ဗမာ့တပ်တော်နှစ်ပတ်လည်အခမ်းအနား စစ်ရေးပြပွဲ AA တပ်မှူးအချို့တက်ရောက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ဗမာ့တပ်တော် (Bamar Army)၏ နှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို တော်လှန်ရေး နယ်မြေတစ်နေရာတွင်ပြုလုပ်ခဲ့ရာ အာရက္ခတပ်တော်(AA) တပ်မှူးအချို့တက်ရောက်ချီးမြှင့်ခဲ့သည်ဟု သတင်းရရှိသည်။

ယခုလို AA တပ်မှူးများတက်ရောက်ခဲ့ခြင်းကို ဗမာ့တပ်တော်က ထုတ်ပြန်သည့်ဓာတ်ပုံများတွင် မြင်တွေ့ရသည်။

ယင်းအပြင် ဗမာ့တပ်တော်ကို (ဗမာလူမျိုးစုတပ်တော်)ဟုရေးသားထားသည်ကို တွေ့ရှိရပြီး ဗမာ့တပ်တော်ကို လူငယ် ပညာတတ်များဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ပြည်ထောင်စုတည်ဆောက်ရေးတွင် ဗမာလူမျိုးများသည်လည်း ပြည်ထောင်စုထဲမှ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ခြင်းကြောင့် ဗမာပြည်နယ်ယူရမည်ဟု ဗမာ့တပ်တော်၏ ပေါ်လစီမူဝါဒတွင် ဖော်ပြထားသည်။

ဗမာ့တပ်တော် (Bamar Army -BA)၏ ပေါ်လစီမူဝါဒရေးရာနှင့် ရှေးလုပ်ငန်စဉ်များကို သိလိုသည်ဆိုလျှင် လွန်ခဲ့သည့်နှစ် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၁/၂ဝ၂၅)တွင် ဖတ်ရှုနိုင်သည်။

ထုတ်ပြန်ချက်ကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

ဗမာ့တပ်တော် (ဗမာလူမျိုးစုတပ်မတော်) ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် (၁/၂ဝ၂၅)

ရက်စွဲ ၊ ၂ဝ၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်။

၁။ မြန်မာ့သမိုင်းတွင် အာဏာရှင်များသည် ပင်လုံလမ်းစဉ်ကိုအခြေခံပြီး ပြည်နယ်သစ်များနှင့် ဗမာပြည်နယ်ပေါ်ထွန်းလာမည်ကို မနှစ်မြို့ဘဲ ၎င်းတို့စိတ်ကြိုက် အာဏာတည်ဆောက်နိုင်ရန်အတွက် နယ်မြေအခြေပြု ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ဖန်းတီးကာ ဗမာလူမျိုးကြီးဝါဒကြီးစိုးရေးကို အကောင်အထည်ဖော်ခဲ့ကြပြီး တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများကို မျက်ကွယ်ပြုကာ နိုင်ငံရေး၊ စစ်ရေးနှင့် လူမျိုးရေးအရ ဖိနှိပ်ချုပ်ချယ်ခဲ့ကြပါသည်။

ပြည်နယ်သစ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ပေါ်ထွန်းလာပါက ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အနှောက်အယှက် ဖြစ်ပေါ်လာနိုင်မည် ဖြစ်သဖြင့် ပင်လုံလမ်းစဉ်ကို ကွယ်ပျောက်သွားစေရန်အတွက် နည်းအမျိုးမျိုးဖြင့် ရည်ရွယ်လုပ်ဆောင်လာခဲ့ ကြပါသည်။

၂။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးဒေသများအတွင်းရှိ မြေပြင်တော်လှန်ရေးအင်အားစုများ၏ အခြေအနေသည် အောက်ပါအချက်များကြောင့် တော်လှန်ရေး အောင်မြင်မှုရရှိရေးအတွက် များစွာနှောင့်နှေးနေရပါသည် -‬‎

(က) အဖွဲ့ပေါင်းများစွာ ပြန့်ကျဲလျက်ရှိသည့်အပြင် မိတ်ဖက်ပဋိပက္ခများစွာ ဖြစ်ပေါ်လျက်ရှိခြင်း။

(ခ) တော်လှန်ရေးအဖွဲ့အစည်းများသည် တိကျပြတ်သားသော မူဝါဒများအပေါ် အခြေခံသည့် နိုင်ငံရေးခံယူချက်များ မရှိသည့်အပြင် နိုင်ငံရေးအတွေးအခေါ်မပါသည့် လက်နက်ကိုင် တော်လှန်ရေးတစ်ရပ်ကိုသာ ဆင်နွှဲနေပြီး အတွေးအခေါ်တော်လှန်ရေးကို ယှဉ်တွဲ ဖော်ဆောင်နိုင်မှုမရှိခြင်း။

(ဂ) စစ်အာဏာရှင်အပေါ် မုန်းတီးမှုစိတ်ခံစားချက်အပေါ် အခြေခံ၍ ရေတိုကာလ စစ်ရေး ဖော်ဆောင်နိုင်ရေးအတွက်ကိုသာ ဆောင်ရွက်လျက်ရှိခြင်း။

(ဃ) ဒေသစွဲ၊ အဖွဲ့အစည်းစွဲများ ဖြစ်ပေါ်နေပြီး မိမိဒေသတစ်ခုတည်း စိုးမိုးနိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်း။

(င) တော်လှန်ရေးအဖွဲ့အစည်းများအကြား မဟာမိတ်မူဝါဒနှင့် တပ်ပေါင်းစုမူဝါဒ ခိုင်ခိုင်မာမာ သတ်မှတ်ထားမှုမရှိခြင်း။

(စ) စစ်ရည်စစ်သွေးပြည့်ဝစွာဖြင့် မဟာဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နိုင်မှုမရှိခြင်း။

(ဆ) တော်လှန်ရေးအတွက် အသက်ပေးပါဝင်လိုသည့် ဒေသအတွင်းရှိ တော်လှန်ရေးရဲဘော် များစွာရှိနေသော်လည်း စည်းရုံးစုစည်းနိုင်စွမ်းမရှိခြင်း။

(ဇ) လက်နက်အားကိုးဖြင့် ကိုယ်ကျိုးစီးပွားအခြေပြုကာ ပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း ပြုမူဆောင်ရွက်ခြင်းများကြောင့် လူထုယုံကြည်ကိုးစားမှု ကျဆင်းလာခြင်း။

၃॥ အပိုဒ်(၁/၂)ပါ အချက်များအရသော်လည်းကောင်း၊ ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် လိုအပ်နေသည့် ဗမာပြည်နယ်တစ်ခုပေါ်ထွန်းရေးသည် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါသည်။ အလားတူပင် ဗမာပြည်နယ် ပေါ်ထွန်းရေးအတွက် တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်မည့် ဗမာလူမျိုးစုကို ကိုယ်စားပြုမည့် တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာရန် လိုအပ်မည်ဖြစ်ပါသည်။

၄။ ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုင်ငံရေးနှင့် မဟာမိတ်မူဝါဒများ အပေါ် ဟန်ချက်ညီညီဖြင့်လက်တွဲကာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် သော်လည်းကောင်း၊ မိုးကြိုးပြောက်ကျား တပ်ဖွဲ့အပါအဝင် ဘုံရည်မှန်းချက်တူညီပြီး လက်တွဲပူးပေါင်းဆောင်ရွက်လိုသည့် တပ်ရင်း၊ တပ်ဖွဲ့များအား ပေါင်းစပ်စုစည်းလျက် ဗမာလူမျိုးစုကို ကိုယ်စားပြုသည့် “ ဗမာ့တပ်တော် (သို့) ဗမာလူမျိုးစုတပ်မတော် ” အင်္ဂလိပ်စာဖြင့် (Bamar Army) ဟူ၍ နိုင်ငံရေးမူဝါဒ ၅ ရပ်၊ စစ်ရေးမူဝါဒ ၆ ရပ် ချမှတ်လျက် တပ်တော်ဖွဲ့စည်းပုံအား စုဖွဲ့မှုပုံစံအသစ်ဖြင့် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *