Category: News

  • မွန်ဂိုးလီးယား၌ နေ ၃ လုံးထွက်သကဲ့သို့ မြင်တွေ့ရ

    မွန်ဂိုးလီးယား၌ နေ ၃ လုံးထွက်သကဲ့သို့ မြင်တွေ့ရ

    “sun dogs” လို့ နိုင်ငံတကာမှာ လူသိများပြီး ရှားပါးတဲ့ လေထုမြင်ကွင်းဆိုင်ရာ ဖြစ်စဉ်တရပ်ကို ဒီဇင်ဘာ ၁ ရက်က တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကောင်းကင်ယံမှာ မြင်တွေ့ခဲ့ရပါတယ်။

    ကောင်းကင်မှာ ကြီးမားတဲ့ ရောင်လျှံစက်ဝန်းပါတဲ့ နေ ၃ စင်းအဖြစ် မြင်ရတဲ့မြင်ကွင်းဟာ ကောင်းကင်ကို အလွန်သိမ်မွေ့နူးညံ့တဲ့ အလှတရားရဲ့ ပန်းချီကားတချပ်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

    “sun dogs” ဖြစ်စဉ်ဟာ မြင့်မားတဲ့ ကမ္ဘာ့လေထုထဲမှာ နေရောင်ခြည်က ပုံမှန် ဆဋ္ဌဂံပုံ ရေခဲပုံဆောင်ခဲတွေကို ရိုက်ခတ်အပြီး အလင်းယိုင်လို့ ဖြစ်လာတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    လေထုဖိအားတည်ငြိမ်ပြီး အေးတဲ့ရာသီဥတုကာလအတွင်း လေထုထဲမှာ လုံလောက်တဲ့ စိုထိုင်းဆနဲ့ မိုးတိမ်တွေ အများကြီး ရှိနေချိန်မှာသာ ဒီဖြစ်စဉ် ပေါ်ပေါက်တာပါ။

    အတွင်းမွန်ဂိုးလီးယားပြည်နယ်က အာဂန်မြို့ဟာ လတ္တီတွဒ်မြင့်မားတဲ့ဒေသမှာ တည်ရှိပြီး ဆောင်းရာသီမှာ အမြဲတမ်း အေးခဲနေလို့ ခုလိုဖြစ်စဉ်တွေကို တွေ့ရလေ့ရှိပါတယ်။

    Source: Reuters

  • BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်းရှေ့ ပြန်ထွက်လာ

    ကျားဖြန့် လုပ်ငန်းတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားသူ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ တစ်ယောက် လူမြင်ကွင်းကနေ တစ်လနီးပါးကြာ ပျောက်ကွယ်နေရာကနေ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ပြန်ထွက်လာပါတယ်။

    ရွှေကုက္ကိုလ်မြို့သစ် ရှိ ကျားဖြန့် လုပ်ငန်းတွေကို စစ်ကောင်စီတပ်နဲ့ BGF တို့ ပူးပေါင်းပြီးစီးနင်းမှု တွေမလုပ်ခင် နိုဝင်ဘာလ ၁၃ ရက် က ရွှေကုက္ကိုမြို့ သစ် မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့သမီး ဒုံးအဖွဲ့ကို ကြိုဆိုတဲ့အခမ်းအနားအပြီးမှာ လူမြင်ကွင်းက ပျောက်ကွယ်သွားခဲ့တာပါ။

    အဲဒီနောက် နိုဝင်ဘာလ ၁၈ ရက်မှာတော့စစ်ကောင်စီတပ်နဲ့ BGF တို့ဟာ ရွှေကုက္ကိုလ် ရှိ ကျားဖြန့်အလုပ်ရုံအချို့ကို ဝင်ရောက်စီးနင်း တာမျိုး လုပ်ဆောင်ပြခဲ့ပါတယ်။

    အရှေ့တောင်အာရှမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ အထူးတပ်ဖွဲ့ ဖွဲ့စည်းမယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက နိုဝင်ဘာလ ၁၂ ရက်မှာကြေညာလာပြီးနောက် BGF ခေါင်းဆောင် စောချစ်သူ လူမြင် ကွင်းက ပျောက်ကွယ်နေတဲ့အပေါ် ထင်ကြေးတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

    BGF ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ ရဲ့ခေါင်းဆောင် ဟာ အပြစ်တစုံတရာ ကျုးလွန်ထားတာမရှိတဲ့အတွက် ဘယ်နေရာကိုမှ ထွက်ပြေး ပုန်းရှောင်တာမရှိဘူးလို့ ထိုင်းသတင်းမီဒီယာကိုဖြေကြားထားခဲ့ပါတယ်။

    မနေ့ ( ဒီဇင်ဘာလ ၃ ရက် )မှာတော့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ဓမ္မာရုံကျောင်း ပန္နက်တင်အခမ်းအနားတစ်ခုမှာ BGF ခေါင်းဆောင် စောချစ်သူ အပါအဝင် BGF တပ်ဖွဲ့ရဲ့ ဒု ဥက္ကဋ္ဌ စောဖားနွီး၊ စစ်ရေးချုပ် စောထွန်းအောင် စတဲ့ တပ်မှုး အရာရှိတွေလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ စောချစ်သူ ထိန်းချုပ်တဲ့ ရွှေကုက္ကိုမြို့သစ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျားဖြန့်လုပ်ကိုင်နေတဲ့ ၁၃ ထပ် အဆောက်အဦးတစ်လုံးကို စတင်ဖြိုချဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ရွှေကုက္ကိုနယ်မြေအတွင်း ကျားဖြန့် လုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ အဆောက်အဦး ၁၆၁ လုံးကို ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး တရားမဝင်ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသား ၂,၀၀၀ နီးပါးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

  • ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အရှေ့တောင်အာရှဒေသ၌ ရေကြီးမှု ပိုဖြစ်လာနိုင်

    ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် အရှေ့တောင်အာရှဒေသ၌ ရေကြီးမှု ပိုဖြစ်လာနိုင်

    ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွေကို ဖျက်ဆီးခဲ့တဲ့ ရှားပါးတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းကြီးမည်းကြီး ရွာတာမျိုးတွေဟာ ပူနွေးလာတဲ့ကမ္ဘာမှာ ပိုအဖြစ်များလာမယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။

    အပူချိန် မြင့်တက်လာလို့ ပိုပူတဲ့လေထုက အစိုဓာတ် ပိုထိန်းထားနိုင်တဲ့အတွက် ပိုပြင်းထန်တဲ့ မိုးတွေ ရွာသွန်းမယ့် အလားအလာကို တိုးမြင့်စေတယ်။

    ဒါက ရူပဗေဒ နိယာမပါလို့ WMO ပြောရေးဆိုခွင့်ရှိသူ ကလဲယာ နောလိစ်က ဒီဇင်ဘာ ၂ ရက်မှာ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

    ပိုပြင်းပြင်းထန်ထန် ရွာချတဲ့မိုးတွေကို တွေ့မြင်နေရပြီး အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမယ်လို့ သူက ဆက်ပြောပါတယ်။

    အီကွေတာနဲ့နီးတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေဟာ ရှားပါးလို့ အဲဒီဒေသတွေက ရပ်ရွာတွေဟာ ရင်ဆိုင်ဖို့ ပြင်ဆင်မှုနည်းပါးပြီး မိုးလေဝသဖြစ်ရပ်တွေရဲ့ သက်ရောက်မှုတွေကို ပိုဆိုးရွားစေတယ်လို့ နောလိစ်က ပြောပါတယ်။

    အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ သီရိလင်္ကာတို့ဟာ ပြီးခဲ့တဲ့အပတ်က မိုးသည်းပြီး လေပြင်းတိုက်တာတွေကြောင့် မြေပြိုတာနဲ့ ရေကြီးရေလျှံဖြစ်ပြီး ပိတ်မိနေသူတွေဆီကို ရောက်ရှိရေး ကြိုးပမ်းချက်တွေ အဟန့်အတား ဖြစ်ခဲ့ပါတယ်။

    ဗီယက်နမ်နိုင်ငံက မိုးလေဝသဌာနတခုမှာ မှတ်တမ်းတင်ထားတဲ့ ၂၄ နာရီအတွင်း ဒုတိယအမြင့်ဆုံး မိုးရွာသွန်းမှုကို တွေ့မြင်ခဲ့ရတယ်လို့လည်း နောလိစ်က ပြောခဲ့ပါတယ်။

    လူသေဆုံးမှုများသော အာရှရေကြီးမှုများက ထူးခြားဖြစ်စဉ် မဟုတ်ဘဲ ပုံမှန်အခြေအနေသစ် ဖြစ်လာ

    အရှေ့တောင်အာရှသည် ယခုနှစ်တွင် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှုများ ဆက်တိုက်ကြုံနေရပြီး အချိန်နှောင်းမှ ဝင်ရောက်လာသော မုန်တိုင်းများနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် နေရာများစွာတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

    အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁,၄၀၀ ကျော်ရှိပြီး ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။ အင်ဒိုနီးရှားတွင် တံတားများနှင့် လမ်းများ ရေတိုက်စားမှုကြောင့် ရွာများ သွားလာရေး ပြတ်တောက်နေသည်။ သီရိလင်္ကာတွင်လည်း လူထောင်ပေါင်းများစွာ ရေသန့်ပြတ်လပ်နေသလို ထိုင်းဝန်ကြီးချုပ်က ၎င်းတို့အစိုးရ၏ တုံ့ပြန်မှုတွင် အားနည်းချက်များရှိကြောင်း ဝန်ခံခဲ့သည်။

    မလေးရှားနိုင်ငံသည်လည်း အဆိုးရွားဆုံး ရေကြီးမှုကြုံနေရကာ လူ သုံးဦးသေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ခဲ့ရသည်။

    အလားတူ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တနှစ်ပတ်လုံး ပြင်းထန်သော မုန်တိုင်းများနှင့် ရေကြီးမှုများကို ရင်ဆိုင်ခဲ့ရကာ လူပေါင်းရာချီ သေဆုံးခဲ့သည်။

    ယခုကဲ့သို့ မကြုံစဖူးဟု ထင်ရသည့် အဖြစ်အပျက်များသည် မိုးလေဝသပညာရှင်များ ခန့်မှန်းထားသည့်အတိုင်း ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်သည့် ပုံမှန်အခြေအနေ သစ်ပင် ဖြစ်သည်။

    “အရှေ့တောင်အာရှဟာ ၂၀၂၆ ခုနှစ်နဲ့ နောက် လာမယ့်နှစ်ပေါင်းများစွာမှာ ဆက်လက် ဆိုးရွားလာနိုင်တဲ့ ရာသီဥတုအခြေအနေအတွက် အသင့်ပြင်ထားသင့်တယ်” ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Sunway Centre for Planetary Health ပညာရှင်အဖွဲ့ခေါင်းဆောင် ဂျမီလာမာမွတ်က ပြောကြားခဲ့သည်။

    ရာသီဥတုကပ်၏ အပြည့်အဝသက်ရောက်မှုဒဏ် အာရှ ရင်ဆိုင်နေရ

    ၂၀၂၅ ခုနှစ်တွင်ကြုံရသော ဆိုးရွားသည့် ရာသီဥတုအခြေအနေများသည် ပြီးခဲ့သည့်နှစ် ရာသီဥတုပုံစံများ၏ သက်ရောက်မှုကြောင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဓာတ်ငွေ့ ပမာဏသည် စံချိန်တင် အများဆုံး ဖြစ်ခဲ့ကာ ပိုမိုပြင်းထန်သော ရာသီဥတုများ ဖြစ်ပေါ်လာကြောင်း ကမ္ဘာ့ကုလသမဂ္ဂ မိုးလေဝသအဖွဲ့ (WMO) က ပြောသည်။

    အာရှသည် ထိုသို့သော ပြောင်းလဲမှုဒဏ်များကို အပြင်းအထန် ခံစားနေရပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် နှစ်ဆနီးပါး ပိုမိုပူနွေးလာကာ လွန်ကဲသော ရာသီဥတုဖြစ်ရပ်များ၏ ပြင်းထန်မှုနှင့် အကြိမ်ရေ တိုးလာသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

    ပူနွေးသောသမုဒ္ဒရာအပူချိန်သည် မုန်တိုင်းများကို ပိုအားကောင်းစေကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းက လှိုင်းများပိုထန်စေသည်ဟု City University of Hong Kong မှ ကမ္ဘာမြေသိပ္ပံပါမောက္ခ ဘင်ဂျမင်ဟော်တန်က ပြောသည်။

    ရာသီဥတုပြောင်းလဲမှုကြောင့် သမုဒ္ဒရာရေပြင်ကို ပိုမိုနွေးထွေးစေပြီး တိုင်ဖွန်းရာသီကို ပိုမိုကြာရှည်စေသည့် အယ်လ်နီညိုဖြစ်ရပ်အပါအဝင် လေထုနှင့် သမုဒ္ဒရာရေစီးကြောင်းများအပေါ် သက်ရောက်သောကြောင့် နှစ်ကုန်ပိုင်းတွင် မုန်တိုင်းများ တခုပြီးတခု ဝင်လာခြင်းဖြစ်သည်။ လေထုထဲတွင် အစိုဓာတ် ပိုများလာခြင်းနှင့် လေတိုက်ခတ်မှုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် မုန်တိုင်းများသည် လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။ “မုန်တိုင်းအရေအတွက် သိသိသာသာ တိုးမလာနိုင်ပေမယ့် ပြင်းထန်မှုနဲ့ ကြိုတင်ခန့်မှန်းရခက်မှုကတော့ တိုးလာပါလိမ့်မယ်” ဟု ဟော်တန်က ပြောသည်။

    အစိုးရများ ကြိုတင်ပြင်ဆင်မှု မရှိ

    လွန်ကဲသည့် ရာသီဥတုဖြစ်စဉ်များ၏ ကြိုတင်ခန့်မှန်းရခက်မှု၊ ပြင်းထန်မှုနှင့် အကြိမ်ရေများလာမှုတို့က အရှေ့တောင်အာရှအစိုးရများကို ဝန်ပိစေကြောင်း ဘန်ကောက်အခြေစိုက် အစိုးရများအကြား အာရှဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစင်တာမှ အက်စလမ်ပါဝိုက်ဇ်က ပြောကြားခဲ့သည်။ ၎င်းတို့သည် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းထက် တုံ့ပြန်မှုကိုသာ အလေးပေးသည့် သဘောကြောင့်ဖြစ်သည်ဟု အက်စလမ်က ဆိုသည်။

    သီရိလင်္ကာနိုင်ငံတွင် အဆိုးဆုံးထိခိုက်ခဲ့သော ပြည်နယ်များ၌ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းပြီးကတည်းက အခြေအနေများ သိပ်ပြောင်းလဲမှု မရှိကြောင်း ဘတ္တီကာလိုအာမြို့မှ လူ့အခွင့်အရေး သုတေသီ ဆာရာလာအီမန်နျူရယ်က ပြောသည်။ ထိုဆူနာမီကြောင့် လူပေါင်း ၂၃၀,၀၀၀ သေဆုံးခဲ့ရသည်။

    “ဒီလို သဘာဝဘေး ဖြစ်တဲ့အခါ ဆင်းရဲသားတွေနဲ့ အမေ့ခံရပ်ရွာတွေဟာ အဆိုးရွားဆုံးထိခိုက်ခံစားရပါတယ်” ဟု အီမန်နျူရယ်က ပြောကြားခဲ့သည်။ မြေပြိုမှုများဖြစ်ပွားလေ့ရှိသော ဒေသများတွင် နေထိုင်သော ဆင်းရဲသား လက်ဖက်စိုက်ခင်းလုပ်သားများလည်း ထိခိုက်ခံစားရသူများတွင် ပါဝင်သည်။

    ဒေသတွင်းဂေဟစနစ်ကို ပျက်စီးစေသော စည်းမျဉ်းမဲ့တိုးတက်မှုဖြစ်စဉ်များက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခြင်းကို ပိုမိုဆိုးရွားစေသည်ဟု ကိုလံဘိုအခြေစိုက် အကျိုးအမြတ်မယူသော Law and Society Trust မှ ဆန်ဒန် သူဒူဂါလာက ပြောသည်။

    အင်ဒိုနီးရှားနိုင်ငံတွင် ရေစီးနှင့်အတူ သစ်လုံးများ မျောပါသွားသည့် ဗီဒီယိုများကို ကြည့်ခြင်းအားဖြင့် သစ်တောပြုန်းတီးမှုကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိနိုင်သည်။ ၂၀၀၀ ခုနှစ်မှစ၍ ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသော အင်ဒိုနီးရှားပြည်နယ်များဖြစ်သည့် အာချေး၊ မြောက်ဆူမားတြားနှင့် အနောက်ဆူမားတြားတို့တွင် သစ်တောဧရိယာ ၁၉, ၆၀၀ စတုရန်းကီလိုမီတာ (၇,၅၆၉ စတုရန်းမိုင်) ဆုံးရှုံးခဲ့ရပြီး ယင်းဧရိယာသည် နယူးဂျာစီပြည်နယ်ထက်ပင် ပိုမိုကြီးမားကြောင်း Global Forest Watch က ပြောသည်။

    ရာသီဥတုဘဏ္ဍာငွေ ကန့်သတ်ချက်များနှင့် ဘီလီယံနှင့်ချီ ဆုံးရှုံးမှုများ

    ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံများသည် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ ဆုံးရှုံးနေရသည်။

    ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၁၁ လအတွင်း ရေကြီးမှု၊ မြေပြိုမှုနှင့် မုန်တိုင်းများကြောင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းထားသည်။

    ထိုင်းအစိုးရအချက်အလက်များက အမျိုးမျိုးကွဲပြားနေသော်လည်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဩဂုတ်လနောက်ပိုင်း စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၄၇ သန်း ခန့် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းသည်။ Kasikorn သုတေသနစင်တာက ထိုင်းနိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလ ရေကြီးမှုတခုတည်းကပင် ဒေါ်လာ ၇၈၁ သန်း ခန့် ဆုံးရှုံးစေခဲ့ပြီး ဂျီဒီပီ သုည ဒသမ ၁ ရာခိုင်နှုန်း လျော့ကျစေနိုင်သည်ဟု ခန့်မှန်းထားသည်။

    အင်ဒိုနီးရှားတွင် ယခုနှစ်အတွက် ဆုံးရှုံးမှုနှင့်ပတ်သက်ပြီး အချက်အလက်များ မရှိသေးသော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ်ပျမ်းမျှဆုံးရှုံးမှုသည် ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံ ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

    သီရိလင်္ကာသည် ကာဗွန်ထုတ်လုပ်မှုနည်းသော်လည်း ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များကြောင့် ကြီးကြီးမားမား ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။

    “ကျွန်တော်တို့လို ထိခိုက်လွယ်တဲ့ နိုင်ငံတွေအတွက် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်တဲ့ ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးရဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု သူဒူဂါလာက ပြောကြားခဲ့သည်။

    သီရိလင်္ကာအလယ်ပိုင်း ရာဒေနီယာမြို့မှ အိမ်ဒုတိယထပ်အထိ ရေလွှမ်းခဲ့သည့် စီးပွားရေးအဆောက်အအုံပိုင်ရှင် ရိုဟန်က “ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာတွေ ပြန်ရနိုင်ရေး ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

    အကူအညီတောင်းခံမှုများ မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်လက ဘရာဇီးတွင် ကျင်းပခဲ့သော COP30 ကမ္ဘာ့ရာသီဥတုညီလာခံတွင် နိုင်ငံများသည် ရာသီဥတုဒဏ် တုံ့ပြန်နိုင်ရေး ရန်ပုံငွေ သုံးဆတိုးမြှင့်ရန်နှင့် ၂၀၃၅ ခုနှစ်တွင် နှစ်စဉ်ရာသီဥတုရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ရရှိရန် ကတိပြုခဲ့ကြသည်။ ထိုပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ တောင်းဆိုထားသည်ထက် များစွာ နည်းပါးသော်လည်း ထိုရန်ပုံငွေများဖြင့် အမှန်တကယ် အကောင်အထည် ဖော်၊ မဖော်မှာ မသေချာပေ။

    အရှေ့တောင်အာရှသည် ရာသီဥတုအရေးလုပ်ဆောင်ရန် အရေးကြီးသော အခိုက်အတန့်တွင် ရောက်ရှိနေကြောင်း သိပ္ပံနှင့်မူဝါဒအင်စတီကျု Climate Analytics မှ သောမတ်စ်ဟိုလီက ပြောကြားခဲ့သည်။ ဒေသတွင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးမြှင့်အသုံးပြုနေသော်လည်း ရုပ်ကြွင်းလောင်စာများအပေါ် အလွန်အမင်း မှီခိုနေရဆဲဖြစ်သည်။

    “ဒေသတွင်းမှာ ကျွန်တော်တို့ တွေ့မြင်နေရတာက အံ့ဩစရာပါပဲ။ ဒါဟာ ရာသီဥတုအကျပ်အတည်းရဲ့ အကျိုးဆက်တွေကို သတိပေးနေတာပါပဲ” ဟု ဟိုလီက ပြောသည်။

  • လူမှုရေးဖောက်ပြန်သော  စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို  တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်

    လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်

    ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ်ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံ

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးကိုတို့ကို တပ် ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံလိုက်ကြောင်း ပွင့်ဖြူမြို့နယ်မှ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ တွင် တပ်ကြပ်ကြီး ကိုပုနှင့် စကုမြို့မှ ထွေ/အုပ်ဝန်ထမ်း စာရေးမ ခင်နီလာထွေးတို့မှာ ချစ်သူများ ဖြစ်ခဲ့ကြပြီး အတူနေထိုင်ခဲ့ကြကြောင်း၊ ယင်းနောက် ထွေ/အုပ်ဝန်ထမ်း ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်မှ စရဖ ဗိုလ်ကြီးကျော်မျိုးဦးနှင့် ထပ်မံ ချစ်ကြိုက်သွားခဲ့ပြီး အတူနေခဲ့ကြောင်း၊ ယင်းသို့ ၃ ပွင့်ဆိုင် အချစ်ဇတ်လမ်းဖြစ်လာစဉ် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တပ်ကြပ်ကြီး ကိုပုက ထွေ/အုပ်စာရေးမ ခင်နီလာထွေးနှင့် စရဖ ဗိုလ်ကြီး ကျော်မျိုးဦးတို့ကို အတူ တွဲလျက်တွေ့ရှိရသဖြင့် သေနတ်ဖြင့် ၂ ဦးစလုံးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

    “ဖြစ်တာက လူမှုရေး ဖောက်ပြန်မှု ကိစ္စကြောင့် ဖြစ်ကြတာ။ တပ်ကြပ်ကြီး ကိုပုနဲ့ ထွေ/အုပ်စာရေးမ ခင်နီလာထွေးက အရင် ချစ်သူတွေ ဖြစ်ကြတာ။ နောက်တော့ စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနဲ့ ခင်နီလာထွေးက ထပ်ပြီး ချစ်ကြိုက်ကြတယ်။ အဲဒီမှာ တပ်ကြပ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီးတော့ လိုက်ရှာပြီး စုံတွဲတွေ့တော့ ပစ်သတ်တာ။ စရဖ ဗိုလ်ကြီး ကျော်မျိုးဦးက ရင်ဘက်မှာ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ ပွဲချင်းပြီးပဲ ဆုံးတယ်။ ခင်နီလာထွေးက ရင်ဘတ်ကို ၂ ချက်မှန်ပြီးတော့ ဆုံးတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    အခင်းဖြစ်ပွားပြီးနောက် ပွင့်ဖြူဝါတပ်မှ စစ်သားများနှင့် လယ်ကိုင်းမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြောင်း၊ တပ်ကြပ်ကြီး ကိုပုက ဖမ်းဆီးခံခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီတွင် နယ်မြေခံတပ်နယ်မှူး၏ အမိန့်ဖြင့် သေဆုံးသွားသော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးတို့၏ ရုပ်အလောင်းများကို သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

    “သေဆုံးသူ စရဖ ဗိုလ်ကြီးကျော်မျိုးဦးက မန္တလေးကပါ။ ပစ်ခတ်တဲ့ တပ်ကြပ်ကြီး ကိုပုက ကျောက်ပန်းတောင်းသား။ ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာဇာတိသူပါ။ တပ်က အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမျိုး မလုပ်ဖို့နဲ့ ပြီးတာတွေ ပြီးစေတော့ဆိုပြီး ကန့်သတ်တယ်။ အဓိက ပြဿနာပြန်ချုပ်ရင်တော့ လူမှုရေး ပြဿနာဖြစ်ကြတာ။ အခင်းဖြစ်တာက လယ်ကိုင်းမြို့ ၊ ကိုမောင်နိုင်ရဲ့ အိမ်ထဲမှာ ဖြစ်တာ။ ကိုမောင်နိုင်ဆိုတာ ခင်နီလာထွေးနဲ့ တပ်ကြပ်ကြီး ကိုပုတို့ရဲ့ မိတ်ဆွေ။ သူတို့ မကြာခဏ ချိန်းတွေ့နေတဲ့ အိမ်” ဟု ပွင့်ဖြူမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    နှစ်လောင်းပြိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူ တပ်ကြပ်ကြီး ကိုပုကို လတ်တလော စစ်တပ်က စစ်စည်းကမ်းအရ အရေးယူမည်ဖြစ်ပြီး လယ်ကိုင်းမြို့ရဲစခန်းကလည်း လူသတ်မှုဖြင့် ဆက်လက် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်တပ်မှ သေဆုံးသွားသော ဗိုလ်ကြီး ၁ ဦး၏ နာရေး ပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

    တီးတိန်တွင် အမေရိကန်သတင်းထောက် မိုင်းနင်းမိပြီး ဒဏ်ရာရ

    ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းတပ်ဖွဲ့များအကြားဖြစ် ပွားနေသောတိုက်ပွဲများအကြောင်း သတင်းယူနေသည့် အမေရိကန်သတင်းထောက်တဦး မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း အိန္ဒိယနိုင်ငံထုတ် အရှေ့မိုဂျို သတင်းစာကဖော်ပြသည်။

    အမေရိကန်သတင်းစစ်ထောက် ကောလင်း မေဖီးလ်သည် တီးတိန်မြို့နယ် ကနေဒီတောင်အနီး စစ်ဆင်ရေးနယ် မြေတွင် ဒေသခံ PDF – Zoland တပ်ဖွဲ့စစ်ကြောင်းနှင့်အတူလိုက်ပါရင်း နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် မိုင်းနင်းမိခဲ့ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

    “ဘယ်ဖက်ခြေထောက်နဲ့ မိုင်းနင်းမိလို့ ခြေချောင်းနှစ်ချောင်းနဲ့ အစိတ်အပိုင်းတချို့ဆုံးရှုံးခဲ့ရတယ်။ ညာဖက်ခြေထောက်ရဲ့ ဘက်ဖက်အခြမ်းနဲ့ ဘယ်ဖက်လက်မှာလည်း ဗုံးအစအနတွေအများကြီးထိသွား တယ်” ဟု ကောလင်းမေဖီးလ်က သတင်းစာကို အတည်ပြုပြောသည်။

    ရရှိခဲ့သည့် ဒဏ်ရာကို ဆေးကုသမှုခံယူရန်အတွက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့သို့ သွားရောက်နေကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

    သတင်းထောက် မိုင်းနင်းမိသည့်အခြေအနေနှင့်ပတ်သက်ပြီး PDF -Zoland တပ်ဖွဲ့ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

    ဒဏ်ရာရရှိခဲ့သည့် သတင်းထောက်သည် အိုက်ဇောလ်မြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံတဦး က ယနေ့ (ဒီဇင်ဘာလ၃ရက်)တွင်အတည်ပြုပြောသည်။

    “အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ အခု အိုက်ဇောလ်မြို့မှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ၎င်း ကဆိုသည်။

    မေဖီးလ်သည် ယူကရိန်းကို ရုရှားကျူးကျော်မှု၊ ဟေတီနိုင်ငံရှိ ဂိုဏ်းဂဏအကြမ်းဖက်မှု၊ ဘိုကိုဟာရမ်၊ အစ္စလာမ္မစ်နိုင်ငံ တော်အဖွဲ့၊ ယာဇီဒီ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အီရတ်နိုင်ငံရှိ အီရန်အတိုက်အခံအဖွဲ့ များနှင့်ပတ်သက်ပြီး သတင်းရယူခဲ့သူဖြစ်ကာ ယခု ချင်းပြည်နယ်ရှိ ခုခံတော်လှန်ရေးလှုပ်ရှားမှုများကို မှတ်တမ်းတင်နေကြောင်းသိရသည်။

    ၎င်းသည် မြန်မာ့စစ်ပွဲရှေ့တန်းမြင်ကွင်းများပါဝင်သော “The Chin Resistance” အမည်ရှိသော အပိုင်း သုံးပိုင်းပါသည့် မှတ်တမ်းရုပ်သံကို Qilo တီဗွီတွင် ၂၀၂၄ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သည်။

    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံဘက်သို့သွားရောက်ခဲ့သော ဘယ်လ်ဂျီယံသတင်း ထောက်တဦးကို ကျည်ဆံနှစ်တောင့်ဖြင့် မီဇိုရမ်ပြည်နယ် လဲန်းပွီလေဆိပ်တွင် မတ်လ ၅ ရက်နေ့က ဖမ်း ဆီးမိခဲ့သေးသည်။

    မီဇိုရမ်ပြည်နယ်အပါအဝင် အရှေ့မြောက်ပြည်နယ်အချို့ကို အကာကွယ်ပေး ကန့်သတ်ထားသောနေရာ များ (Protected and Restricted Area)အဖြစ် ဗဟိုအစိုးရကသတ်မှတ်ပြီး နိုင်ငံခြားသားများအနေဖြင့် ပြည်နယ်များအတွင်း ဝင်ခွင့်ရရန် ကြိုတင်လျှောက်ထားရန်လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထား သည်။