Category: News

  • နတ်တလင်းတွင် ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ပြည်သူ ၃၀ ခန့် ဖမ်းဆီးခံရ

    နတ်တလင်းတွင် ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ပြည်သူ ၃၀ ခန့် ဖမ်းဆီးခံရ

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာ ၂၀ ကျော်မှာ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ပြည်သူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နတ်တလင်းမြို့ရဲ့ အနောက်ခြမ်းမှာရှိတဲ့ ထိပ်ပိတ်ရွာ၊ ကွက်ကြီးရွာ၊ ရွှေကြာပင်ရွာ၊ အောင်ပင်သာရွာ၊ လှပခြင်းရွာ၊ ပွတ်စုရွာ၊ နွယ်ခွေရွာ၊ လဲတောရွာ၊ တောင်ယာတောရွာ၊ ရေမွေးရွာ၊ ချောက်ခမ်းရွာ၊ ကုလားတက်တွင်းရွာ၊ တောင်ရေကန်ရွာ၊ အောင်ချမ်းသာရွာ၊ ချင်းကုန်းကံရွာ၊ ပွဲသာရွာ၊ ကြာကံရွာ၊ လှေကြပ်ကုန်းရွာ၊ ဂွေးကြီးရွာနဲ့ ဂွေးလေးရွာတွေက ပြည်သူတွေက စစ်ကောင်စီတပ် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပါတီဆိုင်းဘုတ်တွေ မီးရှို့ခဲ့တယ်လို့ သံသယရှိသူ အမျိုးသား အယောက် ၃၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူတွေကို တာပွန်ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

    နတ်တလင်းမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဖမ်းတဲ့သူတွေက အကြောင်းမဲ့ သံသယတွေနဲ့ စွပ်စွဲပြီး အဖမ်းပြတာပေါ့ဗျာ။ ဖိအားကြောင့် အဖမ်းပြတာပေါ့။ အခု အဖမ်းခံထားရသူတွေကလည်း တရားခံတွေမဟုတ်ပါဘူး။ ဟုတ်တဲ့သူတွေက သူ့ဟာသူရှိပြီးသားပါ။ ဒီလိုလုပ်ရင် တရက်ပေါ်မှာဆိုတော့ ရွာသူ ရွာသားတွေကတော့ ဒီလိုမလုပ်ပါဘူး” လို့ ပြောပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ အကြောင်းပြချက်နဲ့ ပြည်သူ ၂၄၈ ယောက်ကို ဖမ်းဆီးထားပြီး ၂၀၇ ယောက်ကို အမှုဖွင့်ထားတယ်လို့ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး

    နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး

    နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး

    ရုပ်အလောင်းကို မြေမြုပ်အစဖျောက်ခဲ့

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော်တိုင်းစစ်ဌာန (နေပြည်တော် PDF) တပ်ရင်း (၈၀၂) ဒုတပ်ရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေး ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း (၈၀၂) ရဲဘော်ဟောင်းတစ်ဦးက ပြောသည်။

    အဆိုပါ ရုပ်အလောင်းကို (၈၀၂)တပ်ရင်း ရဲဘော်ဟောင်းတစ်ဦး၏ တိုင်ကြားချက်အရ ကရင်နီပြည်ရဲဌာန(KSP) အပါအဝင် ဆရာဝန်၊ ကျေးရွာတာဝန်ရှိသူများ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများက နိုဝင်ဘာ ၂၂ရက်နေ့ကသွားရောက်တူးဖော်ခဲ့သည်။

    ထိုသို့ တူးဖော်ရာတွင် နေပြည်တော် PDF (၈၀၂)တပ်ရင်းစခန်းဟောင်း တောင်ဘက် ပေ (၃၀၀)ခန့်အကွာ၌ စောင်ဖြင့် ပတ်ကာ မြုပ်နှံထားသည့် လူငယ် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။

    ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလပိုင်းက ထို စခန်းအတွင်း (၈၀၂) တပ်ရင်း ရဲဘော်လွှမ်းမိုးကို ဒုတပ်ရင်းမှူး ဆရာကျောင်း အပါအဝင် တာဝန်ရှိသူများက အပြစ်ပေးနှိပ်စက်စဥ် သေဆုံးသွားခြင်းဖြစ်ကြောင်း လာရောက်တိုင်ကြားသည့် (၈၀၂) ရဲဘော်ဟောင်းက ပြောကြားသည်။

    ” ဖြစ်သွားတာက ၄ လပိုင်းထဲမှာပါ၊ သေဆုံးသွားတဲ့ရဲဘော်က ဒရုန်းတပ်ဖွဲ့တစ်ခုမှာ သင်တန်းသွားတက်ပြီး ရဲမေတစ်ယောက်နဲ့ မုဒိိန်းမှုဖြစ်တယ်ဆိုပြီး ပြန်ပို့တယ်။ အဲ့ဒီအချက်တွေနဲ့ ဒီကလေးကို ၆ ပေါက်(ထိပ်တုံး)ထဲ ထည့်ပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်တယ် ” ဟု ၄င်းကဆိုသည်။

    စစ်ဆေးနေစဥ် ရဲဘော်လွှမ်းမိုးက ရေတောင်းသောက်ရာ တပ်ခွဲမှူး ဥက္ကာမှ ရေပုံးဖြင့် ဆားရေဖျော်၍ လည်ပင်းအား ခြေထောက်ဖြင့် ဖိနင်းပြီး ဆားရေများ လောင်းချတိုက်ခဲ့သည်ဟု ၈၀၂ ရဲဘော်ဟောင်းက ပြောသည်။

    ” ထိပ်တုံးထဲမှာ ရိုက်ပြီးတော့ ကွင်းပြင်ကို ခေါ်ရိုက်တယ်၊ အဲ့မှာ မိုးချုပ်သွားတော့ မမြင်ရလို့ဆိုပြီး ဒီဘက်မှာတခါ ပြန်ခေါ်ရီုက်တယ်၊ အဲ့ရဲဘော်က ရေတောင်းသောက်တော့လဲ ရေပုံးထဲမှာ ဆားတွေနဲ့ ဖျော်ပြီးတော့ လည်ပင်းကိုခြေထောက်နဲ့နင်းတယ် နင်းပြီးတော့ လောင်းထည့်တယ်၊ အဲ့ဒါပြီးရင် ထိပ်တုံးထဲကို ရေစိုကြီးနဲ့ ပြန်ထည့်ထားတယ် ” ဟု သေဆုံးရဲဘော်အား နှိပ်စက်ပုံကို ၎င်းက ရှင်းပြသည်။

    ထို့နောက် (၃)ရက်မြောက်နေ့တွင် ရရှိဒဏ်ရာများဖြင့် ရဲဘော်လွှမ်းမိုး သေဆုံးခဲ့ရပြီး ဒုတပ်ရင်းမှူး ဆရာကျောင်း၏ အမိန့်ပေးခိုင်းစေမှုဖြင့် ရဲဘော် (၈)ဦးက စခန်းတောင်ဘက်တွင် သွားရောက် မြုပ်နှံခဲ့ရသည်ဟု ပြောပြသည်။

    အဆိုပါ ကိစ္စနှင့်ပက်သတ်၍ နေပြည်တော် PDF နှင့် နေပြည်တော်တိုင်းစစ်ဌာန စစ်ဦးစီး ဗိုလ်လကျာ်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

    ထို အကြောင်းအရာများနှင့် ပက်သတ်၍ တာဝန်ရှိသူ ဆရာကျောင်း (ခ)ရဲဘော်နိုင်လင်းနှင့် တပ်ခွဲမှူး ရဲဘော် ဥက္ကာတို့ကို ရဲဘော် သေစေမှု၊ အလောင်းဖျောက်မှုတို့ဖြင့် နေပြည်တော်တိုင်းစစ်ဌာနက ရာထူးဖြုတ်သိမ်း၍ အချုပ်ချထားကာ PDF စစ်ရုံးချုပ်က ကိုင်တွယ်စစ်ဆေးမည်ဖြစ်ကြောင်း နေပြည်တော် ရဲဘော်များထံက စုံစမ်းသိရသည်။

  • The Wedding Rule

    The Wedding Rule

    The Wedding Rule (2023)

    The Wedding Rule ဇာတ်ကားကတော့ anyone but you လိုဟာသအချစ်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်ကြည့်ရမယ့် Rom-Com ဇာတ်ကားလေးဖြစ်ပြီး ဟင်းတွေကိတ်အမျိုးစားတွေတော်တော်များများတွေ့ရမှာမလို့ အစားသောက်ချစ်သူတွေလဲကြည့်သင့်တဲ့ကားလေးပါ။

    ဇာတ်လမ်းအကျဥ်း

    မက်စ်နဲ့ ဂျန်မာတို့ဟာ ဟင်းလျာချက်ပြုတ်ရတာကိုစိတ်အားထက်သန်တဲ့သူတွေဖြစ်ကြပြီး ငယ်ငယ်ကတည်းက သူတို့ကိုဟင်းချက်နည်းတွေသင်ပေးတဲ့အဘွားရိုဆာရဲ့ ဆိုင်မှာအလုပ်လုပ်တူတူလုပ်ကြပြီး နှစ်ယောက်လုံးကတစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိပေမယ့် မက်စ်မှာ ဂျိုလီဆိုတဲ့ရည်းစားရှိတာကြောင့် သူငယ်ချင်းအဆင့်ကနေ မတက်ဘဲ မက်စ်က ကောလိပ်တက်ဖို့ နယူးယောက်ခ်ကိုပြောင်းသွားတော့ သူတို့ကအဆက်သွယ်ပြတ်သွားကြပါတယ်။

    အဘွားရိုဆာ ကွယ်လွန်ပြီးနောက် သူရဲ့သေတမ်းစာမှာ သူတို့နှစ်ယောက်ထဲတစ်ယောက်က အိမ်ထောင်ရှိတဲ့လူကဆိုင်ကိုအမွေရမှာဖြစ်ပြီး မရှိရင်တော့ ၃ပတ်အတွင်း လက်ထပ်နိုင်မယ့်လူရှာရမှာဖြစ်ပါတယ်။ မရှာနိုင်ရင်တော့ဆန်တိုလ်ဆိုတဲ့ရိုဆာရဲ့တူကို ပေးအပ်ရမှာဖြစ်ပါတယ်။

    ဆန်တိုလ်ကဆိုင်ကိုဖျက်ကာ စီးပွားရေးလုပ်ချင်တာကြောင့် ရိုဆာရဲ့ ဆိုင်ကို တန်ဖိုးထားတဲ့မက်စ်နဲ့ဂျန်မာတို့ဟာ လူများစွာနဲ့ဒိတ်လုပ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်ရှိတာမို့ အဆင်မပြေဖြစ်ပြီး အဲ့ဒီခံစားချက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကတော့ သူတို့ရဲ့ အလွဲလေးတွေနဲ့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။

  • ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော်သေ

    ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော်သေ

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ခဲယမ်းများစွာ ရရှိ

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်ထောက်ပို့စစ်ကြောင်းတွေကို တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း Shwe Bo Battalion 15 ထံက သိရပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆နာရီလောက်မှာ ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှာ အင်အား ၁၀၀ ဝန်းကျင်တဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ရွှေဘို တပ်မ (၄၂) ကနေ ဟောင်ဝှစ်ဇာတွေနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့သလို မုံရွာ နမခကနေလည်း Gyrocopter ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    “လှတောကနေ စိုင်နိုင်ကွေ့၊ စိုင်နိုင်ကွေ့ကနေ စိုင်နိုင်လေးကို ယာယီတပ်စွဲချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ရွာထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ ခွေးတွေဘက်က ၄ ဦးကျော် သေပြီး ထိခိုက်ဒဏ်ရာ တော်တော်များတယ်” လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

    အလားတူ နေ့လယ် ၃နာရီလောက်မှာလည်း ရွှေဘိုမြို့တောင်ဘက် မုဒ်ပေါက်ကနေထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ − ၁၁) / (ခလရ − ၄၂) / ပျူပူးပေါင်းတပ်ဖွဲ့တွေက အင်အား ၇၀ ရှိတဲ့ ထောက်ပို့စစ်ကြောင်းဟာ ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း ထွက်လာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

    အပြန်အလှန် ပစ်ခတ်မှု ၃နာရီကြာ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုဘက်က အယောက် ၃၀ နီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ညီနောင်မဟာမိတ်တပ်ရင်း (၉၇၀၆) က တပ်ထောက် ဗိုလ် ၁ ယောက်နဲ့ ရွှေဘိုမြို့နယ် ပကဖ ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပါတယ်။

    “ကျနော်တို့ ညီနောင်ရင်းထဲက အမှတ် ၉၇၀၆ တပ်က တပ်ထောက် အရာရှိတစ်ဦး အသက်ပေးလိုက်ရတယ်၊ လက်ရှိကတော့ ခွေးတွေကို ရွှေဘိုဘက်သွားနိုင်အောင် ဝေဟင်ကနေ Y 12 နဲ့ အလုံး ၆၀ ကျော် ကြဲပေးပြီး ကားလမ်းအတိုင်း ဝင်သွားပြီ” လို့ ဗိုလ်ကောက်ရိုးက ဆက်ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံက MA 1 (၅) လက်၊ MA 2 (၂) လက်၊ MA 3 (၂) လက်၊ MA 4 (၁) လက်၊ RPG (၁) လက်၊ RPG အသီး (၁၃) ဖူး၊ ၆၀ − မမ (၇)ဖူး ၊ RPG ပို့ကျည် (၈) တောင့်၊ ကျည်ဘောက် (၁၁) ဘောက်၊ အီနာဂါ (၂) ဖူး နဲ့ နာနတ်သီး (၂) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ခိုက်မှုကို (ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ ၁၈ ၊ ၂၃ ၊ ၂၆ ၊ ၉၇၀၆ − Together We Can ) နဲ့ ဝက်လက်/ရွှေဘိုမြို့နယ်ပကဖ၊ ဒီပဲယင်း ပကဖအဖွဲ့တွေ၊ ဒေသခံ တိုက်နယ်ပကဖတွေ၊ Drone အဖွဲ့တွေနဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

  • မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကို  တိုင်ကြားခံရမှုများအတွက် ဖမ်းဆီးဟုဆို

    မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကို တိုင်ကြားခံရမှုများအတွက် ဖမ်းဆီးဟုဆို

    ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူစဉ်က တိုင်ကြားခံထားရသည့်ကိစ္စရပ်များအား ဖြေရှင်းရန် အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှီသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်းဖြစ်သည့် CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင်အား တိုင်ကြားခံထားရသည့်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

    မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) နေ့လယ်တွင် သင်တောရွာ၌ ဆေးခန်းဖွင့်ထားသည့် ဒေါ်ခင်သူသူလွင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    မင်းကင်းမြို့နယ်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာခင်သူသူလွင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) တွင် ပါဝင်လာခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တာဝန်မှ ရပ်နားခံရသည်။

    ၎င်းသည် ပအဖတာဝန် ရပ်နားခံရပြီးနောက် နေအိမ်၌ ဆေးခန်းဖွင့်လှစ်ကာ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေကြောင်း ဒေသခံများထံက သိရသည်။

    ယခုဖမ်းဆီးမှုသည် မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူခဲ့စဉ်က တိုင်ကြားခံထားရ သည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြေရှင်းရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်း မရှိသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။

    “ဒေါ်ခင်သူသူလွင်ဟာ ပအဖ တာဝန်ယူခဲ့စဉ်က ပကဖ ဆီကနေ ငှားရမ်းထားတဲ့ သေနတ်ပြန်မပေးတဲ့ကိစ္စတွေ၊ အခွန်ခွဲတမ်းတွေကို ပေးသွင်းခြင်းမရှိတဲ့ကိစ္စတွေနဲ့ အမှုဖွင့်တိုင်ကြားခံထားရတာတွေရှိတဲ့အတွက် မင်းကင်းမြို့နယ်၊ ပလဖ အမှုစစ်နဲ့အဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ယနေ့ မွန်းလွဲတွင် ပြောသည်။

    “အခုလို အခြေအနေမျိုး မရောက်ဖို့အတွက် လာရောက်ဖြေရှင်းဖို့ (ဒေါ်ခင်သူသူလွင်ကို) စာနဲ့အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမဲ့ လာရောက်ဖြေရှင်းခဲ့ခြင်း မရှိတဲ့အတွက် အချိန်ကြာမြင့်ခဲ့တာလို့ သိရပါတယ်”

    ဖမ်းဆီးပြီးနောက် တရားစီရင်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်ဆောင်ရွက်သွားမည် ဟု ဦးနေဘုန်းလတ်က ဆိုသည်။

    “ပလဖဘက်ကတော့ လိုအပ်တဲ့ ရဲလုပ်ငန်းတွေပြည့်စုံအောင်စစ်ဆေးဆောင်ရွက်၊ ဥပဒေအကြံပြုချက် တောင်းခံ တရားစွဲတင်ပို့ခြင်း လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်​ပြီး အဲဒီ့နောက်မှာတော့ တရားစီရင်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

    ဒေါက်တာခင်သူသူလွင်သည် ကျန်းမာရေးဝန်ကြီးဌာန CDM ဖြစ်သည့်အတွက် NUG CDM Success ကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးထံက သိရသည်။

    ဒေသတွင်း သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည့် ရုပ်သံဖိုင်အရ နေအိမ်ခြံဝင်းအတွင်း ယူနီဖောင်းဝတ်အမျိုးသား ငါးဦးထက်မနည်းက ဒေါက်တာခင်သူသူလွင်ကို ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးပြီး လက်ထိပ်ခတ်ရန် အတင်းအဓမ္မကြိုးပမ်းနေသည်ကို တွေ့ရသည်။ ထိုသို့အင်အားသုံးဖမ်းဆီးမှုပုံစံနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။

    ပလဖအဖွဲ့က စီးနင်းဖမ်းဆီးရာတွင် လိုက်နာရမည့် ကျင့်ထုံးဥပဒေများကို လိုက်နာခြင်းမရှိကြောင်း CDM ရဲအရာရှိများက သုံးသပ်သည်။

    “လက်ထိပ်ခတ်ချုပ်နှောင်ခြင်းမရှိလျှင် ထွက်ပြေးလွတ်မြောက်နိုင်ကြောင်း ရဲအရာရှိက သံသယရှိလျှင် (သို့) ယုံကြည်ရန်အကြောင်းရှိလျှင် လက်ထိပ်ခတ်ခေါ်ဆောင်ရမယ်ဆိုပြီး ရဲလက်စွဲ (ဒုတိယတွဲ)မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ ဆိုလိုတာက အမှုတိုင်း လက်ထိပ်ခတ်စရာမလိုဘူး။ ကလေးသူငယ်၊ အမျိုးသမီး အထူးသဖြင့်” ဟု CDM ရဲအရာရှိတစ်ဦးကလည်း ပြောသည်။

    “အခု ဖြစ်စဉ်ကတော့ တကယ်လို့ ရဲအရေးယူပိုင်မှု ပြစ်မှုတခုခုကို ကျူးလွန်ထားတဲ့ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးမယ်ဆိုရင် အမျိုးသမီး တပ်ဖွဲ့ဝင်ပါရမယ်ပေါ့။ မပါရင် ဥပဒေနဲ့အညီ ဖမ်းဆီးတာ မဟုတ်ဘူး” ဟု CDM ရဲအရာရှိ နောက်တစ်ဦးက ထောက်ပြသည်။

    ဖမ်းဆီးခံရသော ဒေါက်တာခင်သူသူလွင်ကို ဆက်သွယ်မရသေးသောကြောင့် အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ တုံ့ပြန်ချက် မရသေးပေ။

    ဒေါက်တာခင်သူသူလွင်နှင့်ပတ်သက်၍ ပအဖ တာဝန်ယူစဉ်က အားနည်းချက်များ ရှိခဲ့ကြောင်း မင်းကင်း မြို့နယ်ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

    “ဆရာမကြီး ပအဖ လုပ်စဉ်တုန်းကလည်း လုပ်ပိုင်ခွင့်အကုန်လုံးကိုတော့ မပြောနိုင်ဘူး။ လုပ်ဆောင်ချက် အထိုက်အလျောက် ရှိခဲ့တယ်။ အားနည်းချက်တချို့တော့ ရှိခဲ့တယ်။ တတ်စွမ်းသလောက် လုပ်သွားတယ်လို့ ပြောလို့ရတယ်”ဟု အထက်ပါမင်းကင်းမြို့နယ်ဒေသခံက ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလကုန်ကလည်း မင်ကင်းမြို့နယ်အတွင်း လောင်းပြည့်ရွာ ရွှေမျှောစီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြသည့် တိုက်နယ် ပကဖ နှင့် ပအဖ ခေါင်းဆောင် သုံးဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်လွတ်မြောက်လာခြင်းမရှိသေးပေ။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မြို့နယ် ပသုံးလုံး (ပအဖ၊ ပကဖ နှင့် ပလဖ) တာဝန်ခံများ အပါအဝင် ၁၃ ဦးကို အခွန်ကောက်ခံသည့်ကိစ္စများနှင့်ပတ်သက်ပြီး စစ်ဆေးရန် ဩဂုတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့မှု ဖြစ်ပွားခဲ့သည်။