Category: News

  • မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ (ပကဖ)သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ ဖြစ်ပေါ်တိုးတက်မှုများအား အောက်ပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။

    (၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ ရန်သူ့စစ်ဆေးရေးဂိတ်အား ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ ရန်သူ (၃) ဦး ကျဆုံးပြီး အဆိုပါ ဂိတ်အား သိမ်းပိုက်ရရှိခဲ့ပါသည်။

    (၂) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ ထွက်ခွါလာသော အင်အား (၃၅) ဦးပါ မော်တော်ယာဉ် (၄) စင်း စစ်ယာဉ်တန်းအား ပခုက္ကူခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့တပ်များက ကြားဖြတ်တိုက်ခိုက်ရာ ရန်သူ (၁၆) ဦး သေဆုံး၍ သုံ့ပန်း (၁) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ စစ်ယာဉ်တန်းမှ မော်တော်ယာဉ် (၂) စင်း ပျက်စီးသွားပြီး လက်နက် (၈) လက်နှင့်အတူ ခဲယမ်းများကို သိမ်းပိုက်ရရှိခဲ့သည်။

    (၃) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် အကြမ်းဖက်စကမ၏ ထောက်တိုင် ရုံးဌာနများကို မင်းဘူးခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ပါသည်။

    (၄) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အကြမ်းဖက်စကမအား အရှိန်မြင့်တင်၍ တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

    Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

    ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်နှင့်ရဲစခန်းသို့ သွားရောက် ခိုလှုံသည့် Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

    စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်စခန်းများထံသို့ သွားရောက် ပူးပေါင်းသည့် Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်းနေကာ ငြင်းဆန်မရ ဖြစ်နေကြောင်း ခမရ ၃၀၉ တပ်အတွင်း ခိုလှုံရောက်ရှိနေသည့် Non-CDM ဝန်ထမ်းတချို့နှင့် အဆက်အသွယ်ရှိနေသော နေပြည်တော်ထွေ/အုပ်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ကသာမြို့သိမ်းတိုက်ပွဲကို KIA နှင့် PDF တပ်များက ဆင်နွှဲပြီးနောက် ထွေ/အုပ်ရုံး၊ မြို့နယ်တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ လ၀က အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများနှင့် မိသား စုများမှာ စစ်တပ်နှင့်ရဲများထံသို့ သွားရောက် ပူးပေါင်းခိုလှုံကြကြောင်း၊ တချို့သော Non-CDM ဝန်ထမ်းများမှာလည်း စစ်ဘေးရှောင်များနှင့်အတူ မြို့မှ ထွက်ခွာသွားကြကြောင်း၊ လက်ရှိ စစ်တပ်၊ ရဲများနှင့် အတူ သွားရောက် ပူးပေါင်းကြသော Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၀၀ ဝန်းကျင်ရှိပြီး အဆိုပါ ဝန်ထမ်းများနှင့်မိသားစုများထံမှ အသက်ပြည့်ပြီးသော သားသမီးများ၊ ဝန်ထမ်းများကို လက်နက်တပ်ဆင်ပေးကာ လုံခြုံရေးယူခိုင်းခြင်းနှင့် စစ်တိုက်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ကသာမြို့မ ရဲစခန်းမှာ ထွေ/အုပ်နဲ့ မီးသတ်ဝန်ထမ်းတွေပါ ဝင်တိုက်နေရတယ်။ ခမရ ၃၀၉ ထဲမှာလည်း ဝန်ထမ်းတွေ ရှိတယ်။ အဲဒီမှာလည်း လူငယ်လူရွယ် အကုန် လက်နက်ထုတ်ပေးတယ်။ အထက်အမိန့်နဲ့ တိုက်ခိုင်းတာ။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုပါတဲ့ ဝန်ထမ်းမိသားစုတွေက မပြေးတော့ဘဲ တပ်မတော်နဲ့ရဲစခန်းမှာ သွားပူးပေါင်းကြတာ။ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသမီး အမျိုးသားအကုန် လက်နက်ငယ် ပစ်ခတ် ဖြုတ်တပ် ချက်ချင်းသင်ပြီး တိုက်ခိုင်းတာ” ဟု လက်ရှိ စစ်တိုက်နေရသော ကသာမြို့နယ် ထွေ/အုပ် Non-CDM ဝန်ထမ်းနှင့် အဆက်အသွယ်ရရှိထားသည့် နေပြည်တော်ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်က ကသာမြို့တွင်းရဲစခန်း၊ အကျဉ်းထောင်၊ ဌာနဆိုင်ရာရုံးတချို့တွင် ဆက်လက် တပ်စွဲပြီး Non-CDM ဝန်ထမ်းတချို့နှင့်အတူ ခုခံတိုက်ခိုက်နေကြောင်း၊ ခမရ ၃၀၉ တပ်ရင်းတွင်လည်း တော်လှန်ရေးတပ်များ၏ ၀ိုင်းဝန်းတိုက်ခိုက်မှု ကို ခံနေရကြောင်း၊ တော်လှန်ရေးတပ်များက မြို့အဝင်ဂိတ်၊ ကားကြီးဝင်း၊ ပညာရေးကောလိပ်၊ အထက်တန်းကျောင်းနေရာများကို သိမ်းပိုက်ရရှိထားကြောင်း၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ် ကြောင်း သိရှိရသည်။

    ဓာတ်ပုံ-ကသာမြို့ ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • ကသာတိုက်ပွဲမှာ စစ်တပ်စခန်း ၄ ခုအထိ တော်လှန်ရေးတပ်တွေသိမ်းထား

    ကသာတိုက်ပွဲမှာ စစ်တပ်စခန်း ၄ ခုအထိ တော်လှန်ရေးတပ်တွေသိမ်းထား

    ကသာတိုက်ပွဲမှာ စစ်တပ်စခန်း ၄ ခုအထိ တော်လှန်ရေးတပ်တွေသိမ်းထားပြီး မြို့တွင်းအထိ ထိုးစစ်ဆင်နေ

    စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်စခန်း ၄ ခုအထိကို တော်လှန်ရေးတပ်တွေဖက်မှ သိမ်းပိုက်ရရှိထားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲတဲ့ ဒီဇင်ဘာ ၂၆ ရက်က မြို့ပြင်ရှိ ကာကင်းစခန်း ၂ ခုနဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြို့တွင်း အမှတ် ၅ နဲ့ အမှတ် ၈ ရပ်ကွက်ရှိ အထိုင်စခန်း ၂ ခု တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

    “ကျနော်တို့ မြို့ပြင်က ကာကင်း ၂ ခုရယ်၊ နောက်မြို့ထဲမှာရှိတဲ့ ရပ်ကွက် ၅ က စစ်ကော်မရှင် ထိုင်ထားတဲ့ စိုးမိုးကုန်း၊ ဘုန်းကြီးကျောင်းပေါ့။ နောက်ရပ်ကွက် ၈ က စေတီကုန်းထိုင်တဲ့နေရာရယ် လက်ရှိကတော့ရထားပြီ။ ကျန်တာမြို့ထဲကိုအကုန်လုံး ဝင်သွားကြပြီ။ (တော်လှန်ရေးတပ်တွေ) မြို့ထဲကို တောက်လျှောက်ရောက်သွားပြီ။ မြို့ရဲ့တဝက်ဝင်သွားပြီ။ မြို့လယ်ခေါင်လို့ပြောလို့ ရမှာပေါ့”လို့ ကသာဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

    ဇန်နဝါရီ ၂ ရက် ဒီကနေ့မနက်ပိုင်းမှာတော့ ထောက်ပို့လေယာဥ် ၂ စီးနဲ့ ခမရ ၃၀၉ တပ်ရင်းကို ရိက္ခာနဲ့ တပ်သားတွေ ပို့ပေးနေတာကိုတွေ့မြင်ရပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ တောက်လျှောက်ဖြစ်နေကြတယ်လို့ သူက ဆိုပါတယ်။

    လက်ရှိမှာ စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းတခုကနေပဲ တော်လှန်ရေးတပ်ဖွဲ့တွေကို ခုခံနိုင်တော့သလို တပ်တွင်းကနေ ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းလုပ်ဆောင်နေတာကြောင့် လူနေအိမ်တွေ ပျက်စီးမှုရှိနေတယ်လို့ အထက်ပါတပ်ဖွဲ့ဝင် ကပြောပါတယ်။

    ကသာမြို့ပေါ်နေထိုင်ကြတဲ့ မြို့ခံပြည်သူတွေအနေနဲ့ တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ၂၆ ရက်ကနေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြသလို ဒီဇင်ဘာ ၃၀ ရက်မှာတော့ ပိတ်မိကျန်ခဲ့တဲ့ ပြည်သူတွေကို တော်လှန်ရေးတပ်တွေက ကူညီကယ်ထုတ်ပေးခဲ့ကြတယ်လို့ သူကဆိုပါတယ်။

    ကသာမြို့က ထွက်လာတဲ့ စစ်ဘေးရှောင်တွေဟာ မြို့နီးနားမှာရှိတဲ့ နဘားမြို့၊ မော်လူးမြို့၊ မဲဇာရွာ၊ အင်းတော်မြို့နယ်၊ မြစ်ကြီးနား၊ မန္တလေး စတဲ့နေရာတွေကို တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

    ကသာမြို့ဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ခရိုင်မြို့ဖြစ်ပြီး ရပ်ကွက် ၁၁ ခုနဲ့ ကျေးရွာပေါင်း ၂၀ နီးပါးရှိကာ မြို့ပေါ်လူဦးရေ ၂ သောင်းကျော်နေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။

    ကသာခရိုင်အတွင်းမှာ ကသာ၊ ဗန်းမောက်နဲ့ အင်းတော် စတဲ့မြို့နယ် ၃ ခုပါဝင်ပြီး အင်းတော်နဲ့ဗန်းမောက်မြို့တွေကို ၂၀၂၅ အတွင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။

  • ကသာမှာ တိုက်ပွဲပြင်းထန်နေပြီး  မြို့လုံးကျွတ်နီးပါး စစ်ရှောင်

    ကသာမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ရှောင်

    စစ်ကိုင်းတိုင်း ကသာ မြို့မှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး ကသာမြို့ စျေးကြီီးနားဝန်ကျင်အထိ ရောက်ရှိနေတာကြောင့် မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေကြရပြီဖြစ်တယ်လို့ ဒေသခံဆီက သိရပါတယ်။

    ယခု တိုက်ပွဲ ဖြစ်နေတဲ့ နေရာ တလျှောက်မှာ ကသာစျေး ၊ ကသာ ရဲစခန်း ၊ ကသာ အကျဥ်းထောင် ၊ ခရိုင်ရုံးပေါင်းစုံ ၊ စစ်တပ် တပ်စခန်းတွေ နဲ့ နောက်ဆုံး ၃၀၉ တပ်ရင်း ရှိကြောင်း လက်ရှိမှာ PDF တွေက ထောင်အထိ ထိုးဖောက်နိုင်ဖို့အတွက် ထိုးစစ်ဆင်နေကာ တပ်ဘက်​ကလည်း မြေပြင်ပစ်ခတ်မှုအပြင် လေကြောင်းပစ်ကူနဲ့ပါ အပြင်းအထန်ခုခံနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

    ” သဖန်းကိုင်းရွာ ပြီးမှ စျေးကြီး ရှိမယ်။ စျေးနားမှာ ရဲစခန်းရှိမယ်။ အဲဒါတွေပြီးရင် ထောင်ရှိမယ် ။ ထောင်မှာ အကျဥ်းသား ၉၀၀ လောက်ရှိတယ် ကြားတယ်။ ထောင်မှာလည်း လုံခြုံရေး တွေချထားတယ်။ ထောင်ကို ကျော်သွားရင် အ.ထ.က ၁ ၊ အ.ထ.က ၂ နဲ့ မီတာ ၄၀၀ ကွင်းရှိမယ် ။ အဲဒီကွင်းမှာလည်း စစ်တပ် ချထားတယ်။ အဲဒါပြီးရင် ခရိုင်စုပေါင်း ရုံးကြီးရှိတယ်။ ရုံးပေါင်းစုံပေါ့ ။ အဲနားမှာလည်း နောက်ထပ် ရဲစခန်း ရှိတယ်။ အဲဒါတွေပြီးရင် ရပ်ကွက် ၁၀ ရှိတဲ့ ။ အဲဒါကျော်မှ ၃၀၉ တပ်ရင်း ပေါ့။ တပ်က တဖြေးဖြေးဆုတ်ရင်း ခံစစ်နဲ့တိုက်နေတာ။ အဲဒီတော့ အဲဒီနေရာကို သိမ်းဖို့ကတော့ သိပ်မလွယ်ဘူးလို့ မြင်တယ်။ ” လို့ ကသာ ဒေသခံက ပြောပါတယ်။

    အဆိုပါ ကသာမြို့ တိုက်ပွဲအကြားမှာ ဒေသခံတွေ ထိခိုက် ဒဏ်ရာရရှိမှု လည်းရှိထားသလို အ.ထ.က ၂ ကျောင်းလည်း ထိခိုက် ပျက်စီးသွားတယ်လို့ စစ်ရှောင်လာသူ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    လက်ရှိမှာတော့ ကသာကနေ မြို့လုံးကျွတ် နီးပါး လူသိန်းနဲ့ချီ စစ်ဘေးရှောင် မှုရှိနေပြီး စစ်ဘေးရှောင် ဖို့အတွက် ကြိုတင် ပြင်ဆင်ထားသူတွေကတော့ တန်ဖိုးကြီး ရွှေထည်ပစ္စည်းနဲ့ အဝတ်အစား ၊ စောင် ၊ စားသောက်စရာ အချို့ကာ သယ်ယူနိုင်ခဲ့ပေမယ့် အရေးပေါ် ထွက်ခွာလာခဲ့ရသူတွေကတော့ ပစ္စည်းသယ်ယူနိုင်မှုမရှိဘဲ စစ်ရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

    ကသာမြို့ခံတွေ မှာ စစ်ဘေးကြောင့် စစ်ရှောင်ရချိန် လူစောင့်မရှိတဲ့ နေအိမ်တွေမှာ ဖောက်ထွင်းခံရမှု တွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

    ” ၃၁ ရက်မှာ ဖွင့်ပေးလို့အကုန် ထွက်တယ်။ ၁ ရက်နေ့ မနက်လည်း မဖွင့်ပေမယ့် ရအောင်တိုးထွက် လာသူတွေရှိတယ် ။ ကျန်ခဲ့သူတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေလည် ရှိတယ်။ လူက သိန်းချီပြီးကို ရှောင်ကြရတာပါ။ အခုတော့ အထွက်မခံတော့ဘူး သိရတယ်။ ပတ္တမြားရပ်ကွက် ရပ်ကွက်၉ က အဖိုးကြီး အဖွားကြီး နေတဲ့အိမ်ပေါ် ဒရုန်းကျပြီး ဒဏ်ရာရတယ် ။ အဲဒါမျက် မြင်ပေါ့လေ ။အခုက တိုက်ပွဲက ကသာ စျေးကြီး ရောက်နေပြီ သိရတယ်။
    စျေးကြီးပြီးမှ ရပ်ကွက် ၁၀ ၊အဲဒါပြီးရင် ၃၀၉ တပ်ရင်းပဲ ရှိတယ်။ လေယာဥ်ကလည်း ပစ်နေတယ် ။ ဒရုန်းကလည်း ဝဲနေတယ်။ ကျွန်တော် အရင်ရှောင်သွားတဲ့ အိမ်တွေတောင် အရင်ရက်ကတည်းက ဖောက်ပြီး ခိုးနေတာ ။အခုတမြို့လုံးဖောက်ပြီပေါ့။အဲဒါကြောင့် ကျွန်တော့်အိမ်ဆို သော့မခတ်ခဲ့တော့ဘူး ။ ဖွင့်ထားခဲ့တယ် ။ ခတ်လည်း ဖျက်ခိုးမှာလေ ။ ” လို့ စစ်ရှောင်လာသူ ကပြောပြပါတယ်။

    ကသာ စစ်ရှောင် အများစုကတော့ လက်ရှိမှာ နဘား ၊ မိုးညှင်း ၊ ရွှေကူ ၊ မော်လူး၊ မဲဇာ ၊ မြစ်ကြီးနား ဘက်ကို သွားရောက်ကြတာ ရှိသလို ရန်ကုန် ၊ မန္တလေး ဘက်ကိုလည်း သွားရောက်ဖို့ စီစဥ်နေသူ နဲ့ ရောက်ရှိနေသူ တွေလည်း ရှိတယ်လို့ သိရပါတယ်။

    ကသာကနေ စစ်ရှောင်လာသူ တွေကိုတော့ သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသခံတွေက လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ လုပ်ဆောင် နေတာတွေ့ရသလို နေထိုင်ဖို့အတွက် အဆင်ပြေ အောင်လည်း ကူညီမှုတွေ ပေးနေတာ တွေ့ရပါတယ်။

    ကသာမြို့မှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက စပြီး တိုက်ပွဲစတင် ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဲဒီနောက် ဒီဇင်ဘာ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက် နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ၊ ၂ ရက်နေ့အထိ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်တယ် လို့သိရပါတယ်။

    တိုက်ပွဲအတွင်း အစိုးရတပ်ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက် ခိုက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့သိရပါတယ်။

    ကသာမှာ တိုက်ပွဲ ဖြစ်နေတဲ့ ကြားကပဲ ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက် အပိုင်း ၁ ကို ကျင်းပမှုရှိခဲ့ပါတယ်။

    PDF တွေကတော့ ကသာကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်တယ်လို့ ကြေငြာထားပါတယ် ။

    ဓာတ်ပုံ – ဒေသခံ

  • ဗမာ့တပ်တော်နှစ်ပတ်လည်အခမ်းအနား စစ်ရေးပြပွဲ AA တပ်မှူးအချို့တက်ရောက်

    ဗမာ့တပ်တော်နှစ်ပတ်လည်အခမ်းအနား စစ်ရေးပြပွဲ AA တပ်မှူးအချို့တက်ရောက်

    ဗမာ့တပ်တော်နှစ်ပတ်လည်အခမ်းအနား စစ်ရေးပြပွဲ AA တပ်မှူးအချို့တက်ရောက်

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ဗမာ့တပ်တော် (Bamar Army)၏ နှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို တော်လှန်ရေး နယ်မြေတစ်နေရာတွင်ပြုလုပ်ခဲ့ရာ အာရက္ခတပ်တော်(AA) တပ်မှူးအချို့တက်ရောက်ချီးမြှင့်ခဲ့သည်ဟု သတင်းရရှိသည်။

    ယခုလို AA တပ်မှူးများတက်ရောက်ခဲ့ခြင်းကို ဗမာ့တပ်တော်က ထုတ်ပြန်သည့်ဓာတ်ပုံများတွင် မြင်တွေ့ရသည်။

    ယင်းအပြင် ဗမာ့တပ်တော်ကို (ဗမာလူမျိုးစုတပ်တော်)ဟုရေးသားထားသည်ကို တွေ့ရှိရပြီး ဗမာ့တပ်တော်ကို လူငယ် ပညာတတ်များဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

    ပြည်ထောင်စုတည်ဆောက်ရေးတွင် ဗမာလူမျိုးများသည်လည်း ပြည်ထောင်စုထဲမှ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ခြင်းကြောင့် ဗမာပြည်နယ်ယူရမည်ဟု ဗမာ့တပ်တော်၏ ပေါ်လစီမူဝါဒတွင် ဖော်ပြထားသည်။

    ဗမာ့တပ်တော် (Bamar Army -BA)၏ ပေါ်လစီမူဝါဒရေးရာနှင့် ရှေးလုပ်ငန်စဉ်များကို သိလိုသည်ဆိုလျှင် လွန်ခဲ့သည့်နှစ် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၁/၂ဝ၂၅)တွင် ဖတ်ရှုနိုင်သည်။

    ထုတ်ပြန်ချက်ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

    ဗမာ့တပ်တော် (ဗမာလူမျိုးစုတပ်မတော်) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်

    ကြေညာချက်အမှတ် (၁/၂ဝ၂၅)

    ရက်စွဲ ၊ ၂ဝ၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်။

    ၁။ မြန်မာ့သမိုင်းတွင် အာဏာရှင်များသည် ပင်လုံလမ်းစဉ်ကိုအခြေခံပြီး ပြည်နယ်သစ်များနှင့် ဗမာပြည်နယ်ပေါ်ထွန်းလာမည်ကို မနှစ်မြို့ဘဲ ၎င်းတို့စိတ်ကြိုက် အာဏာတည်ဆောက်နိုင်ရန်အတွက် နယ်မြေအခြေပြု ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ဖန်းတီးကာ ဗမာလူမျိုးကြီးဝါဒကြီးစိုးရေးကို အကောင်အထည်ဖော်ခဲ့ကြပြီး တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများကို မျက်ကွယ်ပြုကာ နိုင်ငံရေး၊ စစ်ရေးနှင့် လူမျိုးရေးအရ ဖိနှိပ်ချုပ်ချယ်ခဲ့ကြပါသည်။

    ပြည်နယ်သစ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ပေါ်ထွန်းလာပါက ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အနှောက်အယှက် ဖြစ်ပေါ်လာနိုင်မည် ဖြစ်သဖြင့် ပင်လုံလမ်းစဉ်ကို ကွယ်ပျောက်သွားစေရန်အတွက် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်လာခဲ့ ကြပါသည်။

    ၂။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးဒေသများအတွင်းရှိ မြေပြင်တော်လှန်ရေးအင်အားစုများ၏ အခြေအနေသည် အောက်ပါအချက်များကြောင့် တော်လှန်ရေး အောင်မြင်မှုရရှိရေးအတွက် များစွာနှောင့်နှေးနေရပါသည် -‬‎

    (က) အဖွဲ့ပေါင်းများစွာ ပြန့်ကျဲလျက်ရှိသည့်အပြင် မိတ်ဖက်ပဋိပက္ခများစွာ ဖြစ်ပေါ်လျက်ရှိခြင်း။

    (ခ) တော်လှန်ရေးအဖွဲ့အစည်းများသည် တိကျပြတ်သားသော မူဝါဒများအပေါ် အခြေခံသည့် နိုင်ငံရေးခံယူချက်များ မရှိသည့်အပြင် နိုင်ငံရေးအတွေးအခေါ်မပါသည့် လက်နက်ကိုင် တော်လှန်ရေးတစ်ရပ်ကိုသာ ဆင်နွှဲနေပြီး အတွေးအခေါ်တော်လှန်ရေးကို ယှဉ်တွဲ ဖော်ဆောင်နိုင်မှုမရှိခြင်း။

    (ဂ) စစ်အာဏာရှင်အပေါ် မုန်းတီးမှုစိတ်ခံစားချက်အပေါ် အခြေခံ၍ ရေတိုကာလ စစ်ရေး ဖော်ဆောင်နိုင်ရေးအတွက်ကိုသာ ဆောင်ရွက်လျက်ရှိခြင်း။

    (ဃ) ဒေသစွဲ၊ အဖွဲ့အစည်းစွဲများ ဖြစ်ပေါ်နေပြီး မိမိဒေသတစ်ခုတည်း စိုးမိုးနိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်း။

    (င) တော်လှန်ရေးအဖွဲ့အစည်းများအကြား မဟာမိတ်မူဝါဒနှင့် တပ်ပေါင်းစုမူဝါဒ ခိုင်ခိုင်မာမာ သတ်မှတ်ထားမှုမရှိခြင်း။

    (စ) စစ်ရည်စစ်သွေးပြည့်ဝစွာဖြင့် မဟာဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နိုင်မှုမရှိခြင်း။

    (ဆ) တော်လှန်ရေးအတွက် အသက်ပေးပါဝင်လိုသည့် ဒေသအတွင်းရှိ တော်လှန်ရေးရဲဘော် များစွာရှိနေသော်လည်း စည်းရုံးစုစည်းနိုင်စွမ်းမရှိခြင်း။

    (ဇ) လက်နက်အားကိုးဖြင့် ကိုယ်ကျိုးစီးပွားအခြေပြုကာ ပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း ပြုမူဆောင်ရွက်ခြင်းများကြောင့် လူထုယုံကြည်ကိုးစားမှု ကျဆင်းလာခြင်း။

    ၃॥ အပိုဒ်(၁/၂)ပါ အချက်များအရသော်လည်းကောင်း၊ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် လိုအပ်နေသည့် ဗမာပြည်နယ်တစ်ခုပေါ်ထွန်းရေးသည် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါသည်။ အလားတူပင် ဗမာပြည်နယ် ပေါ်ထွန်းရေးအတွက် တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်မည့် ဗမာလူမျိုးစုကို ကိုယ်စားပြုမည့် တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာရန် လိုအပ်မည်ဖြစ်ပါသည်။

    ၄။ ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုင်ငံရေးနှင့် မဟာမိတ်မူဝါဒများ အပေါ် ဟန်ချက်ညီညီဖြင့်လက်တွဲကာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် သော်လည်းကောင်း၊ မိုးကြိုးပြောက်ကျား တပ်ဖွဲ့အပါအဝင် ဘုံရည်မှန်းချက်တူညီပြီး လက်တွဲပူးပေါင်းဆောင်ရွက်လိုသည့် တပ်ရင်း၊ တပ်ဖွဲ့များအား ပေါင်းစပ်စုစည်းလျက် ဗမာလူမျိုးစုကို ကိုယ်စားပြုသည့် “ ဗမာ့တပ်တော် (သို့) ဗမာလူမျိုးစုတပ်မတော် ” အင်္ဂလိပ်စာဖြင့် (Bamar Army) ဟူ၍ နိုင်ငံရေးမူဝါဒ ၅ ရပ်၊ စစ်ရေးမူဝါဒ ၆ ရပ် ချမှတ်လျက် တပ်တော်ဖွဲ့စည်းပုံအား စုဖွဲ့မှုပုံစံအသစ်ဖြင့် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။