ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို မြန်မာစစ်ကော်မရှင်က ရုတ်တရက်ပိတ်လိုက်ခြင်း ကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြင်း ထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

ကုန်သွယ်မှု၀င်ငွေများကို ထိန်းချုပ်ရန်ရည်ရွယ်သည့် တံတားပိတ်မှုသည် ကြီးမားသော ကုန်စည်စီးဆင်း မှုကို ရပ်တန့်သွားစေပြီး ခန့်မှန်းခြေ ဘတ် ၁၃၀ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်မှုကို ခြိမ်းခြောက် လျက်ရှိ သည်။

ဩဂုတ်လ ၁၈ ရက်တွင် နယ်စပ်ဂိတ်များမှ မော်တော်ယာဉ်ကြီးများနှင့် ကုန်စည်များအားလုံးကို ကရင် ပြည်နယ်၊ မြဝတီမြို့မှ တာဝန်ရှိသူများက မမျှော်လင့်ဘဲ ဖြတ်သန်းခွင့် ပိတ်လိုက်သည်။

မဲဆောက်ရှိ အကောက်ခွန်အရာရှိများအပါအဝင် ထိုင်းအာဏာပိုင်များအား ကြိုတင်သတိပေးမှုတစုံတရာ မရှိဘဲ ပိတ်လိုက်ခြင်းဖြစ်သည်။
သတင်းများအရ ယင်းအမိန့်သည် နေပြည်တော်မှလာခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအမြတ်အစွန်းများ ကို စစ်ကော်မရှင်က ပြန်လည်ရယူနိုင်ရန် ရည်ရွယ်သည့် ဖြိုခွင်းမှုတစိတ်တပိုင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ယင်းဝင်ငွေ၏ သိသာထင်ရှားသော အစိတ်အပိုင်းများသည် ယင်းဧရိယာရှိ အဓိက လက် နက်ကိုင်အဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ်(BGF)အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီး ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။

ယခုအခါ မြန်မာစစ်ကော်မရှင်သည် ထိန်းချုပ်မှုပြန်လည်ပြုလုပ်ရန်နှင့် ယင်း၏ ကိုယ်ပိုင်ဝင်ငွေကို တိုး မြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။

အဓိက ကုန်သွယ်မှုတံတားကို ပိတ်ထားသော်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၁)သည် ဖြတ်သန်းသွားလာသူများနှင့် တနိုင်တပိုင်သယ်ပို့သူများနှင့် လည်ပတ်နေဆဲ ဖြစ်သည်။

သို့သော် တံတား အမှတ်(၂)သည် အကြီးစားသွင်းကုန်နှင့် ပို့ကုန်များအတွက် အဓိကလမ်းကြောင်း ဖြစ်ပြီး ယင်းကိုပိတ်လိုက်ခြင်းကြောင့် ပို့ဆောင်ရေးကုမ္ပဏီများ၊ ကုန်တင်ယာဉ်များနှင့် ကုန်သည်များအတွက် သိသိသာသာ ထိခိုက်စေနိုင်သည်။

အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် တနင်္လာနေ့တွင် တက်ခ်ပြည်နယ်ကုန်သည်ကြီးများအသင်းက အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး တံတားပိတ်ခြင်း၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့သည်။ အဖြေရှာရေးအတွက် ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာစစ်ကော်မရှင်နှင့် အမြန်ဆုံး ညှိနှိုင်းဆွေးနွေးရန်အဆိုပြုခဲ့သည်။

ထိုင်းအာဏာပိုင်များ၏ တင်းကျပ်သော အရေးယူမှုအသစ်များကြောင့် အခြေအနေမှာ ပိုမိုရှုပ်ထွေးလာ နေသည်။ ဩဂုတ်လ ၂၀ ရက်မှစတင်၍ ပို့ကုန်အားလုံးအား ထိုင်းစစ်တပ်၊ အုပ်ချုပ်ရေးနှင့် အကောက်ခွန် အရာရှိများမှ စစ်ဆေးရန်အတွက် နှစ်ရက်ကြိုတင် အသိပေးအကြောင်းကြားရန် ပို့ကုန်လုပ်ငန်းရှင်များ ကို တက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသည်။

ကုန်စည်စီးဆင်းမှုအတွက် နောက်ထပ် နှောင့်နှေးမှုများဖြစ်ပေါ်လာပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာ နိုင်ကာ နယ်စပ်ကုန်သွယ်ရေးစနစ်တခုလုံး အကျပ်အတည်းဖြစ်သွားမည်ကို စီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

မဲဆောက်အကောက်ခွန်၏ တရားဝင်အချက်အလက်များအရ ပို့ကုန်ကျဆင်းမှု၏ပြင်းထန်မှုကို ဖော်ပြ နေသည်။ ဤလမ်းကြောင်းမှတဆင့် မြန်မာသို့ ထိုင်းပို့ကုန်တင်ပို့မှုသည် သုံးလပတ်တခုလျှင် ဘတ် ၅၀ ဘီလီယံနီးပါးမှ ဘတ် ၁၀ ဘီလီယံကျော်အထိ ကျဆင်းသွားခဲ့သည်။

မကြာသေးမီက ကိန်းဂဏန်းများသည် နယ်စပ်စီးပွားရေး၏ မတည်ငြိမ်သော သဘောသဘာဝကို ဖော်ပြ နေသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် အထိရှိသည့် ၂၀၂၅ ခုနှစ်ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ထိုင်းဘတ်ငွေ ၁၃၈ ဒသမ ၆ ဘီလီယံရောက်ရှိ ခဲ့ပြီး ယခင်နှစ်ထက် ၇၈ ဒသမ ၉၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

သို့သော် အဓိကအားဖြင့် ခနောက်စိမ်းသတ္တုရိုင်းများ တင်သွင်းမှု ၁၄၂ ဒသမ ၃၄ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်မှုကြောင့် ဖြစ်သည်။ အလားတူကာလတွင် အစစ်အမှန် ပို့ကုန်တန်ဖိုးသည် ၂၁ ဒသမ ၃၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ထိုင်းနိုင်ငံမှ ထိပ်တန်းပို့ကုန်များတွင် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် စား အုန်းဆီတို့ပါဝင်ပြီး မြန်မာနိုင်ငံမှသွင်းကုန်များတွင် ခနောက်စိမ်းသတ္တုရိုင်းများက အဓိက ပါဝင်ပြီး ယင်း နောက်တွင် ငရုတ်သီးခြောက်နှင့် ငရုတ်စိုတင်သွင်းမှုများ ပါဝင်သည်။

မဲဆောက်အကောက်ခွန်မှ အချက်အလက်များသည် တရားဝင်မဟုတ်သော ကုန်သွယ်မှု၏ စိန်ခေါ်မှုကို မီးမောင်းထိုးပြနေပြီး လက်ရှိဘဏ္ဍာနှစ်တွင် သွင်းကုန် ၆၈ ဒသမ ၇၁ ရာခိုင်နှုန်းနှင့် ပို့ကုန် ၆၁ ဒသမ ၈၅ ရာခိုင်နှုန်းကို “တရားမဝင်လမ်းကြောင်းများ” မှ တဆင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

တံတားဆက်လက်ပိတ်ထားပါက အဆိုပါတရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းများမှ သယ်ဆောင်မှုများ ပိုများလာနိုင်ပြီး နယ်စပ်နှစ်ဖက်စလုံးရှိ ဒေသတွင်းစီးပွားရေးများကို ထိခိုက်စေနိုင်သည်။

The Nation မှ Myanmar Border Closure Cripples Thai Exports Worth Billions အား သောမတ် ဘာသာပြန်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *