Category: News

  • နိုင်ငံတောင်ပိုင်း ရန်ကုန်အထိ ထိုးဖောက်ရန် အထူးတိုင်းစစ်ဌာနကို NUG ဖွဲ့စည်း

    နိုင်ငံတောင်ပိုင်း ရန်ကုန်အထိ ထိုးဖောက်ရန် အထူးတိုင်းစစ်ဌာနကို NUG ဖွဲ့စည်း

    နိုင်ငံတောင်ပိုင်းဒေသများဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများ စုစည်း၍ စစ်ရေးအရှိန်မြှင့်ဖော်ဆောင်နိုင်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်း လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။

    နည်းဗျူဟာများ၊ တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များပါဝင် သော အထူးတိုင်းစစ်ဌာနသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်မည်ဟု သိရသည်။

    စစ်တောင်းမြစ်ဝှမ်းစစ်ဆေးရေးမှတဆင့် ရန်ကုန်စစ်ဆင်ရေးများပါ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၏ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

    “အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ ဗျူဟာတွေအနေနဲ့ လက်ရှိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးဘက်တွေမှာ စစ်ရေးလှုပ်ရှားမှု ရှိနေပါတယ်၊ အဓိက ကတော့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးကနေ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထိုသူက ဆိုသည်။

    NUG အနေဖြင့် နိုင်ငံမြောက်ပိုင်းကို အမှတ် (၁) စစ်ဒေသ၊ နိုင်ငံတောင်ပိုင်းကို အမှတ် (၂) စစ်ဒေသ ဟု သတ်မှတ်ထားရာ အဆိုပါစစ်ဒေသများအောက်တွင် စစ်ဆင်ရေးနယ်မြေများ၊ စစ်ဌာနများ ထပ်မံဖွဲ့စည်း နေခြင်းဖြစ်သည်။

    နိုင်ငံတောင်ပိုင်း အမှတ် (၂) စစ်ဒေသအောက်တွင် အမှတ် (၁)၊ (၂) ၊ (၃) စသည်ဖြင့် စစ်ဆင်ရေးနယ်မြေ သုံးခု ဖွဲ့စည်းပြီးဖြစ်သည်ဟု NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

    ထိုအထဲတွင် အသစ်ဖွဲ့လိုက်သော အထူးတိုင်းစစ်ဌာနသည် အမှတ် (၁) စစ်ဆင်ရေးနယ်မြေတွင် ပါဝင်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင်တို့တွင် လှုပ်ရှားမည်ဖြစ် သည်။

    “အဲဒီ နယ်မြေအတွင်းမှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဗျူဟာတွေ၊ ပကဖတွေ အားလုံးကို CoC တစ်ခုတည်း အောက်မှာ ကွပ်ကဲပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းလိုက်တာ” ဟု NUG ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

    “အခု ..အထူးတိုင်းစစ်ဌာန ဆိုတာကတော့ အမှတ် (၁) စစ်ဆင်ရေးနယ်မြေအောက်မှာ ရှိနေတဲ့ စစ်ဌာန ဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

    အမှတ် (၁) စစ်ဆင်ရေးနယ်မြေသည် နိုင်ငံတောင်ပိုင်း ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ပါဝင်သည်။

    အလားတူ အမှတ် (၂) စစ်ဆင်ရေးနယ်မြေတွင် ရန်ကုန်အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ထည့်သွင်းထားကာ ပဲခူးရိုးနှင့်ထိစပ်နေသော မကွေးတိုင်းကို အမှတ် (၃) စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

    ပြည်နယ်နှစ်ခု၊ တိုင်းနှစ်ခု ပါဝင်သည့် အမှတ် (၁) စစ်ဆင်ရေးနယ်မြေအတွင်း အထူးတိုင်းစစ်ဌာန အပြင် တနင်္သာရီတိုင်းစစ်ဌာနလည်း ပါဝင်သည်ဟု သိရသည်။

    နိုင်ငံတောင်ပိုင်း အမှတ် (၂) စစ်ဒေသအောက်တွင် လက်ရှိ စစ်ဆင်ရေးနယ်မြေ သုံးခုအပြင် နောက်ထပ် စစ်ဆင်ရေးနယ်မြေများလည်း ထပ်ပြီးဖွဲ့စည်းသွားရန် ရှိကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

    အထူးတိုင်းစစ်ဌာန၊ တနင်္သာရီတိုင်းစစ်ဌာနတို့သည် PDF စစ်ရုံးချုပ်နှင့် စစ်ဆင်ရေးနယ်မြေများ၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ပြီး စစ်ဆင်ရေးနယ်မြေအတွင်းမှ တပ်ရင်း များ၊ ဗျူဟာများကို စုစည်း၊ ပြုပြင်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု NUG ထုတ်ပြန်ချက်အရ သိရသည်။

    တပ်များစုစည်းကာ တိုက်ခိုက်မည်ဖြစ်သည့်အတွက် အင်အားပိုတောင့်တင်းကာ စနစ်ပိုကျလာမည် ဖြစ်သည် ဟု အထူးတိုင်းစစ်ဌာန သတင်းပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ပြောသည်။

    “ယခင် ပြန့်ကျဲနေတဲ့၊ ကွပ်ကဲမှုလွတ်နေတဲ့ တပ်တွေအားလုံးကို MOD (ကာကွယ်ရေးဝန်ကြီးဌာန) အဆင့်ဆင့်ကွပ်ကဲမှုအောက်မှာ တစ်စုတစ်စည်းတည်း တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် စစ်ရေးဆောင်ရွက်မှုတွေမှာ ပိုမိုအင်အားတောင့်တင်းလာမှာဖြစ်သလို အမိန့်ပေးကွပ်ကဲမှုနဲ့ အုပ်ချုပ် ထောက်ပံ့မှုတွေမှာ ပိုမိုစနစ်ကျလာမှာဖြစ်ပါတယ်”

    လက်ရှိတွင် စစ်တပ်က နိုင်ငံအလယ်ပိုင်း၊ ကချင်၊ ရှမ်းမြောက်၊ နိုင်ငံတောင်ပိုင်းဒေသများကို တပြိုင်နက် ထိုးစစ်ဆင်နေရာ မြို့အချို့ကို တော်လှန်ရေးတပ်များဘက်က စွန့်လွှတ်လိုက်ရသည်။

    အာဏာသိမ်းစစ်တပ်၏ နိုင်ငံအနှံ့ထိုးစစ်ကို ပြန်ခုခံနိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က ကြိုးပမ်း ပြင်ဆင်နေကြသည်။

    ပုံစာ- ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ကိုစစ်)

  • မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေတွေကို ရှင်းလင်းမယ်လို့ စစ်တပ်ပြော

    မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေတွေကို ရှင်းလင်းမယ်လို့ စစ်တပ်ပြော

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်း နေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်တပ်က မတ္တရာ – သပိတ်ကျင်းကြားက တော်လှန်ရေးနယ်မြေ တွေကို ရှင်းလင်းမယ်လို့ မနေ့ သြဂုတ် ၂၈ ရက် ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

    သပိတ်ကျင်းမြို့ကို အခုနှစ်ဇူလိုင်လကုန်ပိုင်းမှာ စစ်တပ်က ပြန်သိမ်းခဲ့တာကြောင့် ဒီနယ်မြေ ၂ ခုကြားမှာ ရှိနေတဲ့ စဉ့်ကူးမြို့ကိုဆက်ထိုးစစ်ဆင်မယ်ဆိုတဲ့သဘောလို့ နားလည်ရပါတယ်။

    စဉ့်ကူးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း မနှစ် ဇူလိုင်လမှာ Mdy PDF ဦးဆောင်မှု နဲ့ သိမ်းပိုက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။

    “စဉ့်ကူးဘက်ကိုထိုးလာတာမျိုးမရှိပါဘူး။ အခြေအနေက စောင့်ကြည့်ရမှာပဲ” စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တစ်ဦး က ပြောပါတယ်။

    တအာင်းတပ် (TNLA) နဲ့ Mdy PDF တို့ရဲ့ ထိုးစစ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မတ္တရာမြို့ရဲ့ မြောက်ဘက် ရေနံ့သာရွာတဝိုက်၊ အရှေ့ဘက်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် သတ္တုတွင်းနေရာတွေမှာ ရပ်တန့်သွားခဲ့ပြီး စစ်တပ်က တစ်နှစ်အကြာ အခုနှစ်ဇူလိုင်မှာ တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    စစ်တပ်ဘက်က မတ္တရာ – ဘိုကုန်း – ကျောက်တံတား၊ မြကန်သာရွာ၊ ပန်းစလောင်းတောင် နဲ့ ဘိုင်ပင်ရွာ ဘက်တို့ကနေ စစ်ကြောင်းလေးကြောင်းနဲ့ တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး ကာလ ၁ လ ၇ ရက်အတွင်း ဘိလပ်မြေစက်ရုံနဲ့ သတ္တုတွင်းနေရာကို ပြန်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။

    ဒါနဲ့ပတ်သက်လို့ မနေ့တုန်းက Mdy PDF ကိုဆက်သွယ် မေးမြန်းရာမှာတော့ “ဖယောင်းတောင်ဘက်နေ ခွာစစ်ဆင်တာ ဟုတ်ပါတယ်။ ဒါပေမယ့် အနီးတဝိုက်မှာ တိုက်ပွဲတွေ တောက်လျှောက်ရှိနေပါတယ်” လို့ Mdy PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောခဲ့ပါတယ်။

    ဒီနေ့ သြဂုတ် ၂၉ ရက် မတ္တရာမြို့နယ်ထဲကစစ်ရေးအခြေအနေကို Mdy PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ဆီ ထပ်မံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး မနက် ၁၀ နာရီကျော်အထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

  • ကျောက်မဲမှာ အကြွေးပေးရမယ့်သူက အကြွေးရှင်ကို လာရောက်ပစ်ခတ်

    ကျောက်မဲမှာ အကြွေးပေးရမယ့်သူက အကြွေးရှင်ကို လာရောက်ပစ်ခတ်

    ကျောက်မဲမှာ အကြွေးပေးရမယ့်သူက အကြွေးရှင်ကို လာရောက်ပစ်ခတ်လို့ တယေက်သေပြီး တယောက်ဒဏ်ရာရ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီရက်ပိုင်းအတွင်း အကြွေးပေးရမယ့်သူက အကြွေးရှင်နဲ့ အိမ်စောင့် ကိုလာရောက်ပစ်ခတ်ခဲ့ရာ တယေက်သေဆုံး တယောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    “အိမ်ထဲကို အလကား နေရင်း ပစ်သတ်သွားတာ။ SSPP က ဗိုလ်ကို ပစ်ခိုင်းတာ။ တယောက်သေတယ်။ တယောက် ဒဏ်ရာရတယ်။ အမှတ် ၂ ရပ်ကွက် ပေါက်ကုန်းမှာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပြတယ်။

    အကြွေးရှင် အိမ်ကို အကြွေးပေးရမယ့်သူက SSPP က လူ နှစ်ယောက်ကို ခေါ်လာပြီး လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ သူကတော့ ချိုင်းနားကနေ ကျည် ဖောက်ဝင်သွားကာ ခါးနားကျည် ရှိနေသေးလို့ ဆိုပါတယ်။

    “အိမ်ကို စောင့်ပေးတဲ့ သူက နေရင်း ထိုင်ရင်းနဲ့ ပစ်သတ်ခံ လိုက်ရတာ။ ပွဲချင်းပြီး သေငွားတယ်။ အကြွေးရှင်ရဲ့ ချိုင်းအောက်နားကနေ ကျည် ဖောက်ဝင်ပြီး မထွက်ပဲနဲ့ ခါးနား ကျန်ခဲ့တာ” လို့ မျက်မြင် တယောက်က ပြောပါတယ်။

    လာရောက် ပစ်ခတ်သွားတဲ့ သူတွေက ကားတစီးကိုပါ ယူသွားတာမြင်တယ်လို့ သူက ပြောပါတယ်။

    အကြွေးပေးရမယ့်သူက ရှမ်းကြီးဆိုတဲ့ ကားပွဲစား ဖြစ်ပြီး SSPP တပ်ဖွဲ့ဝင်ကို ကြေးစား ငှားပြီး ခေါ်လာတဲ့ပုံစံ ဖြစ်ကာ အကြွေး ပိုက်ဆံ မပေးချင်တော့လို့ အသေ ပစ်သတ်ဖို့ ကြံတဲ့ ပုံရတယ်လို့ သူက ပြောပါတယ်။

    SSPP ကို သွားရောက် တိုင်ကြားထား ပေမယ့်လည်း လက်ရှိအထိ အရေးယူတာ မရှိတာသလို တာဝန်ယူမှု၊ တာဝန်ခံမှု တွေလည်းမရှိသေးတာကြောင့် ပစ်သတ်ဖို့ စေခိုင်းတဲ့ သူကိုရော ပစ်သတ်ဖို့ စေခိုင်းခံရသူကိုပါ SSPP အနေနဲ့ ထိရောက်စွာ အရေးယူစေလိုတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက် ည ၁၀ နာရီခွဲခန့်ကလည်း ကွတ်ခိုင်မြို့နယ် မန်ဝိန်းရွာခံတ‌ေယာက်ကို SSPP တပ်ဖွဲ့က ဖမ်းဆီး‌ခေါ်ဆောင်သွားခံရပြီး ကားပေါ်ကနေ ခုန်ချကာ ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ SSPP ရဲ့ အမှတ် ၁၈၀ တပ်ရင်းမှူး အရာရှိက ပစ်သတ်ခဲ့ဖူးပါတယ်။

    Photo: CJ

  • မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ

    မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ

    မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ

    စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ်လ ၂၈ရက်က မိုင်းမိကာ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

    အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းထိခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “မင်းတိုင်ပင်ရွာကို မီးရှို့ပြီး ဆက်ထွက်နေတဲ့ စစ်ကြောင်း မိုင်းထိတာ။ သုံးယောက်သေပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ အခုက လမ်းပိုင်းတစ်ခုလုံး ဒီကောင်တွေ အင်အား ၃၀၀ လောက်ရှိနေတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

    နှောကန်ကျေးရွာသည် မင်းတိုင်ပင်ရွာနှင့် ဆက်စပ်တည်ရှိသည်။ အဆိုပါ စစ်ကြောင်းနှင့် PDF၊ ABSDF ပူးပေါင်းတပ်များသည် မင်းတိုင်ပင်ရွာအနီး ငှက်ပျောတောရွာတွင် ဩဂုတ် ၁၉ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့သော အဆိုပါတိုက်ပွဲကို စစ်ကောာင်စီက လေကြောင်းမှ ဗုံးကြဲပြီး ဩဂုတ် ၂၀ ရက်တွင် မင်းတိုင်ပင်ရွာကို မီးရှို့ခဲ့သည်။

    လက်ရှိတွင် ပုလဲမြို့နယ်အတွင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲရှိမနေဘဲ စစ်ကောင်စီစစ်ကြောင်း အချို့ ရှိနေသည်။

    သို့သော် စစ်ကောင်စီက မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်မှုထမ်းသင်တန်းဆင်းများအား လေကြောင်းမှ ထပ်မံပို့‌ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။ စစ်ကောင်စီစစ်ကြောင်းများကြောင့် ချောင်းနား၊ မဲဇရပ်၊ ဦးနှောက်၊ ညောင်းရင်းကုန်း၊ တလိုင်းကန်ရွာအပါအဝင် ပုလဲမြို့နယ်အနောက်ပိုင်းရှိ ရွာဆယ်ရွာထက်မနည်းမှ ဒေသခံများတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

    ပုလဲမြို့နယ် အင်မထီး၊ ဇီးဖြူကုန်းရွာတို့၌လည်း စစ်ကောင်စီက တပ်စွဲထားပြီး ယင်းနေရာများမှ လက်နက်ကြီးများ ပစ်ခတ်နေသည်။ ပုလဲမြို့နယ်သည် ယင်းမာပင်ခရိုင်၌ ပါဝင်ပြီး ဒေသတွင်းရှိ ဘုတလင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်။

    (ပုလဲမြို့နယ်ကျေးရွာတရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးအပြီး တွေ့ရစဥ်(ပုံဟောင်း)။ ဓာတ်ပုံ – Pale Entertainment)

  • စစ်ကော်မရှင်က ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ဖြင့်နောက်ထပ် အမေရိကန်လော်ဘီတစ်ခုကို ထပ်ငှား

    စစ်ကော်မရှင်က ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ဖြင့်နောက်ထပ် အမေရိကန်လော်ဘီတစ်ခုကို ထပ်ငှား

    သမ္မတဒေါ်နယ်ထရမ့်အစိုးရနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန်ဒရီးယားမြို့အခြေစိုက် McKeon Group အကျိုးဆောင်ကုမ္ပဏီတစ်ခုကို မြန်မာစစ်ကော်မရှင်က ထပ်မံငှားရမ်းထားကြောင်း O’Dwyer’s Daily PR အွန်လိုင်းဌာနက ဖော်ပြထားသည်။

    ယခု ငှားရမ်းမှုအရ McKeon Group ကုမ္ပဏီသည် မြန်မာစစ်ကော်မရှင်အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်၊ နိုင်ငံခြားရေးဌာနတို့နှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ သြဂုတ်လ ၁ ရက်နေ့က စတင်အသက်ဝင်သည့် ၆ လသက်တမ်း စာချုပ်အရ ကုမ္ပဏီသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ စုစုပေါင်း ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ရရှိမည်ဖြစ်သည်။

    ယင်းအစီအစဉ်အတွက် ကုမ္ပဏီဥက္ကဋ္ဌ ဟောင်းဝပ် မက်ကီယွန်က လုပ်ငန်းများကို ဦးဆောင်နေသည်။ မက်ကီယွန်ကနှင့်အတူ ကုမ္ပဏီကို ပူးတွဲတည်ထောင်သည့် သူ၏ ဖခင် ဘတ်ခ်သည် ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်သည်။

    ၎င်းတို့သည် ဆော်ဒီအာရေဗျ နိုင်ငံအတွက်လည်း အလားတူ အကျိုးဆောင်လုပ်ငန်းကို လွန်ခဲ့သည့် နှစ်များစွာကပင် ဆောင်ရွက်ပေးခဲ့သည်။

    မြန်မာစစ်ကော်မရှင် မကြာသေးမီက ငှားရမ်းထားသည့် DCI Group နှင့် McKeon Group တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃ သန်းပေးရသည့် တစ်နှစ်စာချုပ်ကို DCI Group နှင့် စစ်ကော်မရှင်တို့ ချုပ်ဆိုထားပြီး အဆိုပါစာချုပ်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။

    မြန်မာစစ်ကော်မရှင်အတွက် DCI Group ဆောင်ရွက်ပေးရမည့် တာဝန်များမှာ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန်၊ ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရန်၊ အမေရိကန်တွင် မြန်မာစစ်ကော်မရှင်အပေါ် အမြင်များ ပြောင်းလဲနိုင်ရန် စည်းရုံးရေးနှင့် မီဒီယာလှုပ်ရှားမှုများ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။ DCI Group သည် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် မြန်မာစစ်အစိုးရဟောင်းနှင့်လည်း လုပ်ကိုင်ခဲ့ဖူးသည်။