတင်းပေးတစ်ယောက်က မနေ့ည ၁၀ နာရီလောက်မှာ သတင်းပို့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ ဒါ့အပြင် နတ်ရေကန်ဗျူဟာရပြီလို့ ပြောလို့ရကြောင်း သူက ဆိုပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းအနီးက လေကြောင်းရန်ကာကွယ်ရေးအတွက် ရေဒါပါ တပ်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာတော့ AA အပါအဝင် ညီနောင် မဟာမိတ်သုံးဖွဲ့က ငလျင်အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် လနဲ့ချီပြီး ထိုးစစ်အရှိန်ကို လျှော့ချခဲ့ပါတယ်။
အဲဒီနောက်ထိုးစစ်ကို ပြန်လည်မြှင့်တင်ခဲ့ရာမှာ စက်တင်ဘာနဲ့ လက်ရှိ အောက်တိုဘာလဆန်းမှာ ဂုတ်ကြီးစခန်းနဲ့ ဖိုင်တာကုန်းလို အဓိကကာကင်း စခန်းတွေကို တော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ပြီးနောက်ပိုင်း ဗျူဟာထဲကစစ်တပ်ရင်းတွေပါ ဆုတ်ခွာထွက်ပြေးတဲ့ အခြေအနေရောက်လာတာလို့ သိရပါတယ်။
လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ဆယ်မိုင်ခန့်အကွာက စစ်ကောင်စီရဲ့ ကပစ-၁၄ နဲ့ ၄၉၄ တပ်ရင်းအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အဲ့ဒီသုံးနေရာစလုံးကို စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်လို့ သိရပါတယ်။
နတ်ရေကန်ဗျူဟာမှာ အမြောက်နဲ့ လေကြောင်းရန် ကာကွယ်ရေး စခန်းရှိပြီး ပေ ၅၀၀၀ကျော်မြင့်တဲ့ နတ်ရေကန်တောင်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကို စစ်တပ်က မခုခံနိုင်ဘဲ စခန်းတွေ ဆက်တိုက်ဆုံးရှုံးနေတာဖြစ်ပါတယ်။


Leave a Reply