ဓာတ်ကြွင်းတွေ့ရှိမှုကြောင့် ငရုတ်သီးတင်ပို့မှုကို ဓာတ်ခွဲခန်း စစ်ဆေးပြီးမှ ခွင့်ပြုတော့မည်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီးတွေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မှိုအဆိပ် ဓာတ်ကြွင်းတွေ တွေ့ရှိလာတာကြောင့် နောက်ပိုင်းကာလမှာ တင်ပို့မယ့် ငရုတ်သီးတွေကို အရည်အသွေး ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး ဦးစီးဌာနက ကြေညာချက်ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ငရုတ်သီး(အခြောက်)၊ ငရုတ်သီး (အစို) တွေမှာ Chlorpyrifos နဲ့ Triazophos လို့ခေါ်တဲ့ ပိုးသတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ် ဓာတ်ကြွင်းများကို တွေ့ရှိပြီးတဲ့နောက် အခုလို မူဝါဒ သတ်မှတ်လိုက်တာပါ။

ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ပြည်ပတင်ပို့မှု မပြုခင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) ရဲ့ ISO 17025 လက်မှတ်ရ စိုက်ပျိုးရေး ထွက်ကုန် အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းကို ငရုတ်သီး နမူနာပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

နမူနာတွေကို ရန်ကုန်မှာဆိုရင် အင်းစိန်မြို့နယ်က စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း၊ ဒဂုံမြို့နယ် UMFCCI မှာရှိတဲ့ Food Industries Development Supporting Laboratory- FIDSL၊ ဆေးသုတေသနဦးစီးဌာနဝင်းအတွင်းမှာရှိ FDA ဓာတ်ခွဲခန်း၊ လှိုင်မြို့နယ်က SGS Myanmar မှာ ဓာတ်ခွဲစမ်းသပ်နိုင်ပြီး မန္တလေးမှာဆိုရင် U Kar Ka-ယူကာက (Food Testing Laboratory)၊ နေပြည်တော်မှာ FDA ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

စိုက်ပျိုးချိန်အတွင်း ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာဟာ စိုက်ပျိုးရေး ထုတ်ကုန်‌တွေမှာ ဓာတုဓာတ်ကြွင်းအကျန်တွေ ကျန်ရှိစေနိုင်ပြီး ပြည်ပကိုလတင်ပို့ရာမှာ သက်ဆိုင်ရာနိုင်ငံက စစ်ဆေးတွေ့ရှိရင် ဝယ်ယူမှုရပ်ဆိုင်းတာတွေ ဖြစ်နိုင်ပါတယ်။

မကြာသေးခင်ကလည်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ ပဲတီစိမ်းနဲ့ ငှက်ပျောသီးနှံတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေ့ရှိတာကြောင့် တရုတ်ဘက်က တင်ပို့ခွင့်ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *