Category: News

  • ဘောလခဲနှင့်  ဒီးမော့ဆိုတွင် တော်လှန်ရေးအင်အားစုက ရဲဘော် ၂ ဦးကျဆုံး

    ဘောလခဲနှင့် ဒီးမော့ဆိုတွင် တော်လှန်ရေးအင်အားစုက ရဲဘော် ၂ ဦးကျဆုံး

    ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က ရှေ့တန်းတိုက်ပွဲတွေမှာ တော်လှန်ရေး ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်ပါတယ်။

    ဒီးမော့ဆိုမြို့နယ် ရှေတန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် ၈ တပ်ရင်း၊ တပ်ခွဲ ၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းက သြဂုတ် ၁၁ ရက်မှာ ကျဆုံးခဲ့ရပြီး ၁၃ ရက်နေ့မှာ စျာပနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို (PDF Hpruso) က ရဲဘော် ပီတယ် (ခ) ဘိုနိုက ဘောလခဲရှေ့တန်းတနေရာမှာ စစ်တပ်နဲ့တိုက်ခိုက်ရင်း အလောင်းပြန်မရတာကြောင့် စျာပနအခမ်းအနားကို သြဂုတ် ၁၈ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

    PDF Hpruso ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ပွဲဖြစ်တာက ၃ ရက်နေ့ ပေါ့နော်။ ဖြစ်တော့ လူစုကွဲသွားကြတယ်၊ ကွဲသွားတော့ စောင့်ကြည့်တာပေါ့နော်၊ တချို့က မနက်ပိုင်းပြန်လာတယ်၊ တချို့က နောက်တရက်မှပြန်လာတယ်။ ရဲဘော်ဘိုနိုကလည်း ပြန်လာမယ်ထင်ပြီး စောင့်ကြည့်တယ်။ နယ်မြေတွေရှင်းတယ်၊ အစအနမတွေ့တော့ လမ်းများမှားသွားမလားဆိုပြီး စောင့်ကြည့်တာ၊ ရှာတာ မတွေ့တော့ အခုမှ(သြဂုတ်လ ၁၈ရက်)လုပ်ရတာပါ”လို့ ပြောပါတယ်။

    ရဲဘော်ကျော့ကင်းက ရှေ့တန်းထွက်ဖို့ ငြင်းဆိုခြင်းမရှိဘဲ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်နဲ့ ၆ လအရွယ် ကလေးငယ်တို့ရဲ့ ဖခင်ကောင်း၊ ရဲဘော်ကောင်းတယောက်ဖြစ်လို့ ကျဆုံးရမှုအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

    ရဲဘော်ဘိုနိုက ဒီဇင်ဘာလ ၁၂ ရက် ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆိုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဘောလခဲမှာ ထိတွေ့မှု အကြိမ်ကြိမ်ရှိရာကနေ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

  • ဖြတ်တောက်ပိတ်ဆို့မှုခံ မြဝတီမြို့နဲ့ စစ်တပ်ရဲ့ အာရှလမ်းထိန်းချုပ်ရေးဗျူဟာ

    ဖြတ်တောက်ပိတ်ဆို့မှုခံ မြဝတီမြို့နဲ့ စစ်တပ်ရဲ့ အာရှလမ်းထိန်းချုပ်ရေးဗျူဟာ

    စစ်ကော်မရှင်က ပြည်မကနေ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို သွားတဲ့ လောင်စာဆီလမ်းကြောင်းကို ဖြတ်တောက်ထားတာ ရက်သတ္တပတ်ရှိလာပါပြီ။

    ဒီလောင်စာဆီဖြတ်တောက်မှုကြောင့် မြဝတီမြို့ပေါ်မှာ လောင်စာဆီပြတ်လပ်လို့ ဆီစျေးမြင့်တက်နေတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ မြို့ခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မြန်မာ-ထိုင်း အမှတ် ၂ တံတား(မြန်မာဘက်ခြမ်း)ကို ယာယီပိတ်ထားလိုက်ပြီလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

    စစ်တပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်သိမ်းပိုက်ထားပြီးနောက် အဲဒီကနေ မြဝတီ – အာရှလမ်းတစ်ခုလုံးကို ဆက်ပြီး သိမ်းနိုင်ဖို့ ဒီလိုဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ နီးစပ်တဲ့ စစ်ရေးအကဲခတ်တချို့က ကောက်ချက်ချပါတယ်။

    ကရင်တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတချို့ကတော့ အာရှလမ်းမကြီးကို စစ်တပ်က ပြန်လိုချင်တာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ပြောကြပါတယ်။ မြဝတီ အာရှလမ်းက နှစ်ဖက်တပ်တွေအတွက် ဘယ်လောက်ဗျူဟာမြောက် အရေးကြီးနေလဲ။

    ထိုင်း – မြန်မာနယ်စပ် အမှတ် ၂ တံတားမြင်ကွင်း ( ပုံဟောင်း)

    ဆီဖြတ်၊ ကုန်ကားပိတ်ခံထားရတဲ့ မြဝတီ

    မြဝတီမြို့ဟာ ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အများဆုံးအသုံးပြုတဲ့ နယ်စပ်ဂိတ်ဖြစ်ပြီး နယ်မြေ မတည်ငြိမ်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေကို အရင်ဆိုင်ရဆုံး နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြဝတီမြို့က ကျားဖြန့်(အွန်လိုင်းငွေလိမ်)လုပ်ငန်းတွေကို နှိမ်နင်းဖို့ ဆိုပြီး ထိုင်းဘက်ကနေ မြဝတီမြို့ကို တင်သွင်းတဲ့ လောင်စာဆီလမ်းကြောင်းကို ဖြတ်တောက်ထားတာ လနဲ့ချီကြာနေပါပြီ။ ဒါကြောင့် ပြည်မဘက်ကနေ မြဝတီမြို့ကို တင်သွင်းနေတဲ့ လောင်စာဆီတွေကို အားပြုသုံးနေကြတာဖြစ်ပါတယ်။

    အခု မြန်မာစစ်တပ်ကပါ ပြည်မဘက်ကနေ မြဝတီမြို့ဘက်ကို သွားတဲ့ လောင်စာဆီတွေကို ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့ဟာ နှစ်ဖက်ကြားက ဖြတ်တောက်ပိတ်ဆို့မှုကို ခံနေရတာဖြစ်ပါတယ်။

    ” ပြည်တွင်းကနေ ဘားအံ၊ မော်လမြိုင်ဘက် စက်သုံးဆီတင်ပို့ခွင်ကို ပိတ်ထားတာလို့သိရတယ်။ အထူးသဖြင့် ကရင်ဘက်က ဆီဆိုင်တွေကို ခွဲတမ်းလျှော့ဖို့ မပေးဖို့ စက်သုံးဆီအသင်းကို ညွှန်ကြားထားတယ်လို့ သိထားရတယ်” လို့ စက်သုံးဆီရောင်းချဖြန့်ဖြူးရေးအခြေအနေကို သိထားတဲ့ ဘားအံဒေသခံ တစ်ဦးကပြောပါတယ်။

    ဒါကြောင့် လောင်စာဆီဈေးနှုန်း တစ်လီတာ ကျပ် ၃,၅၀၀ ခန့် ကနေ ကျပ် တစ်သောင်းအထိ စျေးမြင့်တက်သွားပြီး မြို့ခံလူထုမှာ အခက်အခဲဖြစ်ရတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။

    ဆီရဖို့ နေရာစုံမှာ ဆီလိုက်ဖြည့်နေတဲ့ မြို့ခံတွေ

    ” တချို့က မော်လမြိုင် ဆင်းပြီးဝယ်တယ်။ တချို့က မဲဆောက်ဘက်မှာ ကားဆီသွားဖြည့်တယ်။ အကုန်လုံးက မြဝတီမှာ ပြန်ရောင်းကြတယ်။ အခုက ဆီတစ်ပေပါကို ကျပ် သိန်း၂၀ ကနေ ၂၅ သိန်း ကြားအထိ စျေးပေါက်နေတယ်” လို့ မြဝတီမြို့ခံ တစ်ဦးက ပြောပါတယ်။

    တချိန်တည်းမှာပဲ ထိုင်း – မြန်မာ ကုန်စည်စီးဆင်းမှုအတွက် အခရာကျတဲ့ မြန်မာ-ထိုင်း အမှတ် ၂ တံတားကို မြန်မာဘက်ခြမ်းက ပိတ်သွားလို့ ကုန်ကားတွေပိတ်မိနေတယ်လို့ မြဝတီကုန်သည်တစ်ဦးက ပြောပါတယ်။

    အာရှလမ်းမကြီးကို သြဂုတ်လကုန်မှာ ပြန်ထိန်းချုပ်နိုင်ရေး စစ်တပ်ဘက်က စီစဉ်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတချို့ဆီက သိရှိရပါတယ်။

    ” စစ်တပ်က ပြန်သိမ်းချင်တော့ အားလုံးကို ဖြတ်တောက်လိုက်တဲ့ သဘောပဲ”လို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    မြန်မာစစ်တပ်နဲ့ DKBA ခွဲထွက် ပူးပေါင်း အဖွဲ့ဟာ မြဝတီမြို့ နဲ့ ၄၁ မိုင်လောက်အကွာက ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက် KNLA/PDF ပူးပေါင်းအဖွဲ့တွေဆီကနေ ဇူလိုင် ၂၄ ရက်မှာ ပြန်လည်သိမ်းယူထားပါတယ်။

    ဒါပေမဲ့ အဲဒီကနေ မြဝတီကြားက လမ်းပိုင်းကိုတော့ KNLA/PDF ပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ထားပါတယ်။

    စစ်တပ်ရဲ့ အောင်ဇေယျ စစ်ကြောင်းဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ကော့ကရိတ်မြို့နယ်ထဲက တတန်ကူးရွာ ကနေ အာရှလမ်းပေါ်ကို သြဂုတ် ၂ ရက်က စပြီး စစ်ကြောင်းပြင်လာတာလို့ မြေပြင်စစ်ရေးရင်းမြစ်က ပြောပါတယ်။

    မြေပြင်စစ်ကြောင်းအတွက် ထောက်ကူပေးနိုင်ဖို့ အထိုင်တပ်ရင်းတွေက လက်နက်ကြီး ပစ်ကူရယူသလို လေကြောင်းပစ်ကူတွေနဲ့လည်း စစ်ရေးဖိအားပေးနေတယ်လို့ ဆိုပါတယ်။

    ” စစ်တပ် စစ်ကြောင်းက အာရှလမ်းသစ်ရဲ့ တောင်ဘက်မှာ ကော့နွဲ့ ရွာနဲ့ တတန်ကူးရွာဘက်၊ မြောက်ဘက်မှာ ရန်ကုတ်ရွာ၊ လှိုင်စိမ်းရွာ၊ ကောင်းမှုရွာတွေဘက်ကို စစ်ကြောင်းထိုး နယ်မြေစိုးမိုးဖို့ လုပ်နေတာ” လို့ မြေပြင်စစ်ရေးရင်းမြစ်က ရှင်းပြပါတယ်။

    ကော့ကရိတ်မြို့နယ်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာသလို နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရှိရပါတယ်။

    ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေ

    ” သြဂုတ် ၁ ရက် နောက်ပိုင်းမှာပိုဆိုးလာတယ်။ စစ်အင်အားဖြည့်တင်းတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းနဲ့ ဒရုန်းအားကိုပိုသုံးလာတယ်” လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

    အထူးသဖြင့် စစ်တပ်ဟာ ကျုံဒိုး-နဘူးလမ်းနဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတို့ကို အလုံးစုံ စိုးမိုးထိန်းချုပ်နိုင်ဖို့ အာရုံစိုက်နေပုံရှိတယ်လို့ သူက ဆိုပါတယ်။

    စစ်တပ်ဟာ ကော့ကရိတ်မြို့နယ်အတွင်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာချိန်မှာပဲ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ စစ်ဌာနချုပ်နယ်မြေတွေဖြစ်တဲ့ မော်ပယ်ခိုနဲ့ သေ့ဘေထ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

    စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မော်ပယ်ခို ကိုရီးယားဆေးရုံအနီးရှိ အိမ်တွေနဲ့ ဈေးဆိုင်တွေပေါ် ကို ဗုံးကျတာနဲ့ မီးလောင်တာတွေရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။

    အဲဒီတုန်းက ဆေးရုံဝန်းကျင်အပြင် စစ်ဦးစီးချုပ်စောဂျော်နီ အိမ်ခြံဝန်းကျင်တွေလည်း ဗုံးကျခဲ့ပါတယ်။

    စစ်တပ်ရဲ့ ဖြတ်တောက်မှုတွေ၊တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    အမှတ် ၂ တံတားကို ဘာကြောင့်ပိတ်

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၂ တံတား ကို ဩဂုတ် ၁၈ ရက် မနက်ပိုင်းက စပြီး မြန်မာဘက်က ယာယီပိတ်လိုက်တာဖြစ်ပါတယ်။

    ကုန်သွယ်ရေးကားတွေဖြတ်သန်းတဲ့ ဒီတံတားကို ပိတ်တဲ့အကြောင်းအရင်းက ပြီးခဲ့တဲ့လတွေအတွင်း က တာဝန်ကျတဲ့ အကောက်ခွန်ဝန်ထမ်းတွေမှာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် စစ်ဆေးမှုတွေလုပ်နေချိန်မှာ ယာယီပိတ်ထားတယ်လို့ သိရကြောင်း မြဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ” အကောက်ခွန်ဝန်ထမ်း အချင်းချင်း လာဘ်ပေး လာဘ်ယူရှိတယ်ဆိုပြီး နေပြည်တော် အထိတိုင်လိုက်လို့ စစ်နေတယ်။ ဘယ်ကားမှ မဲဆောက်ကနေ ပေးမဝင်ဘူး” လို့ မြဝတီမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဒီပိတ်ပင်မှုကြောင့် မဲဆောက်ဘက်ခြမ်းကနေ မြဝတီမြို့ဘက်ကို ဝင်ရောက်တဲ့ ထိုင်းကုန်စည်ကားစီးရေ ရာနဲ့ချီတန်းစီစောင့်ဆိုင်းနေရပြီး ပိတ်မိနေပါတယ်။

    ကုန်ကားဖြတ်သန်းမှုတားမြစ်ခံထားရတဲ့ အမှတ် ၂ တံတား

    မြဝတီကုန်သွယ်ရေးဂိတ်ကနေ ထိုင်းဘက်က ဆေးဝါး၊လူသုံးကုန်၊စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ အဝတ်အထည်တွေ တင်သွင်းနေပြီး မြန်မာဘက်က ကြက်သွန်၊ငရုတ်လို စိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့နေတာပါ။

    ဒီကုန်သွယ်ရေးဂိတ်ရဲ့ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာသန်းချီရှိနေတာဖြစ်ပါတယ်။

    ကုန်သွယ်ရေးရပ်သွားတာကြောင့် ထိုင်းကုန်စည်တွေ စျေးတက်ပြီး ရှားပါးပြတ်လပ်မှာကိုလည်း ပြည်မဘက်က စိုးရိမ်နေကြပါတယ်။

    ဒါပေမဲ့ မြန်မာ ဘက်ကနေ ထိုင်းနိုင်ငံကို စားသောက်ကုန်ပစ္စည်း အထူးသဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ ရေထွက်ပစ္စည်းပို့ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းဆက်ပို့နေတယ်လို့ ဆိုပါတယ်။

    ” တံတားပိတ်လိုက်တာ တော်တော် ပြဿနာကြီးပါတယ်။ ကွန်တိန်နာ ငှားခ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ခတွေရော ပစ္စည်းစရိတ်တွေရော ဝယ်လက်တွေကလည်းစောင့်နေကြတာ။ အခုကျတော့ အကုန်ပြဿနာတက်ကုန်ပြီ” လို့ ထိုင်း – မြန်မာ ကုန်စည်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

    အမှတ် ၁ ၊ အမှတ် ၂ ချစ်ကြည်ရေး တံတားတွေဟာ ကရင်နယ်ခြားစောင့်တပ်(BGF) နယ်မြေထဲမှာရှိနေတာဖြစ်ပါတယ်။ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က သူ့ရဲ့ တပ်ဖွဲ့အားလုံးကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(Karen National Army – KNA ) ဆိုပြီး ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းဖို့ဆိုပြီး အသံထွက်လာချိန်မှာပဲ ဒီလို မြဝတီမြို့ကို မြန်မာစစ်တပ်ရဲ့ ဖိအားပေးမှုတွေဆက်တိုက်ဖြစ်လာတာဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။

  • မြန်မာနယ်စပ်ပိတ်မှုကြောင့် ဘတ် ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် ထိုင်းပို့ကုန်များ ထိခိုက်

    မြန်မာနယ်စပ်ပိတ်မှုကြောင့် ဘတ် ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် ထိုင်းပို့ကုန်များ ထိခိုက်

    ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို မြန်မာစစ်ကော်မရှင်က ရုတ်တရက်ပိတ်လိုက်ခြင်း ကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြင်း ထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

    ကုန်သွယ်မှု၀င်ငွေများကို ထိန်းချုပ်ရန်ရည်ရွယ်သည့် တံတားပိတ်မှုသည် ကြီးမားသော ကုန်စည်စီးဆင်း မှုကို ရပ်တန့်သွားစေပြီး ခန့်မှန်းခြေ ဘတ် ၁၃၀ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်မှုကို ခြိမ်းခြောက် လျက်ရှိ သည်။

    ဩဂုတ်လ ၁၈ ရက်တွင် နယ်စပ်ဂိတ်များမှ မော်တော်ယာဉ်ကြီးများနှင့် ကုန်စည်များအားလုံးကို ကရင် ပြည်နယ်၊ မြဝတီမြို့မှ တာဝန်ရှိသူများက မမျှော်လင့်ဘဲ ဖြတ်သန်းခွင့် ပိတ်လိုက်သည်။

    မဲဆောက်ရှိ အကောက်ခွန်အရာရှိများအပါအဝင် ထိုင်းအာဏာပိုင်များအား ကြိုတင်သတိပေးမှုတစုံတရာ မရှိဘဲ ပိတ်လိုက်ခြင်းဖြစ်သည်။
    သတင်းများအရ ယင်းအမိန့်သည် နေပြည်တော်မှလာခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအမြတ်အစွန်းများ ကို စစ်ကော်မရှင်က ပြန်လည်ရယူနိုင်ရန် ရည်ရွယ်သည့် ဖြိုခွင်းမှုတစိတ်တပိုင်းဖြစ်သည်။

    နှစ်ပေါင်းများစွာ ယင်းဝင်ငွေ၏ သိသာထင်ရှားသော အစိတ်အပိုင်းများသည် ယင်းဧရိယာရှိ အဓိက လက် နက်ကိုင်အဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ်(BGF)အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီး ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။

    ယခုအခါ မြန်မာစစ်ကော်မရှင်သည် ထိန်းချုပ်မှုပြန်လည်ပြုလုပ်ရန်နှင့် ယင်း၏ ကိုယ်ပိုင်ဝင်ငွေကို တိုး မြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။

    အဓိက ကုန်သွယ်မှုတံတားကို ပိတ်ထားသော်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၁)သည် ဖြတ်သန်းသွားလာသူများနှင့် တနိုင်တပိုင်သယ်ပို့သူများနှင့် လည်ပတ်နေဆဲ ဖြစ်သည်။

    သို့သော် တံတား အမှတ်(၂)သည် အကြီးစားသွင်းကုန်နှင့် ပို့ကုန်များအတွက် အဓိကလမ်းကြောင်း ဖြစ်ပြီး ယင်းကိုပိတ်လိုက်ခြင်းကြောင့် ပို့ဆောင်ရေးကုမ္ပဏီများ၊ ကုန်တင်ယာဉ်များနှင့် ကုန်သည်များအတွက် သိသိသာသာ ထိခိုက်စေနိုင်သည်။

    အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် တနင်္လာနေ့တွင် တက်ခ်ပြည်နယ်ကုန်သည်ကြီးများအသင်းက အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး တံတားပိတ်ခြင်း၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့သည်။ အဖြေရှာရေးအတွက် ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာစစ်ကော်မရှင်နှင့် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန်အဆိုပြုခဲ့သည်။

    ထိုင်းအာဏာပိုင်များ၏ တင်းကျပ်သော အရေးယူမှုအသစ်များကြောင့် အခြေအနေမှာ ပိုမိုရှုပ်ထွေးလာ နေသည်။ ဩဂုတ်လ ၂၀ ရက်မှစတင်၍ ပို့ကုန်အားလုံးအား ထိုင်းစစ်တပ်၊ အုပ်ချုပ်ရေးနှင့် အကောက်ခွန် အရာရှိများမှ စစ်ဆေးရန်အတွက် နှစ်ရက်ကြိုတင် အသိပေးအကြောင်းကြားရန် ပို့ကုန်လုပ်ငန်းရှင်များ ကို တက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသည်။

    ကုန်စည်စီးဆင်းမှုအတွက် နောက်ထပ် နှောင့်နှေးမှုများဖြစ်ပေါ်လာပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာ နိုင်ကာ နယ်စပ်ကုန်သွယ်ရေးစနစ်တခုလုံး အကျပ်အတည်းဖြစ်သွားမည်ကို စီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

    မဲဆောက်အကောက်ခွန်၏ တရားဝင်အချက်အလက်များအရ ပို့ကုန်ကျဆင်းမှု၏ပြင်းထန်မှုကို ဖော်ပြ နေသည်။ ဤလမ်းကြောင်းမှတဆင့် မြန်မာသို့ ထိုင်းပို့ကုန်တင်ပို့မှုသည် သုံးလပတ်တခုလျှင် ဘတ် ၅၀ ဘီလီယံနီးပါးမှ ဘတ် ၁၀ ဘီလီယံကျော်အထိ ကျဆင်းသွားခဲ့သည်။

    မကြာသေးမီက ကိန်းဂဏန်းများသည် နယ်စပ်စီးပွားရေး၏ မတည်ငြိမ်သော သဘောသဘာဝကို ဖော်ပြ နေသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် အထိရှိသည့် ၂၀၂၅ ခုနှစ်ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ထိုင်းဘတ်ငွေ ၁၃၈ ဒသမ ၆ ဘီလီယံရောက်ရှိ ခဲ့ပြီး ယခင်နှစ်ထက် ၇၈ ဒသမ ၉၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

    သို့သော် အဓိကအားဖြင့် ခနောက်စိမ်းသတ္တုရိုင်းများ တင်သွင်းမှု ၁၄၂ ဒသမ ၃၄ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်မှုကြောင့် ဖြစ်သည်။ အလားတူကာလတွင် အစစ်အမှန် ပို့ကုန်တန်ဖိုးသည် ၂၁ ဒသမ ၃၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။

    ထိုင်းနိုင်ငံမှ ထိပ်တန်းပို့ကုန်များတွင် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် စား အုန်းဆီတို့ပါဝင်ပြီး မြန်မာနိုင်ငံမှသွင်းကုန်များတွင် ခနောက်စိမ်းသတ္တုရိုင်းများက အဓိက ပါဝင်ပြီး ယင်း နောက်တွင် ငရုတ်သီးခြောက်နှင့် ငရုတ်စိုတင်သွင်းမှုများ ပါဝင်သည်။

    မဲဆောက်အကောက်ခွန်မှ အချက်အလက်များသည် တရားဝင်မဟုတ်သော ကုန်သွယ်မှု၏ စိန်ခေါ်မှုကို မီးမောင်းထိုးပြနေပြီး လက်ရှိဘဏ္ဍာနှစ်တွင် သွင်းကုန် ၆၈ ဒသမ ၇၁ ရာခိုင်နှုန်းနှင့် ပို့ကုန် ၆၁ ဒသမ ၈၅ ရာခိုင်နှုန်းကို “တရားမဝင်လမ်းကြောင်းများ” မှ တဆင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

    တံတားဆက်လက်ပိတ်ထားပါက အဆိုပါတရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းများမှ သယ်ဆောင်မှုများ ပိုများလာနိုင်ပြီး နယ်စပ်နှစ်ဖက်စလုံးရှိ ဒေသတွင်းစီးပွားရေးများကို ထိခိုက်စေနိုင်သည်။

    The Nation မှ Myanmar Border Closure Cripples Thai Exports Worth Billions အား သောမတ် ဘာသာပြန်သည်။

  • မိုးကုတ်၊ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

    မိုးကုတ်၊ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင်အောက်ဘက်ရှိ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က သြဂုတ် ၁၈ ရက် ညနေ ၃ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ကျပ်ပြင်ရပ်ကွက်မှာ နေထိုင်နေသူတယောက်က “ကျပ်ပြင်ဈေးနားကို ဗုံးကျသွားတယ်။ မြေကွက်လပ် ဆိုတော့ လူထိခိုက်မှုမရှိဘူး။ ဘေးနားက အိမ်တွေတော့ အစတွေ စင်တယ်။ ဗုံးစတွေတော့ အဝေးကြီးထိ လွင့်လာတယ်”လို့ ပြောပါတယ်။

    ဗုံးဒဏ်ကြောင့် အနီးနားရှိ လူနေအိမ်နဲ့ ဆောက်အအုံတချို့ဗုံးစထိမှန်ခဲ့ပြီး လူတယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ဇူလိုင်လကနေ သြဂုတ်လအတွင်း ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၀ ကျော် ထိခိုက် သေဆုံးခဲ့ပါတယ်။q

  • ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူ ၂ ဦး စစ်သင်တန်း တက်နေရ

    ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူ ၂ ဦး စစ်သင်တန်း တက်နေရ

    ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဇူလိုင် ၁၁ ရက် ညပိုင်းမှာ သံသယနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ယောက် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး စစ်သင်တန်း တက်နေရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။

    စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းတက်နေတဲ့ အဆိုပါ လူငယ် ၂ ယောက်ဟာ မြောက်ဥက္ကလာ၊ တံတားကြီးရပ်ကွက်နေ ကိုအောင်ကိုနဲ့ ကိုကောင်းစည်သူတို့ ဖြစ်ပါတယ်။

    လူငယ် ၂ ယောက်ဟာ ဖမ်းဆီးခံရချိန်က ‌မြို့နယ်ရဲစခန်းမှာ မိဘတွေနဲ့ တကြိမ်သာ တွေ့ဆုံခွင့်ရပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ သိရပါတယ်။

    မြို့ခံတယောက်က “သူငယ်ချင်းနှစ်ယောက်စလုံး ပါသွားတာ။ မြောက်ဥက္ကလာရဲ မေးတော့လည်း မသိဘူး။ မင်္ဂလာဒုံသွားမေးလည်း မသိဘူး။ အချုပ်တွေရော ထောင်ကြီးပါ ရောက်ပြီးပြီ၊ မသိဘူးဆိုတာချည်းပဲ။ ဟိုနေ့က သိသိချင်း တညင်းကုန်း စစ်သားစုဆောင်းရေး သွားမေးမှ ကလေး ၂ ယောက်စလုံး ရှိနေတယ်။ ဘာမှမဖြစ်ဘူးလို့ သိလိုက်ရတာ” လို့ ပြောပါတယ်။

    ဩဂုတ် ၁၅ ရက်မှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁ လေ့ကျင့်ရေးကျောင်းက စစ်သင်တန်းသားတွေရဲ့ မှတ်တမ်းပုံတွေ ထုတ်ပြန်ခဲ့ပြီး မိသားစုဝင်တွေက တွေ့ရှိ စုံစမ်းရာက စစ်မှုထမ်းထဲ ရောက်နေတာ သိရတာဖြစ်ပါတယ်။

    ဇူလိုင် ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ ပူးပေါင်းအဖွဲ့က M79 လောင်ချာ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ခေမာသီလမ်း၊ မြောက်ဥက္ကလာ ကြံ့ခိုင်ရေးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    စွပ်စွဲဖမ်းဆီးခံရသူ ၂ ယောက်ဟာ ကြံ့ခိုင်ရေးရုံးရှေ့ ဝေပုလ္လလမ်းထိပ် လက်ဖက်ရည်ဆိုင်ကနေ မေဓာဝီလမ်းဆုံဘက်ကို လမ်းလျှောက်ပြန်လာရင်း စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိပါဘူး။