ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ‌ဗန်းမောက်မြို့အတွင်းရှိ စစ်ကော်မရှင်တပ်နှင့် SNA ရှမ်းနီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ဗန်းမောက်မြို့ကို ညနေကတည်းက သိမ်းထားတယ်ဆိုပြီး သိရပါတယ်။ SNA တပ်တွေအကုန် ထွက်ပြေးသွားပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်များက ဗန်းမောက်မြို့ရှိ ကာကင်းစခန်း ခြောက်ခုကို သိမ်းပိုက်ပြီးနောက် မြို့တွင်းကို ဆက် လက်တိုက်ခိုက်လာရာ ယနေ့ညနေပိုင်းတွင် မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း ၂၊ ၄၊ ၅၊ အမှတ် ၁ စစ်ဒေသစစ်ကြောင်း အထူးလှုပ်ရှားတပ်ရင်းများ၊ ကသာခရိုင်ပကဖ အထူးလှုပ်ရှားအဖွဲ့၊ ကသာခရိုင်လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်က အင်းတော်မြို့ကို လက်လွှတ်ရပြီးနောက် ကသာမြို့တိုက်ခိုက်ခံရမည်ကိုစိုးရိမ်ပြီး စစ်အင်အားအများအပြားကို ရဟတ်ယာဉ်၊ စစ်သင်္ဘောများဖြင့် အင်အားဖြည့်တင်းခဲ့သည်။

ဗန်းမောက်မြို့ကိုမူ ရှမ်းနီတပ် SNA တပ်ဖွဲ့များကိုသာ အင်အားစုဖွဲ့ထားပြီး မြို့တွင်းနှင့် စစ်ရေးအရအရေးပါသည့် ကာကင်းစခန်းကုန်းများကို စိုးမိုးမှုရယူထားခြင်းဖြစ်သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *