Category: News

  • Food Panda အသုံးပြုသူများရဲ့ ဖုန်းနံပါတ်များကို Deli သမားများက မှတ်ထားပြီး လိုက်လံနှောင့်ယှက်

    Food Panda အသုံးပြုသူများရဲ့ ဖုန်းနံပါတ်များကို Deli သမားများက မှတ်ထားပြီး လိုက်လံနှောင့်ယှက်

    Food Panda အသုံးပြုသူများရဲ့ ဖုန်းနံပါတ်များကို Deli သမားများက မှတ်ထားပြီး လိုက်လံနှောင့်ယှက်မှုများ ဖြစ်ပွားလျက်ရှိ

    အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်တဲ့ Food Panda ကနေ အော်ဒါ မှာယူတဲ့သူများရဲ့ ဖုန်းနံပါတ်တွေကို deli ပို့ဆောင်သူများက မှတ်သားထားပြီး ညအချိန်မှာ ဆက်သွယ်ခေါ်ယူပြီး နှောင့်ယှက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    နှောင့်ယှက်ခံခဲ့ရတဲ့ အော်ဒါမှာယူသူ ကိုယ်တိုင် ပြောပြထားချက်ကို ဖော်ပြထားပါတယ်။

    ကျမသမီး ဖုန်းကို Food Panda က ကောင်လေးက ဖုန်းနံပါတ် မှတ်ထားပြီး မနေ့ကရော ဒီနေ့ရော ဖုန်းခေါ်ပြီး အကူအညီတောင်းချင်လို့ပါ ဘာညာ နဲ့ ပြောတော့ သူ့အဖေနဲ့ ဖုန်းဆက်တဲ့ကောင်နဲ့ စကားများကြတယ်။

    ဘာအကူအညီ လဲလို့ မမေးလိုက်ဘူး။ ဖုန်းခေါ်တာ ကြိုက်ကို မကြိုက်တာ၊ ဖုန်းနံပါတ်တွေလည်း မှတ်ထားစရာမှ မလိုတာ၊ တခြားလူတွေရောကြုံဖူးလားရှင့်၊ Food Panda ရုံးက သိရောသိလားနော်

    Deli သမားများက ဖုန်းနံပါတ်တွေကို မှတ်ထားပြီး ပိုက်ဆံချေးတဲ့ ကိစ္စတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

    Food Panda ကုမ္ပဏီအနေနဲ့ ယခုလို app အသုံးပြုသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုကို အမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

  • စစ်ရှောင်ဟန်ဆောင်ပြေးတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းမိထား

    စစ်ရှောင်ဟန်ဆောင်ပြေးတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းမိထား

    ကသာမြို့သိမ်းတိုက်ပွဲမှာ စစ်ရှောင်ဟန်ဆောင်ပြေးတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဖမ်းမိထား

    ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကသာမြို့မှာ အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ် ဟန်ဆောင်ထွက်ပြေးတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၅၀ခန့်ကို ဖမ်းမိထားတယ်လို့ သိရပါတယ်။

    ကသာ-အင်းတော်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင်စီဝန်ထမ်း(Non CDM)တွေကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တာလို့ နယ်မြေခံသတင်းရင်းမြစ်က ပြောပါတယ်။

    “စစ်ရှောင်တွေနဲ့ရောပြေးတာ။ မျက်နှာတွေက ဇီးရွက်လောက်ပဲ ရှိတယ်”လို့ ၎င်းက ပြောပါတယ်။

    ဖမ်းမိထားတဲ့ Non CDM တွေထဲမှာ ထွေအုပ်၊ ဆောက်လုပ်ရေးနဲ့ စိုက်‌ပျိုးရေးဌာနက ဝန်ထမ်းတွေလည်း ပါတယ်လို့ သိရပါတယ်။

    ကသာမြို့ကနေ ထွက်လာတဲ့ စစ်ဘေးရှောင်တွေကို အမျိူးသားညီညွတ်ရေးအစိုးရNUGရဲ့ လူသားစာနာဌာနအပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အကူအညီတွေပေးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံရေးစောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။

    “ဒီနေ့လည်း ထပ်ဖမ်းမိထားတယ်။ ပိုများလာမှာ။ အသေးစိတ်ကို မေးမြန်းစိစစ်နေတယ်” လို့ နယ်မြေခံသတင်းရင်းမြစ်က ပြောပါတယ်။

    ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာ ၂၈ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

    ကသာမြို့ပေါ်မှာ ရပ်ကွက် ၁၀ခုရှိပြီး မြို့နယ်အတွင်းကျေးရွာ ၁၄၃ရွာ ရှိပါတယ်။ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၃ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    စစ်တပ်ရွေးကောက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၂၈ရက်ကလည်း မြို့ပေါ်ရပ်ကွက်အချို့မှာ ရွေးကောက်ပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ကသာမြို့မှာ စစ်တပ်ရဲ့ အဓိက တပ်ရင်းဖြစ်တဲ့ ခမရ- ၃၀၉ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေသလို ကသာထောင်ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

    မြို့ခံအများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးမြို့ဘက်အပြင် မြစ်ကြီးနားနဲ့ မန္တလေးမြို့ဘက်တွေဆီ စစ်ဘေးရှောင်ဖို့ ကြိုးစားနေကြပါတယ်။ ဒေသခံတွေ စစ်ရှောင်တဲ့ လမ်းကြောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်း မြို့ကို စွန့်ခွာထွက်ပြေးလာသူတချို့က ပြောပါတယ်။

    “ကစဉ့်ကလျားထွက်ပြေးနေကြရတယ်။ အဆင်မပြေတာတွေလည်းအများကြီးပဲ။ စိတ်ထဲတော်တော်လေးထိခိုက်ရတယ်။ အဆိုးဆုံးကတော့ စစ်ရှောင်တွေရှိတဲ့ဘက်ကို လေယာဉ်က ပတ်နေတာ”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

    (နှစ်သစ်ကူးကာလမှာ စစ်ရှောင်နေကြရတဲ့ ကသာမြို့ခံများကို တွေ့ရစဥ်။)

  • အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်

    အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်

    မြဝတီမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုက အဓမ္မပြုကျင့်မှုဖြစ်ပွား ၊ ကျူးလွန်သူ ကိုဖမ်းဆီး

    ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးကို အမေတူ အဖေကွဲ အကိုဖြစ်သူက အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံ​တွေဆီကသိရပါတယ်။

    “ဖြစ်တာက သုံးရက်လောက် ရှိပြီ သိရတယ်။ အခု အဓမ္မပြု ကျင့်ခံရတဲ့ ကလေးမလေးက နောက်ယောကျ်ားနဲ့ရတာ ။ မိဘတွေက မရှိတော့ဘူး ။ သူ့ကိုထိန်းပေး နေတဲ့ အဒေါ်ပဲရှိတယ်။အဒေါ်ဆိုတာက လည်းဆွေမျိုးမတော်ဘူး ။ အဓမ္မပြုကျင့်တဲ့ အကိုက ဂျလေဘီ ပုံစံပဲ ။ပလုံးကောက်တယ်။သူက ကလေးမလေးကို လာလာခေါ်သွားတာ ။ ကလေးမလေးက ပြောပြမှ သိရတာ။ အဓမ္မသုံးကြိမ် ပြုကျင့်တယ်လို့ ကလေးမ လေးကပြောတယ်။ ကလေးမလေး​က ကျောင်းမနေ တော့ဘူး ။ကလေးမလေးက အတက်ရောဂါ လည်းရှိတော့ တက်တဲ့အခါ အသိစိတ် လွတ်တတ်တယ် သိရတယ် ။ သူတို့နေတာက သုဿန်နား မှာနေကြတာ ။ ” လို့ ဖြစ်စဥ် သိရှိတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

    အဓမ္မပြုကျင့်ခဲ့တဲ့ အကိုဖြစ်သူက အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက ကျူးလွန်သူကို ဖမ်းဆီး ထိန်းသိမ်းလိုက် တယ်လို့ သိရပါတယ်။

    မြဝတီ မြို့ခံ တယောက်က ” အမေတူ အဖေကွဲ ဆိုပေမယ့်လည်း မအေ တယောက်ထဲက မွေးထားတာဆိုတော့ အရင်းအချာပါဘဲ ။ ဒီလို ကိုယ့်သွေးသား အပေါ် လူမဆန်စွာ လုပ်ရပ်မျိုး လုပ်တဲ့သူကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ စောင့်ရှောက်ရမယ့် အစား ယုတ်မာခဲ့တဲ့သူ တိုင်းကို ကြီးလေးတဲ့ အပြစ်ဒဏ် ပေးသင့်တယ်။ ” လို့ မှတ်ချက်ပြု ပြောပါတယ်။

    လက်ရှိမှာ အဓမ္မပြုကျင့် ခဲ့တဲ့ အကိုဖြစ်သူကို ရဲစခန်းမှာ ထိန်းသိမ်းထား ပြီး အရေးယူနိုင်ရေး အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

    ပဲခူးတိုင်းထဲမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အဓမ္မပြုကျင့် ခဲ့တဲ့ တရားခံတွေကို နှစ်ရှည် ထောင်ဒဏ် တွေအပြင် တသက်တကျွန်း ၊သေဒဏ် ၊ ထောင်ဒဏ်တသက် လွတ်ရက်မရှိ ကျခံဖို့ အမိန့် ချမှတ်မှု တွေရှိခဲ့ပါတယ် ။

    ဓာတ်ပုံ – CJ

  • ဗိုလ်မှူးကြီးလာကြိုတဲ့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်(ရုပ်သံ)

    ဗိုလ်မှူးကြီးလာကြိုတဲ့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်(ရုပ်သံ)

    လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးကြီးလာကြိုတဲ့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်(ရုပ်သံ)

    စစ်တပ် ၁၆ဦးထက်မနည်းသေပြီး လက်နက် ၈လက်သိမ်းရဟု PDFပြော

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ-၂၀၃၆)တပ်မမှူး ဗိုလ်မှူးကြီးအံ့ကျော် မင်း လာကြိုတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၈လက် သိမ်းရတယ်လို့ PDFပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်က လကတ (၂၀၃၆) တပ်ရင်းကထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားလေးစီးပါ ယာဉ်တန်းကို ဆိပ်ဖြူမြို့ပေါ်ကနေ သံပြားကာကား တစ်စီးနဲ့ အိမ်စီးကားတစ်စီးကလာကြိုခဲ့တာလို့ ဆိုပါတယ်။

    အဲဒီလာကြိုတဲ့ စစ်ကောင်စီယာဉ်နှစ်စီးကို ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၄) ၊ (၁၁) ၊ (၁၉) တပ်ရင်းတွေ ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

    “လကတက တပ်မမှူးပါတဲ့ ယာဉ်တန်းကို ဆိပ်ဖြူကနေလာကြိုတဲ့ ယာဉ်တန်းနှစ်စီးကို ခြုံခိုတိုက် တာပါ။ အလက်(၈) လက်ရခဲ့တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ပွဲဖြစ်စဥ်ကို ရှင်းပြပါတယ်။

    လကတ (၂၀၃၆)တပ်မမှူး အံ့ကျော်မင်းဟာ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ဆင်ရေးကို ဦးစီးရသူဖြစ်ပြီး ဆိပ်ဖြူမြို့ပေါ်ကို အထိုင်တပ်ကနေ တစ်ပတ်ကို တစ်ကြိမ် အသွားအပြန်လုပ်နေတာလို့ သူက ဆက်ပြောပါတယ်။

    အဲဒီတပ်မမှူး လာကြိုတဲ့ တပ်သားတွေက ဆိပ် ဖြူမြို့နယ် အခြေစိုက်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၁) နဲ့ (၂၂)ကတပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အဲဒီ(လာကြိုတဲ့ယာဥ်တန်း)တိုက်ခံရလို့ သေတဲ့အထဲ ဗိုလ်အဆင့်ပါတယ်။အဲဒါကြောင့် အနီးနာက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲသွားတာ။လကတ တပ်နဲ့ ဆိပ်ဖြူမြို့ပေါ်နဲ့က မိုင်(၂၀) လောက်ပဲ ဝေးတာ”လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်တပ်ယာဥ်တန်းထံက 79 တစ်လက်၊ MA-1 လေးလက်၊ MA-3 သုံးလက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ပခုက္ကူခရိုင်စစ်ဌာနက သိမ်းဆည်းရရှိခဲ့ပါတယ်။

    ဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာ ၂၃ရက်က ဆိပ်ဖြူမြို့နယ် ကပစ (၂၂) သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် ကပစ(၂၂) တပ်အထိုင်ထဲကို ရော့ကတ်တွေနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၄ရက်မှာ ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာလည်း သုံးဦးသေပြီး ဒဏ်ရာရတဲ့သူရှိတယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ထုတ် ပြန်ထားပါတယ်။

    ရုပ်သံ – ပခုက္ကူခရိုင် တပ်ရင်း-၄

  • နန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

    နန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

    မန္တလေးနန်းတွင်းထဲမှ လက်နက်ကြီး ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်သူများကို စစ်အုပ်စု လျော်ကြေးပေးပြီး သတင်းဖုံးရန် ကြိုးပမ်း

    မန္တလေးနန်တွင်း ထပရ-၁၂၁ တပ်ကနေ စစ်တပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို စစ်အုပ်စုက အိမ်တိုင်ရာရောက် လိုက်လံနှုတ်ပိတ်ပြီး အခြေအနေမှန်ကို သတင်းဖုံးဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက် အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁) စတင်ဖို့ နာရီပိုင်းအလို မနက်အစောပိုင်းမှာ Brave Warriors For Myanmar (BWM) နဲ့ ပူးပေါင်းတပ်တွေက မန္တလေးနန်းတွင်းရှိရာကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုအပြီး အထိနာသွားတဲ့စစ်အုပ်စုက အရပ်သားထိခိုက်မှာကို ဂရုမစိုက်ဘဲ လက်နက်ကြီးတွေ ပြန်လည်ရမ်းကားပစ်ခတ်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၅ လမ်းထောင့်က နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ယောက် ခြေနဲ့ လက်တွေ ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို စစ်အုပ်စုရဲ့ နန်းတွင်း ထပရ ၁၂၁ (ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီနေ့မနက်ပိုင်းမှာပဲ အခင်းနေရာကို စစ်တပ်အာဏာပိုင်တွေသွားရောက်ပြီး သဲလွန်စ လက်နက်ကြီးကျည်ခွံတွေကို သိမ်းယူသွားသလို ကာယကံရှင်တွေကို နစ်နာကြေးသဘောမျိုးပေးရင်း သတင်းမပြန့်ဖို့အတွက် ကြိမ်းမောင်းသွားတယ်လို့လည်း Brave Warriors For Myanmar (BWM) က ပြောပါတယ်။

    အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ရဲ့ တပ်တွင်းထိခိုက်မှုတွေကို ဖုံးကွယ်နိုင်ခဲ့ပေမယ့် အရပ်သားနေရာ ထိခိုက်မှုတွေကိုတော့ မဖုံးကွယ်နိုင်ဘူးလို့ ဆိုပါတယ်။

    “သူတို့ ကြောင့် ထိတာကို ကျနော်တို့ ရှော့ဒုံးကြောင့် ထိတယ်လို့ စွပ်စွဲတယ်။ ကပျာကယာပဲ ထိတဲ့နေရာက လက်နက်ကြီး အစတွေ သွားသိမ်းတယ်။ ငွေပေးပြီး ခြိမ်းခြောက်နှုတ်ပိတ်တဲ့သဘောပါ။ ကျနော်တို့ကြောင့် ဖြစ်ရအောင် လက်နက်ကြီးကျတဲ့အိမ်နဲ့ ကျနော်တို့ရှော့တိုက်ဒုံးတွေ ဦးတည်ရာကလည်း တခြားစီပါ။” လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

    ဒါ့အပြင် BWM နဲ့မဟာမိတ်တွေဟာ တော်လှန်ရေးစတင်ချိန်ကနေ ဒီနေ့အထိ ၅ နှစ်နီးပါး ရှော့တိုက်ဒုံးကို စနစ်တကျ သင်ကြားပစ်ခတ်ခဲ့ပြီး အခုလို အရပ်သားပစ်မှတ် ထိမှန်မှာမျိုးတွေကို မလုပ်ဆောင်ဘူးလို့လည်း ဖြေရှင်းထားပါတယ်။

    “သူတို့ထုံးစံအရ သူတို့ကိုလုပ်ပြီဆို ကမူးရူးတိုးနဲ့ ပြန်လုပ်တာပါ။ ဘယ်သူသေသေ ဂရုမစိုက်တဲ့သဘောပါ။ မြေပြင်အနေအထားအရ အရပ်သားတွေထိမှာ သိသိကြီးနဲ့ လုပ်တာပါ။ ကျနော်တို့ကို ပုံဖျက်တာတော့ ကြုံနေကျပါ” လို့ နန်းတွင်းထဲကို ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ခံက ပြောပါတယ်။

    အကြမ်းဖက်စစ်တပ်အနေနဲ့ ရွေးကောက်ပွဲအတုကို အားထည့်နေချိန်ဖြစ်တာကြောင့် ဒီဖြစ်စဥ်ကို သတင်းဖုံးအောင် လုပ်ဆောင်ခဲ့တာလို့လည်း သူကဆိုပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာလ ၂၉ရက် မနေ့မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် ၅၉လမ်းနဲ့ ၁၁၄× ၁၁၅ကြားက အမှိုက်ကန်အနီးကို ပျူစောထီးအဖွဲ့ဝင်တွေက အမျိုးသားအလောင်း ၁လောင်း လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution အဖွဲ့က ဖော်ပြထားပါတယ်။

    အလောင်းဟာ ဦးခေါင်းကြေမွတဲ့အထိ ရိုက်နှက် နှိပ်စက်ခံထားရပြီး အလောင်းလာပစ်သူတွေဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ဃရပ်ကွက်ရုံးနေ စစ်တပ်လက်ပါးစေ ပျူစောထီးတွေဖြစ်ကြောင်း၊ အကြောင်းအရင်းကို မသိရသေးကြောင်း ဆိုပါတယ်။

    မန္တလေးမြို့ခံ အကြမ်းဖက်စစ်အုပ်စုကတော့ ရွေးကောက်ပွဲအတုကို အရပ်သားတွေ စိတ်ဝင်စားအောင် ဖိအားပေးတာမျိုးတွေရှိခဲ့ပြီး လာမယ့် နှစ်သစ်ကူးညမှာလည်း ဖျော်ဖြေပွဲလုပ်ဆောင်ဖို့ ရှိနေကြောင်း သိရပါတယ်။

    ပုံစာ – အကြမ်းဖက်စစ်တပ်၊ ရဲနှင့် ရပ်ကျေးအာဏာပိုင်များ (ပုံဟောင်း)