Category: News

  • ဓာတ်ကြွင်းတွေ့ရှိမှုကြောင့် ငရုတ်သီးတင်ပို့မှုကို ဓာတ်ခွဲခန်း စစ်ဆေးပြီးမှ ခွင့်ပြုတော့မည်

    ဓာတ်ကြွင်းတွေ့ရှိမှုကြောင့် ငရုတ်သီးတင်ပို့မှုကို ဓာတ်ခွဲခန်း စစ်ဆေးပြီးမှ ခွင့်ပြုတော့မည်

    မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီးတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မှိုအဆိပ် ဓာတ်ကြွင်းတွေ တွေ့ရှိလာတာကြောင့် နောက်ပိုင်းကာလမှာ တင်ပို့မယ့် ငရုတ်သီးတွေကို အရည်အသွေး ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး ဦးစီးဌာနက ကြေညာချက်ထုတ်လိုက်ပါတယ်။

    မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီး(အခြောက်)၊ ငရုတ်သီး (အစို) တွေမှာ Chlorpyrifos နဲ့ Triazophos လို့ခေါ်တဲ့ ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ် ဓာတ်ကြွင်းများကို တွေ့ရှိပြီးတဲ့နောက် အခုလို မူဝါဒ သတ်မှတ်လိုက်တာပါ။

    ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ပြည်ပတင်ပို့မှု မပြုခင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) ရဲ့ ISO 17025 လက်မှတ်ရ စိုက်ပျိုးရေး ထွက်ကုန် အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းကို ငရုတ်သီး နမူနာပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

    နမူနာတွေကို ရန်ကုန်မှာဆိုရင် အင်းစိန်မြို့နယ်က စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း၊ ဒဂုံမြို့နယ် UMFCCI မှာရှိတဲ့ Food Industries Development Supporting Laboratory- FIDSL၊ ဆေးသုတေသနဦးစီးဌာနဝင်းအတွင်းမှာရှိ FDA ဓာတ်ခွဲခန်း၊ လှိုင်မြို့နယ်က SGS Myanmar မှာ ဓာတ်ခွဲစမ်းသပ်နိုင်ပြီး မန္တလေးမှာဆိုရင် U Kar Ka-ယူကာက (Food Testing Laboratory)၊ နေပြည်တော်မှာ FDA ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

    စိုက်ပျိုးချိန်အတွင်း ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာဟာ စိုက်ပျိုးရေး ထုတ်ကုန်‌တွေမှာ ဓာတုဓာတ်ကြွင်းအကျန်တွေ ကျန်ရှိစေနိုင်ပြီး ပြည်ပကိုလတင်ပို့ရာမှာ သက်ဆိုင်ရာနိုင်ငံက စစ်ဆေးတွေ့ရှိရင် ဝယ်ယူမှုရပ်ဆိုင်းတာတွေ ဖြစ်နိုင်ပါတယ်။

    မကြာသေးခင်ကလည်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ ပဲတီစိမ်းနဲ့ ငှက်ပျောသီးနှံတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ့ရှိတာကြောင့် တရုတ်ဘက်က တင်ပို့ခွင့်ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

  • “ရွေးကောက်ပွဲ ဖြစ်မြောက်ပါက တော်လှန်ရေး အင်အားစုများ ရပ်တည်ရန် ခက်ခဲလာမည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော

    “ရွေးကောက်ပွဲ ဖြစ်မြောက်ပါက တော်လှန်ရေး အင်အားစုများ ရပ်တည်ရန် ခက်ခဲလာမည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော

    “ရွေးကောက်ပွဲ ဖြစ်မြောက်ပါက တော်လှန်ရေး အင်အားစုများ ရပ်တည်ရန် ခက်ခဲလာမည်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြော

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာတွင် ပြုလုပ်မည့် ၎င်းတို့၏ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ခုခံဆန့်ကျင် တော်လှန်နေသည့် အင်အားစုများ ရှေ့ဆက်ရပ်တည်ရန် ခက်ခဲလာမည်ဟု ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်သော ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ခေါင်းဆောင်က မိန့်ခွန်းပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

    “ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် လက်ရှိ ၎င်းတို့ကို ဆန့်ကျင်နေသူတွေအနေနဲ့ သူတို့ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဆောင်နေကြတာဖြစ်တယ်” ဟု စစ်ခေါင်းဆောင်က စွပ်စွဲ ပြောဆို သည်။

    အလားတူ၊ နိုင်ငံရေးဖြစ်စဉ် အကြောင်းတရားများကို လက်ညှိုးထိုးကာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့မှာ ရှိထားပြီးသား ကတိကဝတ်များအား ချိုးဖောက်၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

    ထို့ပြင် တော်လှန်ရေး အင်အားစုများ၏ လုပ်ဆောင်ချက်များကို တားဆီးကာကွယ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် လက်တွဲကာ ကျရာကဏ္ဍ အသီးသီးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ပြောကြားခဲ့သည်။

    စစ်ခေါင်းဆောင်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက် ရေးအား ရည်မှန်းချက်တူကြလျှင် ပြည်ထောင်စုအကျိုးကို ရှေးရှု၍ PDF အပါအဝင် လက်နက်ကိုင် အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

    စစ်ကော်မရှင်က ပြုလုပ်သွားမည့် ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် နိုင်ငံရေးထွက်ပေါက် ရရှိစေရန် ရည်ရွယ်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

    ထို့ကြောင့် ပြည်သူနှင့် တော်လှန်ရေး အင်အားစုများအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှလည်း ယင်းရွေးကောက်ပွဲကို လက်ခံခြင်းမရှိဘဲ အတုအယောင် အဖြစ် သတ်မှတ်ကာ ကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

    ဓာတ်ပုံ-MOI

  • ပဲခူးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ဆရာဝန် အပါအဝင် ၅ ဦး သေဆုံး

    ပဲခူးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ဆရာဝန် အပါအဝင် ၅ ဦး သေဆုံး

    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက်မှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့ နေ့လယ်ပိုင်းမှာ တောင်ငူလေတပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော့ပတာ ၂ စီးနဲ့ ညောင်ပင်သာရွာကို ဗုံးကြဲခဲ့ရာ ဗုံးတလုံးက ရွာထဲက ဆေးပေးခန်းမှာ ကျရောက်ပေါက်ကွဲကာ CDM ဆရာဝန်တယောက်နဲ့ ဆေးဝန်ထမ်း ၂ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ခဲ့တာပါ။

    ရွာလမ်းမပေါ်မှာလည်း ဗုံးတလုံး ကျပေါက်ကွဲလို့ အရပ်သား ၂ ယောက် သေဆုံးကာ တယောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ရွာထဲနဲ့ ရွာအနီးနားတဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

    “နေ့လယ်ပိုင်းလောက်မှာ ဂျိုင်ရိုကော့ပတာ ၂ စီးနဲ့ လာပစ်သွားတာ။ ရွာထဲက ဆေးခန်းမှာ တလုံးကျတာ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေ သေတယ်။ ဆေးကုသမှု ခံယူနေတဲ့ လူနာတချို့လည်း ထိခိုက်မိတာရှိတယ်။ နောက်ပြီး ရွာအလယ်က လမ်းမပေါ်မှာလည်း ကျတယ်။ အဲမှာလည်း ထိခိုက် သေဆုံးတာ ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ ဒီနားတဝိုက်က တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်။ ဒါပေမဲ့ အခုက တိုက်ပွဲမဖြစ်တာ ငြိမ်နေတာ တော်တော်ကြာပြီကော။”

    စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ၆ ယောက်ကို လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေပြီး နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေက စစ်တောင်းမြစ် အရှေ့ခြမ်းက ကျေးရွာတွေနဲ့ နယ်မြေအများစုကို ကရင်အမျိုးသားအစည်းရုံး (KNU) မဟာမိတ် ပူးပေါင်းအဖွဲ့တွေက အဓိက စိုးမိုးထိန်းချုပ်ထားပြီး ဒီနှစ်ထဲ စစ်တောင်းမြစ် အရှေ့ခြမ်းကို စစ်ကောင်စီက ပြန်လည်စိုးမိုးနိုင်ဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးတာနဲ့ လေကြာင်း၊ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

  • မန္တလေး ဈေးချိုအနီး၌ ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြ

    မန္တလေး ဈေးချိုအနီး၌ ဒေါက်တာတေဇာဆန်း ဦးဆောင်ပြီး ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြ

    လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ကြားက မန္တလေးမြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတာကို ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

    မနေ့မနက် ၅ နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြို့နယ်အတွင်းက စျေးချိုအနီးမှာ လူငယ်တွေ စုပေါင်းဆန္ဒပြခဲ့တာဖြစ်ပြီး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေကျဲချတာ၊ စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ပြည်သူတွေကို အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်ခဲ့တာ တွေ့ရ ပါတယ်။

    အဲဒီဆန္ဒပြပွဲမှာ မန္တလေးမြို့က နာမည်ကျော် ဒေါက်တာတေဇာဆန်းလည်း ပါဝင်ခဲ့တာ တွေ့ရပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက အခုလို ဆန္ဒပြခံရတဲ့အတွက် စစ်အုပ်စုက ဒေါသထွက်နေပြီး ဆန္ဒပြလူငယ်တွေကို ပိုက်စိတ်တိုက် ရှာဖွေနေတယ်လို့လည်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

    မန္တလေးမြို့ခံတယောက်က “မိရင် အသေသတ်မယ်ဆိုပြီး လိုက်ရှာနေတာပဲ၊ လောလောဆယ်တော့ တယောက်မှ မိသံမကြားသေးပါဘူး” လို့ ပြောပါတယ်။

    လာမဲ့ ဒီဇင်ဘာ ၁၀ ရက်မှာလည်း မန္တလေး အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဆန္ဒပြလူငယ်တွေက တိုက်တွန်းပြောဆိုသွားတာ တွေ့ရပါတယ်။

    ဒါ့အပြင် လာမဲ့ရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြဖို့ကိုလည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

  • အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု

    အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု

    အမေရိကန် အောက်လွှတ်တော်တွင် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြုလိုက်ပြီး မြန်မာစစ်တပ် အပါအဝင် အကျင့်ပျက်အစိုးရများ၏ ပါဝင်ပတ် သက်မှုကို စုံစမ်းစစ်ဆေးမည်

    အမေရိကန် အောက်လွှတ်တော်တွင် အမေရိကန်နိုင်ငံသားအများအပြားကို ပစ်မှတ်ထား လိမ်လည်နေသော နိုင်ငံဖြတ်ကျော်ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု လိုက်ကြောင်း အမေရိကန်အောက်လွှတ်တော်က တရားဝင် သတင်းထုတ်ပြန်သည်။

    ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ (အမေရိကန်စံတော်ချိန် ဒီဇင်ဘာ ၃ ရက်နေ့) အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက H.R. 5490 – ကျားဖြန့် နိုင်ငံခြားသားလိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ ကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၊ ယင်းဥပဒေကို အမေရိကန် အောက်လွှတ်တော်အမတ် ဂျက်ဖာဆင် ရှရီဗ် (ရီပတ်ဘလစ်ကန် – အင်ဒီယားနား) က တင်သွင်းခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားများကို အစုလိုက်အပြုံလိုက် အွန်လိုင်းမှ လိမ်လည်မှုများ ကျူးလွန်နေသော နိုင်ငံဖြတ်ကျော် ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရေး ဥပဒေကြမ်းကို ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီ ၂ ရပ်စလုံးက ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။

    ၂၀၂၃ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံသားများထံမှ ကျားဖြန့် လိမ်လည်ဂိုဏ်းများနှင့် ၎င်းတို့ကို ကာကွယ်ပေးနေသော အကျင့်ပျက်အစိုးရများ၏ လက်ချက်ဖြင့် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ H.R. 5490 ခေါ် နိုင်ငံခြားသားကျားဖြန့်လိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ အရ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ချေမှုန်းရေး အစိုးရအေဂျင်စီအချင်းချင်း လုပ်ငန်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပေးခြင်းဖြင့် အမေရိကန်နိုင်ငံသားများကို အွန်လိုင်းလိမ်လည်မှုများမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    အောက်လွှတ်တော်အမတ် ရှရီဗ်က “၂၀၂၄ ခုနှစ်မှာ အမေရိကန်တွေ ဒေါ်လာ ၁၇ ဘီလီယံလောက် လိမ်လည်ခံရတယ်လို့ FBI က သတင်းပို့ထားပြီး အင်ဒီယားနားပြည်နယ်ဟာ လူဦးရေအချိုးအစားအရ ဒုတိယအများဆုံး ပစ်မှတ်ထားခံရတဲ့ ပြည်နယ် ဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ နေ့စဉ်နဲ့အမျှ နေထိုင်နေကြတဲ့ အမေရိကန်တွေ၊ ကျနော်ရဲ့ မဲဆန္ဒရှင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ သက်ရောက်မှုတွေ ရှိစေပါတယ်။ မိသားစုတွေဟာ သူတို့ရဲ့အိမ်တွေကို ဆုံးရှုံးကြရတယ်၊ အငြိမ်းစားယူထားသူတွေရဲ့ စုဆောင်းငွေတွေဟာ တစ်ညတည်း ပျောက်ကွယ်သွားပြီး ဘာမှ မကျန်တော့လောက်အောင် ဆုံးရှုံးကုန်ကြတယ်” ဟု ပြောကြားသည်။

    အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဘရိုင်ယန် မက်စ်ကလည်း ကျားဖြန့်လိမ်လည်မှုစင်တာများမှာ အလွန်အမင်း ရှုပ်ထွေးလာကြောင်း​ ပြောဆိုသည်။

    “အမှန်တရားကတော့ ဒီလိမ်လည်မှုတွေ၊ ကျားဖြန့် အဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်အောင် ခေတ်မီပါတယ်။ သူတို့ဟာ ကြီးမားတဲ့ လုပ်ငန်းတွေပါ။ သူတို့ကို သူတို့ရဲ့ အကျင့်ပျက်အစိုးရတွေက ထောက်ခံထားပါတယ်။ ဘဝတစ်လျှောက်လုံး စုဆောင်းထားတဲ့ ငွေတွေကို လိမ်လည်ခံလိုက်ရတဲ့သူတစ်ယောက်ရဲ့ ဆုံးရှုံးမှုတွေကို စဉ်းစားကြည့်ပါ” ဟု ၎င်းက ဆိုသည်။

    ကျားဖြန့်ရာဇဝတ်ဂိုဏ်းများက အမေရိကန်နိုင်ငံသားများကို သားကောင်အဖြစ် ပြုလုပ်ရုံသာမကဘဲ လူကုန်ကူးခံရသူ ရာပေါင်းများစွာကို အဓမ္မလုပ်အားပေးရန် အသုံးချနေကြောင်း၊ အလုပ်ကြော်ငြာ အတုများဖြင့် လှည့်စားခံရပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရကာ နှိပ်စက်ခံရခြင်း သို့မဟုတ် အသတ်ခံရမည့် အကြောက်တရားအောက်တွင် လူကုန်ကူးခံရသူများက အဓမ္မ လိမ်လည်မှု ပမာဏ အချို့ကို ပြည့်မီအောင် လုပ်ဆောင်ခိုင်းခံနေရကြောင်း အမေရိကန်က ထောက်ပြသည်။

    “အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့၊ ပြည်ပကနေ အမေရိကန်တွေကို ခြိမ်းခြောက်နေတဲ့ အရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကို ကျွန်တော် ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ် – ဒါဟာ ဆိုးသွမ်းတဲ့ အစိုးရစနစ်တွေပဲဖြစ်ဖြစ်၊ အကြမ်းဖက်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီကိစ္စမှာလိုပဲ ကြီးမားတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ဆောင်နေတဲ့ ရက်စက်တဲ့ ရာဇဝတ်ဂိုဏ်းတွေပဲ ဖြစ်ဖြစ်ပါ။ ဒီနိုင်ငံခြားသား လိမ်လည်သူတွေဟာ ကြိုးစားပမ်းစား အလုပ်လုပ်နေတဲ့ မိသားစုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျွန်တော်တို့ရဲ့ စစ်မှုထမ်းဟောင်းတွေကို ပစ်မှတ်ထားပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူကာ ဘဝတွေကို ဖျက်ဆီးနေကြပါတယ်။ ဒါကြောင့် ဒီရာဇဝတ်ကွန်ရက်တွေကို လိုက်လံပိတ်ဆို့ဖို့အတွက် ကျွန်တော်တို့ ကော်မတီက H.R. 5490 ကို ဒီနေ့ အတည်ပြုခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဘရိုင်ယန် မက်စ်က သုံးသပ်ပြောဆိုသည်။

    ယင်းအပြင် အဆိုပါဥပဒေအရ တရုတ်ကွန်မြူနစ်ပါတီ အရာရှိများနှင့် ရာဇဝတ်ဂိုဏ်းများအကြား ဆက်နွယ်မှုများ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုကို နက်ရှိုင်းစေခြင်း၊ နှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာစေရန် တွန်းအားပေးသည့် ရွေးချယ်ဖမ်းဆီးနှိမ်နင်းမှုများ အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ စတင်ဖြစ်ပေါ်လာခြင်းနှင့် ဆက်လက်တည်ရှိနေခြင်းတို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ ပါဝင်ပတ်သက်မှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ခွင့်ပြုထားခြင်း၊ လစ်လျူရှုထားခြင်းနှင့် အကျိုးအမြတ်ရယူနေခြင်းတို့တွင် မြန်မာစစ်တပ်၏ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရန်၊ နှင့် မြန်မာနိုင်ငံရှိ ငွေလိမ်စင်တာများ အတား အဆီးမရှိ လည်ပတ်နေမှုကို ရပ်တန့်နိုင်ရေးအတွက် နိုင်ငံအတွင်း မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများကို ဖြေရှင်းရန် အရေးကြီးကြောင်း ဥပဒေဆိုင်ရာ သုံးသပ်မှုများအတွင်း ထောက်ပြဆွေးနွေးကြ​ကြောင်း သိရှိရသည်။