သမ္မတဒေါ်နယ်ထရမ့်အစိုးရနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန်ဒရီးယားမြို့အခြေစိုက် McKeon Group အကျိုးဆောင်ကုမ္ပဏီတစ်ခုကို မြန်မာစစ်ကော်မရှင်က ထပ်မံငှားရမ်းထားကြောင်း O’Dwyer’s Daily PR အွန်လိုင်းဌာနက ဖော်ပြထားသည်။

ယခု ငှားရမ်းမှုအရ McKeon Group ကုမ္ပဏီသည် မြန်မာစစ်ကော်မရှင်အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်၊ နိုင်ငံခြားရေးဌာနတို့နှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ သြဂုတ်လ ၁ ရက်နေ့က စတင်အသက်ဝင်သည့် ၆ လသက်တမ်း စာချုပ်အရ ကုမ္ပဏီသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ စုစုပေါင်း ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ရရှိမည်ဖြစ်သည်။

ယင်းအစီအစဉ်အတွက် ကုမ္ပဏီဥက္ကဋ္ဌ ဟောင်းဝပ် မက်ကီယွန်က လုပ်ငန်းများကို ဦးဆောင်နေသည်။ မက်ကီယွန်ကနှင့်အတူ ကုမ္ပဏီကို ပူးတွဲတည်ထောင်သည့် သူ၏ ဖခင် ဘတ်ခ်သည် ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်သည်။

၎င်းတို့သည် ဆော်ဒီအာရေဗျ နိုင်ငံအတွက်လည်း အလားတူ အကျိုးဆောင်လုပ်ငန်းကို လွန်ခဲ့သည့် နှစ်များစွာကပင် ဆောင်ရွက်ပေးခဲ့သည်။

မြန်မာစစ်ကော်မရှင် မကြာသေးမီက ငှားရမ်းထားသည့် DCI Group နှင့် McKeon Group တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၃ သန်းပေးရသည့် တစ်နှစ်စာချုပ်ကို DCI Group နှင့် စစ်ကော်မရှင်တို့ ချုပ်ဆိုထားပြီး အဆိုပါစာချုပ်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။

မြန်မာစစ်ကော်မရှင်အတွက် DCI Group ဆောင်ရွက်ပေးရမည့် တာဝန်များမှာ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန်၊ ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရန်၊ အမေရိကန်တွင် မြန်မာစစ်ကော်မရှင်အပေါ် အမြင်များ ပြောင်းလဲနိုင်ရန် စည်းရုံးရေးနှင့် မီဒီယာလှုပ်ရှားမှုများ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။ DCI Group သည် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် မြန်မာစစ်အစိုးရဟောင်းနှင့်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *