ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူစဉ်က တိုင်ကြားခံထားရသည့်ကိစ္စရပ်များအား ဖြေရှင်းရန် အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှီသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဟောင်းဖြစ်သည့် CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင်အား တိုင်ကြားခံထားရသည့်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်နေ့) နေ့လယ်တွင် သင်တောရွာ၌ ဆေးခန်းဖွင့်ထားသည့် ဒေါ်ခင်သူသူလွင်ကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းကင်းမြို့နယ်ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာခင်သူသူလွင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) တွင် ပါဝင်လာခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တာဝန်မှ ရပ်နားခံရသည်။

၎င်းသည် ပအဖတာဝန် ရပ်နားခံရပြီးနောက် နေအိမ်၌ ဆေးခန်းဖွင့်လှစ်ကာ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေကြောင်း ဒေသခံများထံက သိရသည်။

ယခုဖမ်းဆီးမှုသည် မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ယူခဲ့စဉ်က တိုင်ကြားခံထားရ သည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြေရှင်းရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်း မရှိသည့်အတွက် ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။

“ဒေါ်ခင်သူသူလွင်ဟာ ပအဖ တာဝန်ယူခဲ့စဉ်က ပကဖ ဆီကနေ ငှားရမ်းထားတဲ့ သေနတ်ပြန်မပေးတဲ့ကိစ္စတွေ၊ အခွန်ခွဲတမ်းတွေကို ပေးသွင်းခြင်းမရှိတဲ့ကိစ္စတွေနဲ့ အမှုဖွင့်တိုင်ကြားခံထားရတာတွေရှိတဲ့အတွက် မင်းကင်းမြို့နယ်၊ ပလဖ အမှုစစ်နဲ့အဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ယနေ့ မွန်းလွဲတွင် ပြောသည်။

“အခုလို အခြေအနေမျိုး မရောက်ဖို့အတွက် လာရောက်ဖြေရှင်းဖို့ (ဒေါ်ခင်သူသူလွင်ကို) စာနဲ့အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမဲ့ လာရောက်ဖြေရှင်းခဲ့ခြင်း မရှိတဲ့အတွက် အချိန်ကြာမြင့်ခဲ့တာလို့ သိရပါတယ်”

ဖမ်းဆီးပြီးနောက် တရားစီရင်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်ဆောင်ရွက်သွားမည် ဟု ဦးနေဘုန်းလတ်က ဆိုသည်။

“ပလဖဘက်ကတော့ လိုအပ်တဲ့ ရဲလုပ်ငန်းတွေပြည့်စုံအောင်စစ်ဆေးဆောင်ရွက်၊ ဥပဒေအကြံပြုချက် တောင်းခံ တရားစွဲတင်ပို့ခြင်း လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်​ပြီး အဲဒီ့နောက်မှာတော့ တရားစီရင်ရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါက်တာခင်သူသူလွင်သည် ကျန်းမာရေးဝန်ကြီးဌာန CDM ဖြစ်သည့်အတွက် NUG CDM Success ကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးထံက သိရသည်။

ဒေသတွင်း သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည့် ရုပ်သံဖိုင်အရ နေအိမ်ခြံဝင်းအတွင်း ယူနီဖောင်းဝတ်အမျိုးသား ငါးဦးထက်မနည်းက ဒေါက်တာခင်သူသူလွင်ကို ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးပြီး လက်ထိပ်ခတ်ရန် အတင်းအဓမ္မကြိုးပမ်းနေသည်ကို တွေ့ရသည်။ ထိုသို့အင်အားသုံးဖမ်းဆီးမှုပုံစံနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုများလည်းရှိနေသည်။

ပလဖအဖွဲ့က စီးနင်းဖမ်းဆီးရာတွင် လိုက်နာရမည့် ကျင့်ထုံးဥပဒေများကို လိုက်နာခြင်းမရှိကြောင်း CDM ရဲအရာရှိများက သုံးသပ်သည်။

“လက်ထိပ်ခတ်ချုပ်နှောင်ခြင်းမရှိလျှင် ထွက်ပြေးလွတ်မြောက်နိုင်ကြောင်း ရဲအရာရှိက သံသယရှိလျှင် (သို့) ယုံကြည်ရန်အကြောင်းရှိလျှင် လက်ထိပ်ခတ်ခေါ်ဆောင်ရမယ်ဆိုပြီး ရဲလက်စွဲ (ဒုတိယတွဲ)မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ ဆိုလိုတာက အမှုတိုင်း လက်ထိပ်ခတ်စရာမလိုဘူး။ ကလေးသူငယ်၊ အမျိုးသမီး အထူးသဖြင့်” ဟု CDM ရဲအရာရှိတစ်ဦးကလည်း ပြောသည်။

“အခု ဖြစ်စဉ်ကတော့ တကယ်လို့ ရဲအရေးယူပိုင်မှု ပြစ်မှုတခုခုကို ကျူးလွန်ထားတဲ့ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးမယ်ဆိုရင် အမျိုးသမီး တပ်ဖွဲ့ဝင်ပါရမယ်ပေါ့။ မပါရင် ဥပဒေနဲ့အညီ ဖမ်းဆီးတာ မဟုတ်ဘူး” ဟု CDM ရဲအရာရှိ နောက်တစ်ဦးက ထောက်ပြသည်။

ဖမ်းဆီးခံရသော ဒေါက်တာခင်သူသူလွင်ကို ဆက်သွယ်မရသေးသောကြောင့် အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ တုံ့ပြန်ချက် မရသေးပေ။

ဒေါက်တာခင်သူသူလွင်နှင့်ပတ်သက်၍ ပအဖ တာဝန်ယူစဉ်က အားနည်းချက်များ ရှိခဲ့ကြောင်း မင်းကင်း မြို့နယ်ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“ဆရာမကြီး ပအဖ လုပ်စဉ်တုန်းကလည်း လုပ်ပိုင်ခွင့်အကုန်လုံးကိုတော့ မပြောနိုင်ဘူး။ လုပ်ဆောင်ချက် အထိုက်အလျောက် ရှိခဲ့တယ်။ အားနည်းချက်တချို့တော့ ရှိခဲ့တယ်။ တတ်စွမ်းသလောက် လုပ်သွားတယ်လို့ ပြောလို့ရတယ်”ဟု အထက်ပါမင်းကင်းမြို့နယ်ဒေသခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ကလည်း မင်ကင်းမြို့နယ်အတွင်း လောင်းပြည့်ရွာ ရွှေမျှောစီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြသည့် တိုက်နယ် ပကဖ နှင့် ပအဖ ခေါင်းဆောင် သုံးဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်လွတ်မြောက်လာခြင်းမရှိသေးပေ။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မြို့နယ် ပသုံးလုံး (ပအဖ၊ ပကဖ နှင့် ပလဖ) တာဝန်ခံများ အပါအဝင် ၁၃ ဦးကို အခွန်ကောက်ခံသည့်ကိစ္စများနှင့်ပတ်သက်ပြီး စစ်ဆေးရန် ဩဂုတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့မှု ဖြစ်ပွားခဲ့သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *