Category: News

  • အောင်​ဇေယျစစ်​ကြောင်း စစ်ကျွံလာလို့​ အထိနာပြီးပြန်ဆုတ်

    အောင်​ဇေယျစစ်​ကြောင်း စစ်ကျွံလာလို့​ အထိနာပြီးပြန်ဆုတ်

    ကရင်ပြည်နယ်၊ အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ တိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာ၂ရက်ကတည်းက ထီးမူထရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ ကျွံလာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ကျွံလာတာ။ မနေ့ ထီးမူထရွာနားမှာ ထိတွေ့မှုဖြစ်တယ်။ နောက်ပြန်ဆုတ်သွားရတယ်။ အဲ့လိုလာအောင် စောင့်နေရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ခုလာတော့တီးယုံပေါ့”လို့၎င်းကပြောပါတယ်။

    စက်တင်ဘာ ၃ ရက်မှာလည်း မနက်တည်းက တိုက်ပွဲတွေဖြစ်နေတာလို့ ၎င်းကဆက်ပြောပါတယ်။

    စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကတော့ ဒီကနေ့မှာ KNU/KNLAရဲ့ စခန်းနေရာ ၃ ခုကို သိမ်းပိုက်ရယူပြီး ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ပစ်ကျင်း/ဘန်ကာ၊ လူနေတဲတွေ သိမ်းပိုက်ရရှိခဲ့ပြီး အာရှလမ်းဘက်မှာလည်း အောင်မြင်မှုများစွာရရှိနေတယ်လို့ ဝါဒဖြန့်နေပါတယ်။ ဒါ​ပေမယ့်သတင်းဓါတ်ပုံတစ်ပုံမှ​ဖော်ပြမထားပါဘူး။ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကတော့ ဒေသတခုမှာ စစ်တပ်အထိနာနေရင် အောင်ပွဲရနေတယ်ဆိုပြီး လိမ်လည်ဝါဒဖြန့်လေ့ရှိပါတယ်။

    အာရှလမ်းပိုင်းမှာ ပိတ်မိနေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDFပူးပေါင်းတပ်တွေဟာ စက်တင်ဘာ ၁ ရက်နဲ့ စက်တင်ဘာ ၂ ရက် နံနက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

    သြဂုတ် ၃၁ ရက်ကလည်း မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်းမှာ ထောက်ပို့ အတွက် အဓိကကျတဲ့ ကော့နွဲ့တံတား ပြင်ဆင်နေချိန်မှာ တော်လှန်ရေးတပ်တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ် ၂၅ရက်လောက်က တိုက်ပွဲမှာလည်း တော်လှန်ရေးတပ်တွေက အောင်ဇေယျရဲ့ ကုန်းတကုန်းကို သိမ်းရထားပါတယ်။ ဒါ့အပြင် စစ်သားအလောင်းငါးလောင်းနဲ့လက်နက်ငါးလက်လည်း တော်လှန်ရေးတပ်တွေက ရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ၂၀၂၄ ဧပြီလက ​မော်လမြိုင်က​နေ မြဝတီကို လေးရက်နဲ့ အရောက်ချီတက်မယ်ဆိုပြီးရက်ပေါင်း ၅၀၀ ​လောက်ကြာတဲ့အထိ ဒေါနတောင်ပေါ်မှာ ပိတ်မိနေတဲ့ စစ်အုပ်စုရဲ့အောင်ဇေယျစစ်ကြောင်းဟာ သြဂုတ်လအ​ရောက်မှာ ရက်ပေါင်း(၉၀)အတွင်း မြဝတီရောက်အောင်သွားပြီး ဆုံးရှုံးထားတဲ့စခန်းတွေ၊ နယ်မြေတွေပြန်သိမ်းမယ်ဆိုပြီး စစ်​ကြောင်းထိုးဖို့ကြိုးစား​နေတာပါ။

    ကော့ကရိတ်မြို့အကျော်က တတန်းကူးကျေးရွာနားမှာ ပိတ်မိနေတဲ့ အောင်ဇေယျအဖွဲ့ဟာ မိုင်(၂၀)လောက်ပဲ ကွာဝေးတော့တဲ့ နယ်စပ်မြို့ မြဝတီကို ရက်(၉၀)နဲ့ အရောက်ချီတက်မယ်ဆိုပြီး စစ်​ကြောင်းထိုးဖို့ကြိုးစား​ပေမယ့်တော်လှန်​ရေးအဖွဲ့​တွေရဲ့ ပိတ်ဆို့ဖြတ်​တောက် တိုက်ခိုက်မှု​တွေ​ကြောင့် တစ်လ​လောက်ကြာလာ​ပေမယ့် ​ရှေ့မတိုးနိုင်ကြပါဘူး။

    KNLAနဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်စပြီး အောင်ဇေယျစစ်ကြောင်းရဲ့ အလယ်ကနေဖြတ်တောက်ပြီး ပိတ်ဆို့ထားလိုက်ပါတယ်။

    အဲလိုဖြတ်တောက် ပိတ်ဆို့မှုကြောင့် ဒေါနတောင်ပေါ် တောနောရေတံခွန်နားက အောင်ဇေယျအဖွဲ့ဟာ ပိတ်ဆို့ဖြတ်တောက်ခံရတာကြောင့် အစာရေစာငတ်ပြတ်တဲ့အထိဖြစ်ကာ အလင်းဝင်လာသူတွေ အများအပြားရှိခဲ့ပါတယ်။

    ၂၀၂၄ မတ်လနဲ့ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက မြဝတီမြို့နားက သင်္ဃန်းညီနောင်ဗျူဟာနဲ့ တပ်ရင်းတွေ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

    အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်မယ်လို့ဆိုကာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”လို့ အမည်ပေးပြီး တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ ရက်ကစလို့ မော်လမြိုင်က ချီတက်လာခဲ့တာပါ။

    လေးရက်နဲ့ မြဝတီမြို့ကို အရောက်ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တနှစ်ခွဲနီးပါးကြာတဲ့အထိ ဒေါနတောင်ပေါ်တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။

  • မြင်းခြံမှာ ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနှစ်ယောက် သေ၊ လက်နက်တွေရ

    မြင်းခြံမှာ ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနှစ်ယောက် သေ၊ လက်နက်တွေရ

    မြင်းခြံမှာ ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနှစ်ယောက် သေ၊ လက်နက်တွေရ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာ စာသင်ကျောင်းထဲ စခန်းဖွင့်အထိုင်ချနေထိုင်ကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေး​ကောက်နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၂ရက် မနက်ပိုင်းက မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှီတယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် ကုက္ကဲရွာ အထက်တန်းကျောင်းခွဲက ထွက်လာပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ရေီ့ထွက် ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    မိုင်းနဲ့ တိုက်ခိုက်ပြီးနောက် ပစ်ခတ်သုတ်သင်ခဲ့ရာမှာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး လက်နက်ခုနှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

    အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုထံကနေ MA-3 ခြောက်လက်၊ ကျည်ဘောက်၂၀၊ MA-5 တစ်လက်၊ ၆၀မမ တစ်လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဝက်အူလှည့်၊ ငွေသား တချို့၊ ဖုန်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ပြည်သူကို အနိုင်ကျင့် လုယက်နှိပ်စက်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဆက်လက် တိုက်ခိုက်သုတ်သင် ရှင်းလ်းမယ်လို့ ကတိသစ္စာပြုကြောင်းလည်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ တိုက်နယ်(၁) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    တချိန်တည်းမှာပဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ ပြည်သူတွေ သတိထားကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တိုက်တွန်းကြောင်း ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

    မြင်းခြံမြို့နယ် အပါအဝင် မြင်းခြံခရိုင်ထဲက မြို့၊ရွာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြီးခဲ့တဲ့ ဩဂုတ်လက စလို့ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာလည်း ဖြစ်ပါတယ်။

    မြင်းခြံနယ် တိုက်ပွဲက သိမ်းဆည်း ရရှိတ့ လက်နက်တွေ/Photo – ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့

  • နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီ

    နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီ

    အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး အပါအဝင် နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီ

    အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး အပါ အဝင် နိုင်ငံ ရေး၊ စစ်ရေး ပူးပေါင်းကူညီရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီလိုက်ကြောင်း သိရှိရသည်။

    အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ရန်အပါအဝင် နိုင်ငံရေးအရ အတူတကွ ပူးပေါင်း၍ စစ်ရေးအရ အပြန်အလှန်ကူညီ ရပ်တည်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) နှင့် လူထုတော်လှန် ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    ဩဂုတ်လ ၃၀ ရက်နေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ကာကွယ်ရေးဌာန (DoD) ဌာနမှူးနှင့် ကိုယ်စားလှယ်အဖွဲ့ တို့သည် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) မှ ဥက္ကဌ ရဲဘော်နေမွန် ဦးဆောင်သော ဗဟိုကော်မတီဝင်များ၏ ပထမအကြိမ်တွေ့ဆုံမှုကို အွန်လိုင်းမှတဆင့် လုပ်ဆောင်ခဲ့ပြီး ဘုံ သဘောတူချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “ကျနော် မွန်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနကနေ တစ်ဆင့် PRA မကွေးနဲ့ စစ်ရေး နိုင်ငံရေး နှစ်ခုလုံး ပူးပေါင်းပြီး အတူ တကွ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျနော် တို့ ဘုံသဘောတူညီချက် ၃ ချက်ထွက်လာတယ်။ စစ်ကောင်စီက လုပ်မယ့် ရွေး ကောက်ပွဲကို အတူတကွ ဆန့်ကျင်သွားမယ်။ စစ်ရေးအရရော နိုင်ငံရေးအရရော တောက်လျှောက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန် အလှန် ကူညီပြီးတော့ တိုက်ပွဲဝင်သွားကြမယ်ဆိုတဲ့ သဘောတူညီချက်ပါ။ ဒီ ၃ ချက်ပေါ်အခြေခံပြီး ရှေ့လျှောက် ဆက်လက်လုပ် ဆောင်စရာတွေ အများကြီးလည်း ရှိနေပါဦးမယ်”ဟု MSFC မှ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင် က ပြောကြားသည်။

    ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ ပြည်သူ လူထုအပေါ် နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားရန်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်သည်အထိ အတူတကွ ပူးပေါင်းတိုက် ခိုက်၍ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အတူတကွ တိုက်ပွဲဝင်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

    ဓာတ်ပုံ- မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။

  • စစ်တပ်က ဗုံးကြဲခဲ့သည့် နောင်တခီးကျေးရွာ စာသင်ကျောင်း မြင်ကွင်း

    စစ်တပ်က ဗုံးကြဲခဲ့သည့် နောင်တခီးကျေးရွာ စာသင်ကျောင်း မြင်ကွင်း

    ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ် နောင်တခီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၃ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်း ဗုံးကြဲချခဲ့တာကြောင့် ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေ ကျောင်းတက်နေတဲ့ အချိန်မှာ ကာမီကာဇယ်ဒရုန်းနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ရေးသတင်းရင်းမြစ် ဒေသခံတယောက်က “(KNU) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ နောင်တခီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းရုံးခန်းဘက်ကို ကျ​ခဲ့တာ။ ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကျောင်သားငယ် တယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီက ဗုံးကြဲချခဲ့လို့ စာသင်ကျောင်းရုံးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

  • ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်

    ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်

    ရန်ကုန်မှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးစနစ် ရှင်းပြဖို့နဲ့ အစမ်းမဲပေးဖို့ တအိမ် တယောက် ခေါ်ယူပြီး မလာတဲ့သူတွေကို ဧည့်စာရင်းထုတ်ပေးမှာ မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

    ရန်ကုန်တိုင်းက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တအိမ် တယောက် နှုန်းခေါ်ယူပြီး မဲအစမ်းထည့်ခိုင်းတာတွေကို စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလုပ် တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့ခံတယောက်က “အကုန်လုံးကိုခေါ်တာ။ ဧည့်စာရင်းတိုင်နေရတဲ့သူတွေကို မလာရင် ဧည့်စာရင်းတိုင်ရတာ ခက်မယ်လို့ ပြောတယ်။ မဲက အစမ်းထည့်ခိုင်းတာ။ ၁၈ နှစ်အထက်လူ ကုန်လာရမယ်။ မလာခဲ့ရင် မှတ်ထားတာ။ အဓိကတော့ လာတဲ့သူနည်းမှာ စိုးရိမ်လို့နေမယ်”လို့ ပြောပါတယ်။

    အဲဒီကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးရုံးဘက်က အတည်ပြုတာရှိပြီးတော့ အသက် ၁၈ နှစ် အထက်အားလုံး မလာမနေရ သတ်မှတ်ထားတာမဟုတ်ဘဲ သတ်မှတ်မဲပေးလူဦးရေ ပြည့်မီစေဖို့ လုပ်တာလို့ဆိုပါတယ်။

    ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ”အသက် ၁၈ နှစ်အထက် အကုန်လုံး မလာမနေရ သတ်မှတ်ထားတာတော့ မဟုတ်ဘူး။ ဥပမာ ရပ်ကွက်တခုမှာ လူ ၂၀၀၀ ရှိတယ်ဆိုရင် လူ ၅၀၀ လာပေးရင် မဲပေးတာ အထမြောက်တယ်။ သူတို့က အဲဒီလိုပုံစံမျိုး သတ်မှတ်တယ်။ တချို့ရပ်ကွက်တွေဆို လူမလာဘူး ပြောတယ်။ စမ်းသပ်ခိုင်းပြီး လက်မှတ်ထိုးပြီး ပြန်သွားကြတာပေါ့။ ကြံ့ခိုင်ရေးတွေတော့ ကြည့်ကြတယ်။ မဲစက်မှာ ထည့်ကြတာပေါ့။ သူတို့စက်က မမှားဘူးပေါ့ဆိုတာမျိုး။ လူတွေ မလာမှာကြောက်လို့ ဧည့်စာရင်းသမားတွေကို ဦးစားပေးလာဖို့ သတ်မှတ်တာ။ အလုပ်က ဖွင့်ရက်ဆိုတော့။ မရှိရှိတဲ့ သူကို ခေါ်ခိုင်းတာ”လို့ ပြောပါတယ်။

    အဲဒီမဲပေးစက်တွေဟာ မြို့နယ်ရုံးတွေကို ရောက်ရှိနေပြီဖြစ်ပြီး မြို့နယ်ရုံးတွေကနေတဆင့် ရပ်ကွက်တွေထဲကို သယ်လာပြီး အစမ်းမဲပေးခိုင်းနေတာလို့ ဆိုပါတယ်။

    ဒေသခံတယောက်ကလည်း “မဲပေးပြီးရင် ၃ စက္ကန့်ကြည့်လို့ရသေးတယ်။ မှားသွားတယ် ဆိုတာကို ပြောလို့ရတယ်။ ပြင်ဆင်ပေးတယ်။ နှိပ်လိုက်တာနဲ့ စာရွက်လေးက ကျလာမယ်။ အဲဒီအချိန်မှာ ၃ စက္ကန့်ရသေးတာ။ ပြီးမှ ချိပ်ပိတ်ထားတဲ့ မဲပုံးထဲ တန်းဝင်သွားမှာ။ မီးအစိမ်းလေးပြတာနဲ့ ထည့်လို့ရပြီ။ ပြီးရင် ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုပဲ မဲပုံးဖွင့်ပြီး မဲရေတွက်မှာ။ မဲမသမာမှုကတော့ မလုပ်နိုင်ပေမဲ့ ပြိုင်မှာက သူတို့ပါတီတွေပဲလေ။ အခုက လုံခြုံရေးမပေးနိုင်တဲ့နေရာကို မလုပ်ဘူး။ ဘယ်နေရာလုပ်မယ် ဆိုတာတော့ မသိရဘူး။ အခုအစမ်းလေ့ကျင့်တာကို အယောက် ၅၀ လောက် ရှိတယ်။ မနက်ဖြန် ဘေးကရပ် ကွက်ကို မဲပေးစက်ရွှေ့မယ်”လို့ ပြောပါတယ်။

    လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းလိုက်ရွေးကောက် ပွဲလုပ်ဖို့ ရည်ရွယ်ထားသလို ရွေးကောက်ပွဲလုပ်မယ့် ဒေသတွေကိုလည်း ထုတ်ပြန်ကြေညာထား ပါတယ်။

    အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက အသီးသီး ထုတ်ပြန်ထားပါတယ်။

    ✍မင်းဆက်