လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ကြားက မန္တလေးမြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတာကို ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ မနေ့ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

မနေ့မနက် ၅ နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြို့နယ်အတွင်းက စျေးချိုအနီးမှာ လူငယ်တွေ စုပေါင်းဆန္ဒပြခဲ့တာဖြစ်ပြီး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေကျဲချတာ၊ စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ပြည်သူတွေကို အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်ခဲ့တာ တွေ့ရ ပါတယ်။
အဲဒီဆန္ဒပြပွဲမှာ မန္တလေးမြို့က နာမည်ကျော် ဒေါက်တာတေဇာဆန်းလည်း ပါဝင်ခဲ့တာ တွေ့ရပြီး လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက အခုလို ဆန္ဒပြခံရတဲ့အတွက် စစ်အုပ်စုက ဒေါသထွက်နေပြီး ဆန္ဒပြလူငယ်တွေကို ပိုက်စိတ်တိုက် ရှာဖွေနေတယ်လို့လည်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “မိရင် အသေသတ်မယ်ဆိုပြီး လိုက်ရှာနေတာပဲ၊ လောလောဆယ်တော့ တယောက်မှ မိသံမကြားသေးပါဘူး” လို့ ပြောပါတယ်။
လာမဲ့ ဒီဇင်ဘာ ၁၀ ရက်မှာလည်း မန္တလေး အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဆန္ဒပြလူငယ်တွေက တိုက်တွန်းပြောဆိုသွားတာ တွေ့ရပါတယ်။
ဒါ့အပြင် လာမဲ့ရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြဖို့ကိုလည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။


Leave a Reply