ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတွေကို ဖျက်ဆီးခဲ့တဲ့ ရှားပါးတဲ့ အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းကြီးမည်းကြီး ရွာတာမျိုးတွေဟာ ပူနွေးလာတဲ့ကမ္ဘာမှာ ပိုအဖြစ်များလာမယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
အပူချိန် မြင့်တက်လာလို့ ပိုပူတဲ့လေထုက အစိုဓာတ် ပိုထိန်းထားနိုင်တဲ့အတွက် ပိုပြင်းထန်တဲ့ မိုးတွေ ရွာသွန်းမယ့် အလားအလာကို တိုးမြင့်စေတယ်။
ဒါက ရူပဗေဒ နိယာမပါလို့ WMO ပြောရေးဆိုခွင့်ရှိသူ ကလဲယာ နောလိစ်က ဒီဇင်ဘာ ၂ ရက်မှာ ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပိုပြင်းပြင်းထန်ထန် ရွာချတဲ့မိုးတွေကို တွေ့မြင်နေရပြီး အနာဂတ်မှာလည်း ဆက်ဖြစ်နေဦးမယ်လို့ သူက ဆက်ပြောပါတယ်။
အီကွေတာနဲ့နီးတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေဟာ ရှားပါးလို့ အဲဒီဒေသတွေက ရပ်ရွာတွေဟာ ရင်ဆိုင်ဖို့ ပြင်ဆင်မှုနည်းပါးပြီး မိုးလေဝသဖြစ်ရပ်တွေရဲ့ သက်ရောက်မှုတွေကို ပိုဆိုးရွားစေတယ်လို့ နောလိစ်က ပြောပါတယ်။
အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ သီရိလင်္ကာတို့ဟာ ပြီးခဲ့တဲ့အပတ်က မိုးသည်းပြီး လေပြင်းတိုက်တာတွေကြောင့် မြေပြိုတာနဲ့ ရေကြီးရေလျှံဖြစ်ပြီး ပိတ်မိနေသူတွေဆီကို ရောက်ရှိရေး ကြိုးပမ်းချက်တွေ အဟန့်အတား ဖြစ်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံက မိုးလေဝသဌာနတခုမှာ မှတ်တမ်းတင်ထားတဲ့ ၂၄ နာရီအတွင်း ဒုတိယအမြင့်ဆုံး မိုးရွာသွန်းမှုကို တွေ့မြင်ခဲ့ရတယ်လို့လည်း နောလိစ်က ပြောခဲ့ပါတယ်။
လူသေဆုံးမှုများသော အာရှရေကြီးမှုများက ထူးခြားဖြစ်စဉ် မဟုတ်ဘဲ ပုံမှန်အခြေအနေသစ် ဖြစ်လာ
အရှေ့တောင်အာရှသည် ယခုနှစ်တွင် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှုများ ဆက်တိုက်ကြုံနေရပြီး အချိန်နှောင်းမှ ဝင်ရောက်လာသော မုန်တိုင်းများနှင့် မိုးအဆက်မပြတ် ရွာသွန်းမှုတို့ကြောင့် နေရာများစွာတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁,၄၀၀ ကျော်ရှိပြီး ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။ အင်ဒိုနီးရှားတွင် တံတားများနှင့် လမ်းများ ရေတိုက်စားမှုကြောင့် ရွာများ သွားလာရေး ပြတ်တောက်နေသည်။ သီရိလင်္ကာတွင်လည်း လူထောင်ပေါင်းများစွာ ရေသန့်ပြတ်လပ်နေသလို ထိုင်းဝန်ကြီးချုပ်က ၎င်းတို့အစိုးရ၏ တုံ့ပြန်မှုတွင် အားနည်းချက်များရှိကြောင်း ဝန်ခံခဲ့သည်။
မလေးရှားနိုင်ငံသည်လည်း အဆိုးရွားဆုံး ရေကြီးမှုကြုံနေရကာ လူ သုံးဦးသေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ခဲ့ရသည်။
အလားတူ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တနှစ်ပတ်လုံး ပြင်းထန်သော မုန်တိုင်းများနှင့် ရေကြီးမှုများကို ရင်ဆိုင်ခဲ့ရကာ လူပေါင်းရာချီ သေဆုံးခဲ့သည်။
ယခုကဲ့သို့ မကြုံစဖူးဟု ထင်ရသည့် အဖြစ်အပျက်များသည် မိုးလေဝသပညာရှင်များ ခန့်မှန်းထားသည့်အတိုင်း ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်သည့် ပုံမှန်အခြေအနေ သစ်ပင် ဖြစ်သည်။
“အရှေ့တောင်အာရှဟာ ၂၀၂၆ ခုနှစ်နဲ့ နောက် လာမယ့်နှစ်ပေါင်းများစွာမှာ ဆက်လက် ဆိုးရွားလာနိုင်တဲ့ ရာသီဥတုအခြေအနေအတွက် အသင့်ပြင်ထားသင့်တယ်” ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Sunway Centre for Planetary Health ပညာရှင်အဖွဲ့ခေါင်းဆောင် ဂျမီလာမာမွတ်က ပြောကြားခဲ့သည်။
ရာသီဥတုကပ်၏ အပြည့်အဝသက်ရောက်မှုဒဏ် အာရှ ရင်ဆိုင်နေရ
၂၀၂၅ ခုနှစ်တွင်ကြုံရသော ဆိုးရွားသည့် ရာသီဥတုအခြေအနေများသည် ပြီးခဲ့သည့်နှစ် ရာသီဥတုပုံစံများ၏ သက်ရောက်မှုကြောင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဓာတ်ငွေ့ ပမာဏသည် စံချိန်တင် အများဆုံး ဖြစ်ခဲ့ကာ ပိုမိုပြင်းထန်သော ရာသီဥတုများ ဖြစ်ပေါ်လာကြောင်း ကမ္ဘာ့ကုလသမဂ္ဂ မိုးလေဝသအဖွဲ့ (WMO) က ပြောသည်။
အာရှသည် ထိုသို့သော ပြောင်းလဲမှုဒဏ်များကို အပြင်းအထန် ခံစားနေရပြီး ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် နှစ်ဆနီးပါး ပိုမိုပူနွေးလာကာ လွန်ကဲသော ရာသီဥတုဖြစ်ရပ်များ၏ ပြင်းထန်မှုနှင့် အကြိမ်ရေ တိုးလာသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
ပူနွေးသောသမုဒ္ဒရာအပူချိန်သည် မုန်တိုင်းများကို ပိုအားကောင်းစေကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းက လှိုင်းများပိုထန်စေသည်ဟု City University of Hong Kong မှ ကမ္ဘာမြေသိပ္ပံပါမောက္ခ ဘင်ဂျမင်ဟော်တန်က ပြောသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် သမုဒ္ဒရာရေပြင်ကို ပိုမိုနွေးထွေးစေပြီး တိုင်ဖွန်းရာသီကို ပိုမိုကြာရှည်စေသည့် အယ်လ်နီညိုဖြစ်ရပ်အပါအဝင် လေထုနှင့် သမုဒ္ဒရာရေစီးကြောင်းများအပေါ် သက်ရောက်သောကြောင့် နှစ်ကုန်ပိုင်းတွင် မုန်တိုင်းများ တခုပြီးတခု ဝင်လာခြင်းဖြစ်သည်။ လေထုထဲတွင် အစိုဓာတ် ပိုများလာခြင်းနှင့် လေတိုက်ခတ်မှုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် မုန်တိုင်းများသည် လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။ “မုန်တိုင်းအရေအတွက် သိသိသာသာ တိုးမလာနိုင်ပေမယ့် ပြင်းထန်မှုနဲ့ ကြိုတင်ခန့်မှန်းရခက်မှုကတော့ တိုးလာပါလိမ့်မယ်” ဟု ဟော်တန်က ပြောသည်။
အစိုးရများ ကြိုတင်ပြင်ဆင်မှု မရှိ
လွန်ကဲသည့် ရာသီဥတုဖြစ်စဉ်များ၏ ကြိုတင်ခန့်မှန်းရခက်မှု၊ ပြင်းထန်မှုနှင့် အကြိမ်ရေများလာမှုတို့က အရှေ့တောင်အာရှအစိုးရများကို ဝန်ပိစေကြောင်း ဘန်ကောက်အခြေစိုက် အစိုးရများအကြား အာရှဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစင်တာမှ အက်စလမ်ပါဝိုက်ဇ်က ပြောကြားခဲ့သည်။ ၎င်းတို့သည် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းထက် တုံ့ပြန်မှုကိုသာ အလေးပေးသည့် သဘောကြောင့်ဖြစ်သည်ဟု အက်စလမ်က ဆိုသည်။
သီရိလင်္ကာနိုင်ငံတွင် အဆိုးဆုံးထိခိုက်ခဲ့သော ပြည်နယ်များ၌ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းပြီးကတည်းက အခြေအနေများ သိပ်ပြောင်းလဲမှု မရှိကြောင်း ဘတ္တီကာလိုအာမြို့မှ လူ့အခွင့်အရေး သုတေသီ ဆာရာလာအီမန်နျူရယ်က ပြောသည်။ ထိုဆူနာမီကြောင့် လူပေါင်း ၂၃၀,၀၀၀ သေဆုံးခဲ့ရသည်။
“ဒီလို သဘာဝဘေး ဖြစ်တဲ့အခါ ဆင်းရဲသားတွေနဲ့ အမေ့ခံရပ်ရွာတွေဟာ အဆိုးရွားဆုံးထိခိုက်ခံစားရပါတယ်” ဟု အီမန်နျူရယ်က ပြောကြားခဲ့သည်။ မြေပြိုမှုများဖြစ်ပွားလေ့ရှိသော ဒေသများတွင် နေထိုင်သော ဆင်းရဲသား လက်ဖက်စိုက်ခင်းလုပ်သားများလည်း ထိခိုက်ခံစားရသူများတွင် ပါဝင်သည်။
ဒေသတွင်းဂေဟစနစ်ကို ပျက်စီးစေသော စည်းမျဉ်းမဲ့တိုးတက်မှုဖြစ်စဉ်များက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခြင်းကို ပိုမိုဆိုးရွားစေသည်ဟု ကိုလံဘိုအခြေစိုက် အကျိုးအမြတ်မယူသော Law and Society Trust မှ ဆန်ဒန် သူဒူဂါလာက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ရေစီးနှင့်အတူ သစ်လုံးများ မျောပါသွားသည့် ဗီဒီယိုများကို ကြည့်ခြင်းအားဖြင့် သစ်တောပြုန်းတီးမှုကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိနိုင်သည်။ ၂၀၀၀ ခုနှစ်မှစ၍ ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသော အင်ဒိုနီးရှားပြည်နယ်များဖြစ်သည့် အာချေး၊ မြောက်ဆူမားတြားနှင့် အနောက်ဆူမားတြားတို့တွင် သစ်တောဧရိယာ ၁၉, ၆၀၀ စတုရန်းကီလိုမီတာ (၇,၅၆၉ စတုရန်းမိုင်) ဆုံးရှုံးခဲ့ရပြီး ယင်းဧရိယာသည် နယူးဂျာစီပြည်နယ်ထက်ပင် ပိုမိုကြီးမားကြောင်း Global Forest Watch က ပြောသည်။
ရာသီဥတုဘဏ္ဍာငွေ ကန့်သတ်ချက်များနှင့် ဘီလီယံနှင့်ချီ ဆုံးရှုံးမှုများ
ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံများသည် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ ဆုံးရှုံးနေရသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၁၁ လအတွင်း ရေကြီးမှု၊ မြေပြိုမှုနှင့် မုန်တိုင်းများကြောင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းထားသည်။
ထိုင်းအစိုးရအချက်အလက်များက အမျိုးမျိုးကွဲပြားနေသော်လည်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဩဂုတ်လနောက်ပိုင်း စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၄၇ သန်း ခန့် ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းသည်။ Kasikorn သုတေသနစင်တာက ထိုင်းနိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလ ရေကြီးမှုတခုတည်းကပင် ဒေါ်လာ ၇၈၁ သန်း ခန့် ဆုံးရှုံးစေခဲ့ပြီး ဂျီဒီပီ သုည ဒသမ ၁ ရာခိုင်နှုန်း လျော့ကျစေနိုင်သည်ဟု ခန့်မှန်းထားသည်။
အင်ဒိုနီးရှားတွင် ယခုနှစ်အတွက် ဆုံးရှုံးမှုနှင့်ပတ်သက်ပြီး အချက်အလက်များ မရှိသေးသော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ်ပျမ်းမျှဆုံးရှုံးမှုသည် ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံ ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။
သီရိလင်္ကာသည် ကာဗွန်ထုတ်လုပ်မှုနည်းသော်လည်း ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များကြောင့် ကြီးကြီးမားမား ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
“ကျွန်တော်တို့လို ထိခိုက်လွယ်တဲ့ နိုင်ငံတွေအတွက် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်တဲ့ ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးရဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု သူဒူဂါလာက ပြောကြားခဲ့သည်။
သီရိလင်္ကာအလယ်ပိုင်း ရာဒေနီယာမြို့မှ အိမ်ဒုတိယထပ်အထိ ရေလွှမ်းခဲ့သည့် စီးပွားရေးအဆောက်အအုံပိုင်ရှင် ရိုဟန်က “ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတာတွေ ပြန်ရနိုင်ရေး ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
အကူအညီတောင်းခံမှုများ မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်လက ဘရာဇီးတွင် ကျင်းပခဲ့သော COP30 ကမ္ဘာ့ရာသီဥတုညီလာခံတွင် နိုင်ငံများသည် ရာသီဥတုဒဏ် တုံ့ပြန်နိုင်ရေး ရန်ပုံငွေ သုံးဆတိုးမြှင့်ရန်နှင့် ၂၀၃၅ ခုနှစ်တွင် နှစ်စဉ်ရာသီဥတုရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ရရှိရန် ကတိပြုခဲ့ကြသည်။ ထိုပမာဏမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ တောင်းဆိုထားသည်ထက် များစွာ နည်းပါးသော်လည်း ထိုရန်ပုံငွေများဖြင့် အမှန်တကယ် အကောင်အထည် ဖော်၊ မဖော်မှာ မသေချာပေ။
အရှေ့တောင်အာရှသည် ရာသီဥတုအရေးလုပ်ဆောင်ရန် အရေးကြီးသော အခိုက်အတန့်တွင် ရောက်ရှိနေကြောင်း သိပ္ပံနှင့်မူဝါဒအင်စတီကျု Climate Analytics မှ သောမတ်စ်ဟိုလီက ပြောကြားခဲ့သည်။ ဒေသတွင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးမြှင့်အသုံးပြုနေသော်လည်း ရုပ်ကြွင်းလောင်စာများအပေါ် အလွန်အမင်း မှီခိုနေရဆဲဖြစ်သည်။
“ဒေသတွင်းမှာ ကျွန်တော်တို့ တွေ့မြင်နေရတာက အံ့ဩစရာပါပဲ။ ဒါဟာ ရာသီဥတုအကျပ်အတည်းရဲ့ အကျိုးဆက်တွေကို သတိပေးနေတာပါပဲ” ဟု ဟိုလီက ပြောသည်။


Leave a Reply