Category: News

  • မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

    မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

    “ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်” -ဦးမင်းကိုနိုင်

    အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။

    စစ်ကောင်စီက မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်နဲ့ပတ်သက်ပြီး ​တော်လှန်​ရေးအင်အားစု​တွေဖြစ်တဲ့ ဦးမင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲအစည်း စုစုပေါင်း ၄၅ဖွဲ့ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိင်းရေးအင်အားစု(GSCB)က ဒီကနေ့ည ဒီဇင်ဘာ ၁၆ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

    စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်တွေအား တညီတညွတ်တည်း တော်လှန်နေကြသူသွေးချင်းတွေဖြစ်လို့ ဘယ်သူထိခိုက်နစ်သည်ဖြစ်စေ အတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို သန္နိဌာန်ပြုကြောင်းလည်း တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်မှာ ဖော်ပြထားပါတယ်။

    “ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်။ တော်လှန်ရေးကိုစိတ်ဝမ်းခွဲချင်တယ်ဒါကို ဖေါ်ထုတ်တုန့်ပြန်ကြတာပဲ” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

    စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာကအရေးယူတဲ့အထိ အားလုံးအားစိုက်ကြအုံးမှာ ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က အသိပေးပါတယ်။

    စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ညပိုင်းမှာ မြောက်ဦးမြို၊ ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ရာ လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၃၃) ဦးထက်မနည်းသေဆုံးကာ ၇၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

    အဲဒီလို ဗုံးကြဲအပြီး နောက်နေ့ညမှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်က ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ထပ်မံဗုံးကြဲခဲ့လို စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

    ဒီလို အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ရေးပစ်မှတ်ကို သတင်းအတိအကျရလို့ တိုက်ခိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက လိမ်ညာဝါဒဖြန့်ခဲ့ပါတယ်။

    စစ်ကောင်စီဟာ ရခိုင်ပြည်တဝန်းလုံးအပါအဝင် မြန်မာပြည်အနှံအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

  • စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးဆိုတဲ့ သက်သက်ခိုင်

    စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးဆိုတဲ့ သက်သက်ခိုင်

    စစ်တပ်က ဒိုင်လူကြီးအလုပ်မလုပ်ဘဲ လူလွှတ်ဝင်ပြိုင်နေလို့ ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ မပြောနိုင်ဘူးလို့ အတုအယောင်ရွေးကောက်ပွဲ ဝင်မပြိုင်ရတဲ့ သက်သက်ခိုင် ထုတ်ပြောလာ

    စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးလို့ဆို

    ” ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်၊ ပြီးလို့ရှိရင် ကိုယ့်လူတွေကိုလည်း နိုင်ငံရေးပါတီတစ်ခု အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ အပြိုင် ဝင်လည်း ပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်”

    စစ်အုပ်စုကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ဟာ ဒိုင်လူကြီးနေရာမှာ နေတာတင်မကဘဲ ရွေးကောက်ပွဲကိုပါ လူလွှတ်ယှဉ်ပြိုင်ခိုင်းနေတာကြောင့် ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ မပြောနိုင်သေးဘဲ ပွဲပြီးတဲ့အထိ စောင့်ကြည့်ရမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။

    စစ်အုပ်စုလက်အောက်မှာ မှတ်ပုံတင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းမီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းမှုမှာ သက်သက်ခိုင်က အခုလို ပြောကြားလိုက်တာပါ။

    “အခင်းအကျင်း ပြောင်းသွားတာက ဒီလိုအခွင့်အရေးတွေ ရှိနေပေမဲ့လည်း တပ်သည် တပ်က တကယ့် လတ်တလော နိုင်ငံ့တာဝန်ကို တော်တော်ကြီးကြီးမားမား ယူထားတဲ့သူတွေက စပြီးတော့မှ ပြည်ခိုင်ဖြိုးပါတီကို ဝင်ပြီးတော့မှ ပြိုင်ကြတယ်လေ။ နောက်တချို့လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ပို့တယ်လို့လည်း ကြားတယ်။ အဲဒါကတော့ သတင်းကြီးကြီးမားမား မထွက်တော့ ကျွန်မတို့က သိပ်မသိဘူး။ ဆိုတဲ့အခါကျတော့ အခုက အခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်မတို့ ပါတီတွေက အာဏာရ အစိုးရနဲ့ ပြိုင်ရသလို ဖြစ်သွားတယ်။ ပြောချင်တာက Level Playing Field ဖြစ်ဖို့ မဖြစ်တော့တဲ့ သဘော ကျရောက်တာပေါ့နော်။ Level Playing Field မဖြစ်တော့တဲ့ သဘောကျရောက်တယ်”လို့ သက်သက်ခိုင်က ပြောကြားခဲ့ပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီကနေ စစ်တပ်အရာရှိတွေကို စေလွှတ်ယှဉ်ပြိုင်စေဖို့ သက်သက်ခိုင်က တောင်းဆိုတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ဘောင်းဘီချွတ်ကိုယ်စားလှယ်လောင်းလို့ အများက ခေါ်ကြတဲ့ စစ်တပ်ကနေ စေလွှတ်ယှဉ်ပြိုင်သူတွေကိုတော့ မတွေ့ရပါဘူး။

    ဒါ့အပြင် သက်သက်ခိုင်ဟာ စစ်တပ်ဟာ အခွင့်အရေးအများစုကို ချုပ်ကိုင်ထားတဲ့အပြင် ဒိုင်လူကြီးအလုပ်လုပ်ရမယ့်အစား ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်နေတယ်လို့လည်း ဆိုပါတယ်။

    “တကယ်လို့သာ တပ်က ပါတီတွေထဲကို မပို့ဘဲနဲ့ တပ်က တပ်လိုပဲ နေပြီးတော့၊ ပြီးလို့ရှိရင် လတ်တလောလည်း အုပ်ချုပ်နေတဲ့သူဖြစ်တော့ ဒီတပ်မတော်အစိုးရ လက်ထက်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းတယ်။ ဒီတပ်မတော်အစိုးရ လက်ထက်မှာပဲ ဒီတပ်မတော်အစိုးရကပဲ ရွေးကောက်ပွဲ ဥပဒေတွေ ရေးဆွဲထားတယ်။ ဆိုလို့ရှိရင် ကိုယ်က ပြောမယ်ဆိုရင် ဒိုင်လူကြီး လုပ်နေတာပေါ့နော်။ ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်၊ ပြီးလို့ရှိရင် ကိုယ့်လူတွေကိုလည်း နိုင်ငံရေးပါတီတစ်ခု အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ အပြိုင် ဝင်လည်း ပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်”လို့ သက်သက်ခိုင်က ဆက်ပြောပါတယ်။

    ဒါ့ကြောင့် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိကို မေးခွန်းထုတ်ရတော့မယ်လို့ သူမက ဆိုပါတယ်။

    “မေးခွန်းထုတ်စရာတွေ ဖြစ်တော့ ကျွန်မအနေနဲ့တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိပါတယ်၊ မရှိဘူး ပြောတာထက် ခုနက မေးခွန်းက ယုံကြည်လား မယုံကြည်လားပေါ့။ အဲဒါလည်း ကျွန်မ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ရမှာ ဖြစ်နေတယ်”လို့ သူက ဆက်ပြောပါတယ်။

    သက်သက်ခိုင်ဟာ စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။

    “တပ်မတော်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ်လိုမျိုး ကျွန်မတို့ မမြင်ချင်ဘူး။ ကျွန်မတို့က ဒါ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ပေါ့။ ပါတီဥက္ကဌအနေနဲ့ ပြောတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တပ်မတော်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ်အနေနဲ့ မမြင်ချင်ဘူး”လို့ သက်သက်ခိုင်က ဆိုပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ သက်သက်ခိုင်ဟာ ကြွေးမြီတွေကြောင့် ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းတယ်ဆိုကာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရုပ်သိမ်းခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

  • အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ

    အတုအယောင် ရွေးကောက်ပွဲ နီးလာချိန် မန္တလေးမှာ စစ်အုပ်စု ပိုမိုအာဏာပြ သောင်းကျန်းလာ

    လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲရာမှာ ဖုန်းတွေကို အသေးစိတ် စစ်ဆေး ငွေညှစ်

    အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်ရက် နီးကပ်လာချိန် မန္တလေးမြို့ပေါ်မှာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေ ပိုမို အတင့်ရဲလာကာ ပြည်သူကို ဖမ်းဆီးငွေညစ်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတချို့က ဆက်သွယ်ပြောဆိုပါတယ်။

    အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း လမ်းပေါ်သိပ်တွေ့ရလေ့မရှိဘဲ ရဲစခန်းတွေထဲမှာပဲ ခိုအောင်းနေလေ့ရှိတဲ့ စစ်အုပ်စု လက်နက်ကိုင် ရဲတွေကို ယခုရက်ပိုင်း လမ်းပေါ်မှာ မကြာခဏ တွေ့လာရသလို ပျူစောထီးတွေရဲ့ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက် ငွေညှစ်တာတွေလည်း ပိုမို လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

    ယခု ဒီဇင်ဘာလအတွင်း မန္တလေးမြို့အနှံ့မှာ ရဲ ယူနီဖေါင်းဝတ်ထားသူတွေက အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ ဆိုင်ကယ်၊ကားတွေကို မထင်ရင်မထင်သလို စစ်ဆေးရှာဖွေမှုတွေ လုပ်နေသလို ကုန်တင်ကား၊ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တွေဆိုရင် မလွတ်တမ်းနီးပါး တားဆီးစစ်ဆေးငွေညှစ်နေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    “အရင်လကတွေ ရဲတွေချည်းပါတဲ့အဖွဲ့ စစ်တယ်ဆိုတာ မရှိသလောက် ရှားတယ်၊ စည်ပင်၊ ပျု၊ စစ်ခွေးတွေနဲ့ ရဲက ပေါင်းစစ်တာ များတယ်၊ အခုကျ ရဲ‌တွေချည်းပါတဲ့ အဖွဲ့‌တွေ သီးသန့် အဖွဲ့ဖွဲ့စစ်တာ များလာတယ်၊ အရင်ကထက် ပိုများတယ်ပြောရမှာပဲ”

    ယခင်က ပျူစောထီး၊ အပြာဝတ်နဲ့ စည်ပင်တွေ ပေါင်းပြီး အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ လုပ်လေ့ရှိပေမယ့် လက်ရှိမှာတော့ ရဲသီးသန့် ငွေညှစ်တဲ့အဖွဲ့တွေပါ လမ်းပေါ်ရောက်လာတာလို့ ဆိုပါတယ်။

    တချိန်တည်းမှာပဲ မန္တလေးမြို့ပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာတွေကို မိုက်ကြေးခွဲ ငွေညှစ်တဲ့ စစ်အုပ်စုက ဖုန်းတွေကို အသေးစိတ် စစ်ဆေးတာတွေ လုပ်လာပြီး ဖုန်းတွေကို အသေးစိတ် စစ်ဆေးနိုင်ဖို့ စစ်အုပ်စုက ဖုန်းစစ်ဆေးနည်း သင်တန်းပေးထားတယ်လို့ ယူဆရကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။

    “(ဖုန်း)စစ်ဆေးတာ နည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေတက်ပြီး စစ်လာကြတယ်လို့ထင်ရတယ်၊ ဖုန်းစစ်တာဆို အရင်ကထက် စနစ် ပိုကျလာတယ်၊ ရဲတွေက PSMS စနစ်နဲ့ပါ မြို့ပေါ်မှာ စစ်ဆေးလာတာ၊ ဖုန်းဆိုလည်း သေချာကို အချိန်ပေး စစ်ဆေးလာကြတယ်၊ အခုဟာ ရဲမှ မဟုတ်ပါဘူး၊ စစ်ခွေး၊ ပျုနဲ့ မော်တော်ပီကယ်တွေက ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်နေတာပါပဲ၊ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားဆို သူတို့စစ်တာ ဘာမှမတွေ့လည်း သူတို့အတွက် လဘက်ရည်ဖိုး ဆက်ကြေး‌လေး ခိုး‌ပေးပြီး သွားရတာပါပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    (PSMS – Person Scrutinization and Monitoring System စနစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စနစ်တကျ စစ်ဆေးတဲ့ နည်းပညာဖြစ်ပါတယ်။ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်တွေ စတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကြည့်ပြီး စစ်အုပ်စုက အမှုဖွင့်ထားသူ ဟုတ်၊မဟုတ်၊ CDM ဟုတ်၊မဟုတ် စတာတွေကို စစ်ဆေးတဲ့ နည်းပညာဖြစ်ပါတယ်။ အဲ့ဒီ PSMS စနစ်ကို အာဏာသိမ်း စစ်အုပ်စု အသုံးပြုနိုင်ဖို့ တရုတ် Huawei နည်းပညာကုမ္ပဏီက စစ်အုပ်စုကို ကူညီပေးထားတာဖြစ်)

    ယခုရက်ပိုင်း မန္တလေးမြို့လယ် လမ်း ၈၀ ပေါ်နဲ့ ၇၃လမ်း ဆေးကျောင်းအနီးဝန်းကျင်မှာ စစ်အုပ်စုက အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေကာ ဖုန်းတွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုက ဖုန်းတွေကို စစ်ဆေးရာမှာ ဖုန်းထဲက ဓါတ်ပုံတွေ၊ Viber၊ တယ်လီဂရမ် နဲ့ စ‌လော့ဂိမ်းတွေ ကို အသေအချာ အချိန်ယူ ရှာဖွေစစ်ဆေးပြီး သူတို့မကြိုက်တာ တစ်ခုခုရှာတွေ့ရင်တော့ ငွေညှစ်တယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

    “ဖုန်းစစ်တဲ့ပုံကြည့်ရတာ သူတို့ကို နည်းပညာသင်တန်း ပေးထားတဲ့ပုံပဲ၊ ရှာတာကအတော်ကို အသေးစိတ်တယ် ပြောရမယ်။ ဓါတ်ပုံဆို တစ်ပုံချင်း အသေအချာကြည့်တာ၊ မိတ်ဆွေတစ်ယောက်ဆို စလော့ဂိမ်း‌ တွေ့တာရယ်၊ တယ်လီဂရမ်မှာ သူတို့မကြိုက်တဲ့ သတင်းချန်နယ်တစ်ခုကို ဝင်ထားလို့ဆိုပြီး ပိုက်ဆံ‌တောင်းတာ၊ ပေးခဲ့ရ‌တယ်”

    မန္တလေးမြို့ပေါ် သွားလာနေရတဲ့ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုကို ငွေအများကြီး မပေးရဖို့ အပြင်သွားတဲ့အခါ ဖုန်းထဲမှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ အချို့အရာတွေကို ရှင်းလင်းထားဖို့နဲ့ လောင်းကစားဂိမ်းတွေကို ဖျက်ထားသင့်တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတချို့က အကြံပြုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်က မန္တလေးစျေးချိုတော်မှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေးနဲ့ အာဏာသိမ်း ဖက်ဆစ် စစ်အုပ်စုက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင် လူငယ်တွေ ဆန္ဒပြခဲ့ပြီးနောက် စစ်အုပ်စုက ရဲတွေကိုပါ လမ်းပေးတက် ဖမ်းဆီးငွေညှစ် စစ်ဆေးတာတွေ လုပ်ဖို့ ခိုင်းစေထားတယ်လို့ စစ်အုပ်စု လက်အောက်ခံ ရဲတွေနဲ့ နီးစပ်သူ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    “‌ကိုတေဇာဆန်း တို့က ဈေးချိုမှာဆန္ဒပြပြီးတဲ့နောက် သူတို့(စကမ) နည်းနည်း တုန်လှုပ်သွားတယ်၊ သူတို့ စိုးမိုးတဲ့ မြို့ပေါ်တွေမှာ ရွေးကောက်ပွဲဆိုတာကြီးက သူတို့ ဖြစ်စေချင်သလို ဖြစ်မယ်လို့ ထင်ထားတာ၊ ကိုတေဇာဆန်း‌က ဆန္ဒပြပွဲမှာ အသံတိတ်သပိတ်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တကွက်ပြလိုက်တော့ ရဲတပ်ဖွဲ့‌ဝင်‌တွေကို အရင်ကထက် လုံခြုံရေးပိုင်း တင်းကြပ်ဖို့ ဖိအားပေးလာတော့ ရဲတွေကို နေရာ အတော်များများမှာ တွေ့လာရမယ်၊ အမှန်တော့ ပြည်သူဆီက ငွေညှစ်ဖို့ လုပ်ပိုင်ခွင့် ပေးလွှတ်လိုက်သလိုပါပဲ”

    စျေးချိုတော် ဆန္ဒပြပွဲအပြီး မန္တလေးမြို့‌ပေါ်က ဈေးတွေမှာ ပျုနဲ့ရဲတွေကို စောင့်ကြည့်ဖို့ လုံခြုံရေး ချထားတာကို တွေ့မြင်လာရတယ်လို့ မြို့ခံစျေးသည်တစ်ဦးကလည်း ပြောပါတယ်။

    “အရင်က ကျမတို့ဈေးနားဆိုရင် ဘာမှ မရှိဘူး။ အခု ကိုတေဇာဆန်းတို့ ဆန္ဒပြပြီးနောက် ရဲနဲ့ပျုတွေ ဈေးနားမှာ ချလာတာ တွေ့ရတယ်၊ မှတ်မှတ်ရရ ဒီဇင်ဘာ ၁၀ရက် (အသံတိတ်သပိတ်) နောက်ပိုင်းကျ ဈေးတွေအနီးဝန်းကျမှာ သူတို့ (စစ်အုပ်စုနဲ့ပျူ)ကို တွေ့လာရတာ”

    အာဏာသိမ်း စစ်အုပ်စုဟာ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲ မဲမပေးဘူးလို့ ပြောဆိုသူ၊ လူမူကွန်ယက်မှာ ရေးသူတွေကို လိုက်လံဖမ်းဆီးကာ ထောင် သုံးနှစ်ကနေ တသက်တကျွန်းအထိ ချနိုင်တဲ့ ဥပဒေနဲ့ အမှုဆင် တရားဆွဲ ထောင်ချနေတာ ဖြစ်ပါတယ်။

    မန္တလေးမြို့ပေါ် အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေး၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ

  • ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့  ၇ ရက်တိတိကျင်းပမည်

    ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပမည်

    အကြမ်းဖက် စစ်တပ်ဘက်တော်သား ဒိန်းဒေါင်မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေး

    အကြမ်းဖက် စစ်တပ်ဘက်တော်သား ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ကို နေပြည်တော်မှာ ပျော်ပွဲရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေနဲ့ ၇ ရက်တိတိကျင်းပနိုင်ဖို့ စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အသက် ၅၂ နှစ်ပြည့်မယ့် တင်ဌေး (ခေါ်) ဒိန်းဒေါင်က သူရဲ့ မွေးနေ့အဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဟာသအစည်းအရုံးမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကစလို့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ညစဉ် ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေ လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဖြစ်တာကြောင့် ပွဲကျင်း ပခွင့်တွေကို ပိတ်ပင်ထားပေမယ့်လည်း စစ်တပ်ဘက်တော်သား ဒိန်းဒေါင်ရဲ့ မွေးနေ့ပွဲကို အထူးအခွင့်အရေးအနေနဲ့ ခွင့်ပြုပေးထားတာလို့ သိရပါတယ်။

    ဒိန်းဒေါင်မွေးနေ့ပွဲအတွက် ကျင်းပမယ့်နေရာမှာ စစ်သားတချို့၊ ပျူစောထီးနဲ့ ဒေသခံတွေကို လုံခြုံရေးစောင့်ခိုင်းတာတွေရှိနေပြီး ဒိန်းဒေါင်နေတဲ့နေရာ၊ ပွဲစီစဉ်မယ့်သူတွေအတွက်လည်း လုံခြုံရေးပေးထားတယ်လို့ သိရပါတယ်။

    “သူတို့အိမ်တွေကို ရခ၊ စခ တွေလုံခြုံရေးယူပေးထားတယ်။ မွေးနေ့ပွဲက ရ ရက်လုပ်မယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။

    ဟာသလူရွှင်တော် ဒိန်းဒေါင်က စစ်တပ်ဘက်က အပြတ်ရပ်တည်ပြတာကြောင့် ရန်ကုန်နဲ့ နေပြည် တော်မှာ စစ်တပ်က မြေကွက်တွေ ချထားပေးခဲ့တဲ့အပြင် ဒီနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း လူမှုထူးချွန်ဆုကို မင်းအောင်လှိုင်က ဒိန်းဒေါင်ကို ပေးအပ်ခဲ့ပါသေးတယ်။

    Photo: AI Image နှင့် ဇာတ်ဝင်ခန်းပုံအချို့အား အသုံးပြုထားပါသည်။

  • Monkey Twins

    Monkey Twins

    Monkey Twins (2016)

    ဒီဇာတ်ကားလေးက အက်ရှင်–ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လွှမ်းမိုးချုပ်ကိုင်မှုတွေ ထိုင်းရာဇဝင် လက်ဝှေ့ကကွက်တွေ တရုတ်အော်ပရာတွေကို ပေါင်းစပ်ပြထားတဲ့ ဇာတ်လမ်းပါပဲ။

    “နေး” ဆိုတဲ့ လူငယ်တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ဟာနုမာန် မျက်နှာဖုံးကို ဝတ်ဆင်ပြီး ဖျော်ဖြေနေတဲ့သူပါ။

    သူရရှိထားတဲ့ အတတ်ပညာတွေကတော့ အဖိုး ကလ ထံမှ လက်ဆင့်ကမ်းလာတာဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေးအတွက် ဟာနုမာန်မျက်နှာဖုံးပြဇာတ်နဲ့ မျောက်ဇာတ်လမ်းပြဇာတ် တွေကို လုပ်ခဲ့တာပါ။

    တချိန်တည်းမှာပဲ သူ့ကို ရှင်းပစ်ချင်တဲ့ ” ဆိုလ်” ဆိုတဲ့ ရန်သူတစ်ယောက်ရဲ့ လက်စားချေလိုက်လံဖမ်းဆီးမှုကိုလည်း ရင်ဆိုင်ကြုံတွေ့​နေရပါ​​သေးတယ်။

    “နေး” ချစ်ရတဲ့မိန်းကလေးအသတ်ခံရတာနဲ့ပတ်သက်ပြီး “ဆိုလ်” ကအခွင့်ကောင်းယူကာ ” နေး” ကို အပြစ်ပုံချပြီး စွပ်စွဲခဲ့လို့ အမှုရင်ဆိုင်နေရတာပါ။

    တနေ့မှာ တိုက်ခိုက်မှုကျွမ်းကျင်တဲ့ “လင်းယဥ်” နဲ့ ” နေး” တို တွေ့ဆုံခဲ့ကြတဲ့အခါမှာတော့ နှစ်ယောက်သား ပူးပေါင်းပြီး ရန်သူတွေကို ဘယ်လိုအနိုင်ယူကြမလဲ….

    “နေး” တစ်ယောက် အမှုမှန်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဒီဇာတ်ကားထဲမှာ ​​မွေထိုင်းပြကွက်အပြင် ပြဇာတ်ရဲ့ဖျော်ဖြေမှုတွေနဲ့အတူ တိုက်ရေးခိုက်ရေးတွေကိုပါ ကြည့်ရမှာဖြစ်လို လက်မလွှတ်ဘဲ ကြည့်သင့်ပါကြောင်း….