Category: News

  • ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်

    ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်

    ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ၆ စီးကို တော်လှန်ရေးတပ်များဖျက်ဆီးနိုင်၊ ကားသုံးစီးစာရိက္ခာနဲ့ လက်နက်တွေရ

    ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ ကျားသစ်နက်တပ်ဖွဲ့နဲ့ ဘီလုံးပြောက်ကျားတပ်တို့က စက်တင်ဘာ၂၀ ရက်မှာ ပူးပေါင်းထုတ်ပြန်ပါတယ်။

    စစ်ကော်မရှင်တပ်ရဲ့ကား ၁၀ စီးပါယာဥ်တန်းဟာ သြဂုတ် ၂၁ ရက်ကတည်းက ထားဝယ်ကနေ ဝကုန်းရွာဘက်ကို ထွက်လာတာဖြစ်ပါတယ်။

    အဲဒီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ယာဥ်သုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    ရှေ့ဆက်မသွားနိုင်တဲ့ စစ်ယာဥ်တန်းမှ လက်ကျန်ကိုးစီးနှင့် ချောဆွဲထားတဲ့အရပ်သားယာဥ်တစ်စီးအပါအဝင် ၁၀ စီးကို စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာ ဝကုန်းရွာ ဘုရားတောင်အနီး တော်လှန်ရေးတပ်တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။

    စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာလည်း စစ်တပ်ယာဥ်တန်းကို ဝကုန်းရွာမိုင်တိုင် ၂၃ နဲ့ ၂၄ ကြားမှာ ထပ်မံ၍ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

    ယာဥ်သုံးစီးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ ကျားသစ်နက်နဲ့ ဘီလုံးပြောက်ကျားတပ်က အသိပေးပါတယ်။

    “(ရိက္ခာနဲ့လက်နက်)သုံးစီးစာရတယ်ခင်ဗျ။ ကျန်သုံးစီးကသူတို့ စကမ တွေ ပစ္စည်းတခြားကားပြန်တင်ပြီး ယူသွားနိုင်တယ်။ ဒီနေရာမှာ လက်နက်ခဲယမ်းထက် ရိက္ခာက ပိုများပါတယ်” လို့ ဖျက်ဆီးနိုင်ခဲ့တဲ့ယာဥ်တွေနဲ့ပတ်သက်လို့ ကျားသစ်နက်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အထက်ပါတိုက်ခိုက်မှုများအနက် ထပ်တိုးယာဥ်အပါအဝင် စစ်တပ်မှ ယာဥ် ၁၁ စီးထဲက ၆ စီးကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးနိုင်ခဲ့တာ​ပါ။ဒါ​ကြောင့်ကျန်ယာဥ် ၅ စီးဟာထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိကျောက်မဲတောင်စခန်းကို ဝင်ရောက်ခိုလှုံပြီး​တော့ စက်တင်ဘာ ၁၇ ရက်က ထားဝယ်မြို့ကို ပြန်ဆုတ်သွားတယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

    တိုက်ခိုက်မှုတွေအတွင်းမှာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရကာ တော်လှန်ရေးတပ်များဘက်မှ ဒေါနတပ်ခွဲ ၇ မှ ရဲဘော်တစ်ဦး၊ KNLA တပ် ရင်း ၁၂ မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

  • ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

    ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    ယနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ‌ဗန်းမောက်မြို့အတွင်းရှိ စစ်ကော်မရှင်တပ်နှင့် SNA ရှမ်းနီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    “ဗန်းမောက်မြို့ကို ညနေကတည်းက သိမ်းထားတယ်ဆိုပြီး သိရပါတယ်။ SNA တပ်တွေအကုန် ထွက်ပြေးသွားပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်များက ဗန်းမောက်မြို့ရှိ ကာကင်းစခန်း ခြောက်ခုကို သိမ်းပိုက်ပြီးနောက် မြို့တွင်းကို ဆက် လက်တိုက်ခိုက်လာရာ ယနေ့ညနေပိုင်းတွင် မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း ၂၊ ၄၊ ၅၊ အမှတ် ၁ စစ်ဒေသစစ်ကြောင်း အထူးလှုပ်ရှားတပ်ရင်းများ၊ ကသာခရိုင်ပကဖ အထူးလှုပ်ရှားအဖွဲ့၊ ကသာခရိုင်လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    စစ်ကော်မရှင်က အင်းတော်မြို့ကို လက်လွှတ်ရပြီးနောက် ကသာမြို့တိုက်ခိုက်ခံရမည်ကိုစိုးရိမ်ပြီး စစ်အင်အားအများအပြားကို ရဟတ်ယာဉ်၊ စစ်သင်္ဘောများဖြင့် အင်အားဖြည့်တင်းခဲ့သည်။

    ဗန်းမောက်မြို့ကိုမူ ရှမ်းနီတပ် SNA တပ်ဖွဲ့များကိုသာ အင်အားစုဖွဲ့ထားပြီး မြို့တွင်းနှင့် စစ်ရေးအရအရေးပါသည့် ကာကင်းစခန်းကုန်းများကို စိုးမိုးမှုရယူထားခြင်းဖြစ်သည်။

  • တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်

    တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးတစ်ဦးက လမ်းဘေးဈေးသည်များကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံပြီး မောင်းထုတ်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။

    မေတ္တာညွန့်ရပ်ကွက်ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနရှိ အမျိုးသမီးက စျေးသည်များကိုမောင်းထုတ်နေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း ထိုသို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။

    “အဲဒီအမျိုးသမီးက ဈေးရုံးတာဝန်ခံပါ။ ဈေးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ မောက်မောက်မာမာ ပြောတယ်၊ ဆူတယ်၊ ကြိမ်းမောင်းတယ်။ ကြက်ဥရောင်းတဲ့နေ့ဆိုရင် ကားကြီးကို လမ်းမှာပိတ်ရပ် တယ်။ ဈေးသည်တွေကိုတော့ လာရောင်းခွင့်မပြုဘူးလို့ ပြောပါတယ်” ဟု ဈေးသည်တစ်ဦးက ပြောသည်။

    ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ ဈေးတာဝန်ခံရုံးအမျိုးသမီးသည် ၎င်း၏ရုံးရှိ ဝန်ထမ်းများ ကိုလည်း နေ့စဉ် မောက်မောက်မာမာဆက်ဆံနေမှုကြောင့် ဝန်ထမ်းများကလည်း မကျေနပ်မှုများ ရှိကြောင်း မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

    ပုံစာ- ဈေးရုံးတာဝန်ခံအမျိုးသမီး(အင်္ကျီအပြာဝမ်းဆက်ဝတ်ဆင်ထားသူ)၊ လမ်းပေါ်တက်၍ ရောင်းချနေသည့် ကြက်ဥကား

  • မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    ကျောက်သူဌေးကြီး ယောဆက်ဆိုလျှင် တနိုင်ငံလုံးမသိသူမရှိကြပေ။

    သူသည်လီဆူအမျိုးသား ကျောက်မျက် ရတနာသူကြွယ်ကြီး၊ရန်ကုန် ဗဟန်းမြို့နယ်နှင့် ပတ္တမြားမြေ မိုးကုတ်မြို့ရှိရွှေလိပ်ပြာ ဟိုတယ်များ၏ပိုင်ရှင်ဖြစ်သည်။

    ဦးယောဆက်သည် နဝတခေတ်တွင် ကျောက်လုပ်ငန်းဖြင့်အလွန်ကြီးပွားချမ်းသာလာပြီး မိုးကုတ်မြို့၏လက်တဆုပ်စာထိပ်သီးသူကြွယ်စာရင်းဝင်ဖြစ်သည်။

    ဦးယောဆက်သည် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)၏ ဥက္ကဋ္ဌ တာဝန်ယူဖူးသည်။

    ယနေ့ စက်တင်ဘာ ၂၀ ညပိုင်းတွင် ဦးယောဆက်၏သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူ၏ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှု ကိုဖွင့်ချလာသည်။ ဦးယောဆက်သည် ဇနီးဖြစ်သူနှင့် သားသမီးများ ကိုအကြမ်းဖက်ရိုက်နှက် သူဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်နှင့်တကွ ဖွင့်ချလာခဲ့သည်။

    ဂျူလီယာဆက်သည် ဖက်ရှင်လောကတွင် ကာလာပညာရှင်၊ အရောင်ပညာရှင် (Image consultant)အဖြစ် နာမည်ရလာသည့်အမျိုးသမီးငယ်ဖြစ်သည်။

    “ ၂၀၁၁ ကနေ ၂၀၂၅ အထိ ၁၄ နှစ်တိုင်တိုင်ပါ။ ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲ အမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှဇူလိုင် ၂၀၊၂၀၁၅ မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကိုရအောင်ကယ်ထုတ်ပြီး သားအမိသုံးယောက်ထွက်ပြေးခဲ့တာပါ.. ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ် ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ” ဟု ဂျူလီယာဆက်ကရေးသားခဲ့သည်။

    အထက်ပါအကြောင်းအရာကို အတည်ပြုရန် ရွှေလိပ်ပြာဟော်တယ်နှင့် မိုးကုတ်မြို့မှ နီးစပ်သူများကို စုံစမ်းခဲ့သော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်းမရှိပါ။

    သို့သော် ဦးယောဆက်နှင့် ဂျူလီယာဆက်မှာ သားအဖ တော်စပ်ကြောင်းကိုအတည်ပြုနိုင်ခဲ့သည်။

    ဦးယောဆက်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ ထိပ်သီးသူကြွယ်စာရင်းမှ ဖယ်ပေးခဲ့ရသည်။

    သူ၏နောက်တွင် ခရိုနီသူဌေးများစွာနေရာယူလာပြီး စစ်တပ်နှင့်ပလဲနံသင့်သော ဦးတေဇနှင့်ဦးအောင်ကိုဝင်း တို့က ပို၍ကျော်ကြားလာခဲ့သည်။

    ပြီးခဲ့သည့် ဇူလိုင်လကမိုးကုတ်မြို့ရှိ၎င်း၏ ရွှေလိပ်ပြာဟိုတယ်သည်လည်းစစ်အုပ်စုမှ လေကြောင်းဗုံးကျဲ၍ပျက်စီးခဲ့သည်။

    သို့သော် ဦးယောဆက်သည်ကျောက်မျက်လုပ်ငန်းရှင်များစွာအိမ်မက်ရသည့်သူကြွယ်ဘဝကို လက်တွေ့ ပိုင်ဆိုင်ထားသည့် ကံကောင်းသောသူကြွယ်ဖြစ်သည်။

    သူ၏ ချမ်းသာကြွယ်ဝလာမှုတွင် ကံကြောင့်လည်းအများကြီးပါဝင်ကြောင်းဦးယောဆက်က ၂၀၁၃ ခုနှစ်ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင်ယခုလို ပြောဆိုခဲ့ဖူးသည်။

    “ဗုဒ္ဓဘာသာလို ပြောမယ်ဆိုရင်တော့ ကံ ပေါ့။ ခရစ်ယာန်လိုပြောမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးပေါ့ဗျာ။ သူများထက်စာရင် ကျနော် နည်းနည်း ပိုကံကောင်းတယ်လို့ပဲ ခံယူတာပေါ့” ဦးယောဆက်၏ ကျောက်တလုံးသည် ၁၉၉၃ ခုနှစ်က ဒေါ်လာငါးသန်းရှစ်သိန်းနှင့်လေလံ အောင်ဖူးသည်ဟု ၎င်းကိုယ်တိုင်ပြောကြားဖူးသည်။

    သူဌေးကြီး ဦးယောဆက်သည်အိမ်ထောင် နှစ် ဆက်ကျခဲ့ပြီး ၎င်း၏ လက်ရှိ ဇနီးသည်မှာ ဒီပဲယင်းဇာတိဖြစ်ပြီး မသီတာဟု သိရသည်။

    ပထမအိမ်ထောင်နှင့် သားသမီး ၇ ဦးထွန်းကားခဲ့ပြီး ဒုတိယ အိမ်ထောင်နှင့် ၃ ဦးဖြစ်သည်။

    ဦးယောဆက်သည် ၁၉၉၉ ခုနှစ်အတွင် သစ်လုပ်ငန်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကျခဲ့ပြီး ထိုနှစ်များအတွင်း ဇနီးသည်က ပုံမှန်ဂရုစိုက်ပေးခဲ့သည်ဟု ကျေးဇူးတင်စကား ဆိုဖူးသည်။

    “ ကျနော့်အမျိုးသမီး အငယ် (ဒုတိယအိမ်ထောင်) က အများကြီး ပေးဆပ်လာခဲ့တယ်။ထောင်သက် ၁၂ နှစ်မှာ ထောင်ဝင်စာကို မပျက်အောင် လာတဲ့ သူ့ရဲ့ ကျေးဇူးတွေ ရှိတယ်။ သူ့ကျေးဇူးကို ကျနော် မမေ့ဘူး။ သူ့ကိုလည်း ပြောပြပါတယ်၊ လူတယောက်က ကျေးဇူးတရားကို သိဖို့တော့ လိုတာပေါ့။ ကျနော် အပျော်အပါး ဆိုတဲ့ဟာကို စိတ်တောင် မကူးချင်တော့ဘူး” ဟု ဦးယောဆက် ၂၀၁၃ ခုနှစ်ကဆိုခဲ့သည်။

    လက်ရှိတွင်တော့ ဦးယောဆက်၏ သမီးဂျူလီယာဆက်က တရားဥပဒေအရဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး ၎င်းတို့ မိသားစုကို ဝိုင်းဝန်းကူညီကြရန် လူမှုကွန်ရက်ပေါ်မှ အကူအညီတောင်းခံထားသည်။

    “ ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့်” လို့ ဂျူလီယာဆက်က ရေးသားထားသည်။

    ဂျူလီယာဆက် ရေးသားမှု အပြည့်အစုံ

    ကျွန်မအဖေ မိုးကုတ်ရွှေလိပ်ပြာဟိုတယ် ပိုင်ရှင် ဦးယောဆက်သည် အိမ်တွင်းအကြမ်းဖက် နှိုပ်စက်ပြီး အမေ့ကို သွေးထွက်သံယို ဖြစ်အောင် အကြိမ်ကြိမ် ရိုက်နှိက်ဆဲဆို နှိုပ်စက် အကြမ်းဖက်ခဲ့တာက(2011) ကနေ (2025) အထိ 14 နှစ်တိုင်တိုင်ပါ။

    ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲအမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှ July 20 2025 မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကို ရအောင် ကယ်ထုတ်ပြီး သားအမိ သုံးယောက် ထွက်ပြေးခဲ့တာပါ ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ်

    ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ

    အခုအဖေက အမေက ပစ္စည်းတွေ ခိုးသွားပါတယ် ဆိုပြီး မဟုတ်မမှန်တဲ့ စွတ်စွဲမှု တွေနဲ့ လိုက်နှောက်ယှက်တယ်သူနဲ့မပေါင်းရင် ဒုက္ခမရောက်ရောက် အောင် လုပ်နေပါတယ် အမှုဖွင့်ထားလို့ရင်ဆိုင်ရတော့မှာပါ။

    ဒီနေ့လဲ စခန်းထိရောက်ပြီး ဖြေရှင်း နေတုန်း ပုန်းရှောင်နေတဲ့ Mercure ဟိုတယ်အခန်းထဲက အမေ့ပစ္စည်း တွေ အကုန် လုံး ကို Mercure hotel ဝန်ထမ်းတွေကို ပိုက်ဆံပေး သိမ်းခိုင်းပြီး အဖေက အတင်းအဓမ္မအာလုံးယူသွားပါတယ် ညီမလေးကိုလဲပြန်ခေါ်သွားပါတယ်

    အခု အမေက အဝတ်တထည် ကိုယ့်တစ်ခု နဲ့ တစ်ပြားတစ်ချက်မှ မရှိပဲ အမှုတွေကို ရင်ဆိုင်ရတော့မှာပါ

    ‼️သမီး တို့ကို တရားဥပဒေ နားလည်တဲ့သူတွေ ရှိရင် ကူညီ အကြံပေးကြပါရှင့် ‼️

    ‼️နောက်ဆုံး မကူနိုင်ရင်တောင် သမီးတို့ တင်တဲ့ Post တွေကို လူတွေ တွေ့အောင် Share ပေးကြပါရှင့်

    ❌ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့် ❌

    ခံခဲ့ရတာတွေအရမ်းများတာတွေတစ်ခါမှမပြောခဲ့ဘူး အခုအစအဆုံးတင်ပါတော့မယ်။

  • ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး

    ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး

    ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး

    မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ “ပိဋကတ် သုံးဘုံမယ်တော်ကြီး “ဆိုတဲ့အမျိုးသမီးကြီးကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

    အဆိုပါ အမျိုးသမီးကို လက်ရှိမှာ မုဒုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်း ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ မြို့နယ် သာသနာရေးဌာနက ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

    ဖမ်းဆီးထိန်းသိမ်းခြင်းမပြုလုပ်ခင် ဒီနေ့ ၁၂ နာရီအချိန်မှာ မြို့နယ်သံဃနာယကအဖွဲ့ရုံးကို လာရောက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတဆင့်စာပို့အကြောင်းကြားခဲ့ပေမယ့် ရောက်မလာခဲ့တဲ့အပြင် ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှာစိုးရိမ်တာကြောင့် ညနေပိုင်းမှာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

    ” မဖြစ်သင့်တဲ့ကိစ္စမို့အချိန်မီတားဆီးလိုက်တာပါ။ သူတိမ်းရှောင်သွားမှာစိုးလို့ အရင်ထိန်းသိမ်းလိုက်တာ။ အစည်းအဝေးပွဲဖိတ်ထားတာဘာလို့မလာလဲဆိုတော့ လာစရာမလိုဘူး ။ဘုန်းကြီးတွေက သူ့လောက်အဆင့်မရှိဘူးလို့ပြောတယ်။ သူ့ဆီသွားတဲ့ ဒကာဒကာမတွေကိုလည်း သူကပြောတယ်တဲ့ သူကဘုရားမယ်တော်ဖြစ်တယ်။ နောက်ပွင့်မယ့်ဘုရားဖြစ်တယ်။ဘုန်းကြီးကျောင်းသွားစရာမလိုဘူးပြောတယ်။သူ့ဆီပဲနေပေါ့ ။သူ့ဆီကိုရွာကလူတွေမသွားဘူး။ နယ်ကလူတွေက စွဲစွဲလန်းလန်းဖြစ်ပြီးတကောက်ကောက်လိုက်နေကြတာ။” လို့ ပါဝင်ဆောင်ရွက်နေတဲ့ မုဒုံမြို့ လမင်းဆရာတော်က မိန့်ပါတယ်။

    အဆိုပါ အမျိုးသမီးက သာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ သာသနာမြေမဟုတ်တဲ့နေရာမှာ ဘုရားစေတီကျောင်းဆောက်လုပ်နေထိုင်ခြင်း ၊ ဧည့်စာရင်းမတိုင်ဘဲ ကျူးကျော်နေထိုင်ခြင်း ၊ ရဟန်းသံဃာအစစ်ဆိုတာမရှိကြောင်း ၊ ဘုန်းကြီးတွေကို ရှိမခိုးသင့်ကြောင်း စတဲ့ အဓမ္မဝါဒ​တွေကိုဟောပြောနေတာကြောင့် အရေးယူလိုက်တာဖြစ်တယ်လို့မိန့်ပါတယ်။

    “သူနေတဲ့နေရာက ကျူးကျော်ဆောက်ထားတာတွေ၊ ခွင့်ပြုချက်မရှိဘဲ သာသနာအဆောက်အဦးတွေဆောက်ထားတာက ဖြိုဖျက်ပစ်ရမယ့်အရာတွေဖြစ်တယ်။ သူနဲ့အပေါင်းအပါတွေရှိသေးတယ်။ သူတို့ကဒီနေရာကနေထွက်ခွာပေးရမှာဖြစ်တယ်။သားနဲ့ ယောကျ်ားလည်းရှိတယ်။ ဒါကအရပ်ဖက်ဆိုင်ရာလုပ်ရမယ့်ကိစ္စတွေပေါ့။ ဘုန်းဘုန်းတို့ကမရှင်းလင်းခဲ့ဘူး။ နိုင်ငံတော်ကလည်းထုတ်ထားပြီးသား။သာသနာမြေမကျတဲ့နေရာတွေမှာဆောက်ခွင့်မရှိဘူး။ဆောက်ရင်မြို့နယ်သံဃနာယကကိုတင်ပြရတယ်။”လို့ ဘုန်းဘုန်းက တဆက်တည်း မိန့်ပါတယ်။

    ထီးဖြူဆောင်းထားတဲ့ ပလ္လင်ပေါ်တက်ထိုင်ပြီး တရားဟောနေတဲ့ အဆိုပါအမျိုးသမီးကြီးရဲ့ရုပ်သံဖိုင်ကို သူရဲ့သားဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ရာမှတဆင့် မုဒုံမြို့နယ်မှဆရာတော်တွေအပါအဝင် လူသိများပြီး ပြည်သူတွေအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက်မှာ ယခုလို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

    ကနဦးအနေနဲ့ သာသနာရေးဌာနက ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် တရားစွဲဖို့လုပ်နေပြီး ထပ်တိုးတရားစွဲမယ့် ပုဒ်မတွေလည်း ရှိသေးတယ်လို့သိရပါတယ်။

    အဆိုပါ အမျိုးသမီးကြီးဟာ အရင်ကလည်း ရေးမြို့နယ်နဲ့ ချောင်းဆုံမြို့နယ်ဘက်မှာ ယခုလိုပဲ အဓမ္မဝါဒတွေ ဟောပြောပြသခဲ့မှုကြောင့် နယ်နှင်ဒဏ်ပေးခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။

    စက်တင်ဘာ ၁၁ ရက်ကလည်း သရဏံသုံးပါး ဓမ္မတေးသီချင်းကို ကလပ်မှာ Dj တီးခတ်ဖျော်ဖြေကာ ကခုန်ခဲ့တဲ့ Dj Violet နဲ့ မန်နေဂျာ အပါအဝင် သီးချင်းဖွင့်ခဲ့တဲ့ မန္တလေးက Cover Club ပိုင်ရှင်နဲ့မန်နေဂျာတို့ကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။