လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးကြီးလာကြိုတဲ့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်(ရုပ်သံ)

စစ်တပ် ၁၆ဦးထက်မနည်းသေပြီး လက်နက် ၈လက်သိမ်းရဟု PDFပြော

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ-၂၀၃၆)တပ်မမှူး ဗိုလ်မှူးကြီးအံ့ကျော် မင်း လာကြိုတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၈လက် သိမ်းရတယ်လို့ PDFပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်က လကတ (၂၀၃၆) တပ်ရင်းကထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားလေးစီးပါ ယာဉ်တန်းကို ဆိပ်ဖြူမြို့ပေါ်ကနေ သံပြားကာကား တစ်စီးနဲ့ အိမ်စီးကားတစ်စီးကလာကြိုခဲ့တာလို့ ဆိုပါတယ်။

အဲဒီလာကြိုတဲ့ စစ်ကောင်စီယာဉ်နှစ်စီးကို ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၄) ၊ (၁၁) ၊ (၁၉) တပ်ရင်းတွေ ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

“လကတက တပ်မမှူးပါတဲ့ ယာဉ်တန်းကို ဆိပ်ဖြူကနေလာကြိုတဲ့ ယာဉ်တန်းနှစ်စီးကို ခြုံခိုတိုက် တာပါ။ အလက်(၈) လက်ရခဲ့တယ်။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ပွဲဖြစ်စဥ်ကို ရှင်းပြပါတယ်။

လကတ (၂၀၃၆)တပ်မမှူး အံ့ကျော်မင်းဟာ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ဆင်ရေးကို ဦးစီးရသူဖြစ်ပြီး ဆိပ်ဖြူမြို့ပေါ်ကို အထိုင်တပ်ကနေ တစ်ပတ်ကို တစ်ကြိမ် အသွားအပြန်လုပ်နေတာလို့ သူက ဆက်ပြောပါတယ်။

အဲဒီတပ်မမှူး လာကြိုတဲ့ တပ်သားတွေက ဆိပ် ဖြူမြို့နယ် အခြေစိုက်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၁) နဲ့ (၂၂)ကတပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီ(လာကြိုတဲ့ယာဥ်တန်း)တိုက်ခံရလို့ သေတဲ့အထဲ ဗိုလ်အဆင့်ပါတယ်။အဲဒါကြောင့် အနီးနာက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲသွားတာ။လကတ တပ်နဲ့ ဆိပ်ဖြူမြို့ပေါ်နဲ့က မိုင်(၂၀) လောက်ပဲ ဝေးတာ”လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ယာဥ်တန်းထံက 79 တစ်လက်၊ MA-1 လေးလက်၊ MA-3 သုံးလက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ပခုက္ကူခရိုင်စစ်ဌာနက သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာ ၂၃ရက်က ဆိပ်ဖြူမြို့နယ် ကပစ (၂၂) သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် ကပစ(၂၂) တပ်အထိုင်ထဲကို ရော့ကတ်တွေနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ရက်မှာ ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာလည်း သုံးဦးသေပြီး ဒဏ်ရာရတဲ့သူရှိတယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ထုတ် ပြန်ထားပါတယ်။

ရုပ်သံ – ပခုက္ကူခရိုင် တပ်ရင်း-၄

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *