Category: News

  • ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဟု စစ် ခေါင်းဆောင်ပြော

    ရွေးကောက်ပွဲပြီးပါကလည်း စစ်တပ်က နိုင်ငံရေးတွင် ဆက်ပြီး ပါဝင်နေဦးမည်ဖြစ်ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဒီဇင်ဘာ ၆ ရက် ) ကပြောသည်။

    ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

    “သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

    နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှသာ စစ်တပ်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

    စစ်တပ်က ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံစရာမလိုဘဲ လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခွင့်ရနေခြင်းဖြစ်သည်။

    မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ထည့်သွင်းပြောသည်။

    ရွေးကောက်ပွဲ ပထမပိုင်းပြုလုပ်ပြီး နှစ်ပတ်ကြာချိန်တွင် ဒုတိယပိုင်းပြုလုပ်မည်ဖြစ်ကာ နောက်ထပ်နှစ်ပတ်ကြာချိန်တွင် တတိယပိုင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

    အဆိုပါ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကော်မရှင်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် စုစုပေါင်း ၅၇ ပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ထံ မှတ်ပုံပြန်မတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုမူ ဖျက်သိမ်းကြောင်း စစ်ကော်မရှင်က ကြေညာခဲ့သည်။

    အဆိုပါ စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်အတွက် ရည်ရွယ်ပြုလုပ်သည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကလည်း ပြောထားသည်။

  • နေပြည်တော် ကားတိုက်မှု အချိန်မီမကယ်ဆယ်နိုင်လို့ ၂ ဦးသေဆုံး

    နေပြည်တော် ကားတိုက်မှု အချိန်မီမကယ်ဆယ်နိုင်လို့ ၂ ဦးသေဆုံး

    နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာ​ကြောင့် သေဆုံးသွားပါတယ်။

    ဒီဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းဖြတ်သွားတဲ့ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးကျောင်းအနီးမှာ ယနေ့ ဒီဇင်ဘာလ ၇ ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။

    “မနက် ၃ နာရီလောက်က ဖြတ်သွားတော့ လမ်းဘေးမှာကားကိုတွေ့တယ်။ လူတွေ မရှိတော့ဘူးထင်တာ။ မနက်မိုးစင်စင်လင်းတော့မှ လူတွေသတိထားမိတာ။ လမ်းသွားလမ်းလာနည်းသွားတဲ့အခါကျတော့ သတိမထားမိကြတာ။ ဖြစ်ဖြစ်ချင်းလူသိခဲ့ရင် အသက်ရှင်နိုင်တယ်” လို့ ဇေယျာသီရိမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

    ကားတိုက်မှုဖြစ်စဉ်ဟာ ညသန်းခေါင်ကနေ မနက် ၃ နာရီခန့်မှာ ဖြစ်နိုင်ပြီး မနက် ၆ နာရီခန့်မှာမှ လူမှုရေးအဖွဲ့တွေနဲ့ ရဲတွေရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။

    လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့ သွားရောက်ကြည့်ရှုစဉ်မှာ ကားပေါ်ပါသူ ၂ ဦးစလုံး သေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိုးစေတနာပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။သေဆုံးသူနှစ်ဦးဟာလူလတ်ပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

    ရန်ကုန်-မန္တလေးလမ်းဟောင်းဟာ ၂၀၂၁ ရှေ့ပိုင်းကာလတွေမှာ ခရီးသွားကားတွေနဲ့ကုန်တင်ကားတွေ၊ အိမ်စီးကားတွေ ​နေ့ရောညပါသွားလာနေခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ စစ်ဆေးမှုတွေနဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် အသွားအလာနည်းသွားခဲ့တာဖြစ်ပါတယ်။

    ဒီနေ့မနက် အစောပိုင်းမှာဖြစ်ပွားတဲ့ လမ်းဘေးသစ်ပင်ကိုကားဝင်တိုက်ပြီး လူသေဆုံးမှုနဲ့ပတ်သက်ပြီး နေပြည်တော်က လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက”အချိန်မီသိရင်ကယ်နိုင်မှာပါ”လို့ ပြောပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကျဆင်းမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု​တွေနဲ့ အ​ထွေ​ထွေအကြပ်အတည်းကြုံ​နေသလို တရားဥပဒေမစိုးမိုးမရှိတာကြောင့် ခရီးသွားလုပ်ငန်းတွေလည်းရပ်တန့်နေပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ယခင်ကလို စည်ကားမှုမရှိတော့ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။

    (ယာဥ်တိုက်မှုဖြစ်ပြီး​နောက် ​မြင်ကွင်း။ဓါတ်ပုံ-မိုးစေတနာပရဟိတအသင်း)

  • မုံရွာ ချောင်းဦးနယ်က ကျီကုန်းရွာကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်

    မုံရွာ ချောင်းဦးနယ်က ကျီကုန်းရွာကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်

    ရေခဲသေတ္တာနဲ့ ဆန်၊ဆီကအစ ရွာအတွင်းက ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားနဲ့ တင်ကာ နမခထဲ သယ်ယူနေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်း(အနောက်)ရွာကို အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ပထမအဆုံးအဖြစ် စစ်အုပ်စုက စီးနင်းကာ လူသတ်၊ မီးရှို့၊ ဖောက်ထွင်း၊ လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ချောင်းဦးနယ် ခင်မွန်ရွာ ပျူစောထီးစခန်းကတဆင့် နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်း မီးရှို့တာလို့ ဆိုပါတယ်။

    စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် ရွာခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း အဖြစ် ဖမ်းဆီးထားကာ ကျေးရွာအတွင်း မီးရှို့ထားတဲ့ အိမ်ခြေလည်း ၁၅လုံးလောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နိုဝင်ဘာ ၃၀ရက်ကနေ ဒီဇင်ဘာ ၆ရက်အထိ စစ်အုပ်စုက ကျီကုန်းရွာကို ဆက်လက် စီးနင်းထားပြီး ကျေးရွာအတွင်းက နေအိမ်တွေ ဖောက်ထွင်းမီးရှို့တာ၊ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခ၊ ခင်မွန်ရွာ ပျူစခန်းနဲ့ ချောင်းဦးမြို့ပေါ် သယ်ထုတ်နေတာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    “ကျီကုန်းက နှစ်ရွာရှိတာ၊ အရှေ့ရွာနဲ့ အနောက်ရွာ။ အနောက်ရွာက မုံရွာနယ်၊ အရှေ့ရွာက ချောင်းဦးနယ်၊ …။ အရင်က အရှေ့ရွာကို မကြာခဏ ဝင်မွှေတာ ရှိပေမယ့် အနောက်ရွာက အခုမှ ပထမဆုံးပဲ”

    စစ်အုပ်စုဟာ ကျီကုန်းရွာထဲက ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီးနဲ့ သယ်ထုတ်နေတာ ဖြစ်ပြီး နေ့ရောညပါ ခိုးယူသယ်ထုတ်နေတာလို့ ဆိုပါတယ်။

    “အရှေ့ရွာရော၊ အနောက်ရွာကိုပါ ပစ္စည်းတွေ အကုန်ခိုးနေတာ။ အဲကွန်း၊ ရေခဲသေတ္တာ၊ ဆန်၊ဆီ မီးဖိုချောင်းသုံး ပစ္စည်းကအစ လိုချင်တာမှန်သမျှ အကုန် ယူပါတယ်။ နေ့ရော ညပါ သယ်ထုတ်နေကြတာ၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့” လို့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

    ကျီကုန်းရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ညပိုင်းမှာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ရှိလို့ ကျီကုန်း၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

    မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့ရာမှာ ကြံ့ဖွံ့ပါတီ ထောက်ခံတဲ့ ရွာတွေကို မကျူးလွန်ဘဲ ကွက်ချန်ထားခဲ့လေ့ ရှိလို့ မုံရွာနဲ့ ချောင်းဦးနယ်အစပ်က ကျီကုန်း (အနောက်)ရွာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း တစ်ကြိမ်မှ စီးနင်းလုယက်၊ မီးရှို့တာ မခံခဲ့ရပေမယ့် လက်ရှိမှာတော့ ပထမဆုံးအကြိမ် စီးနင်းလုယက်၊ မီးရှို့ခံရတာ ဖြစ်ပါတယ်။

    မုံရွာနဲ့ ချောင်းဦးနယ်အစပ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က ကျီကုန်းရွာကို စစ်အုပ်စု စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးထားစဉ်/Photo – ပေးပို့

  • စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်

    စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်

    ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်သား ၄ ဦး သေ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းဦး ထိခိုက်ဒဏ်ရာရကာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

    ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန် ရေးဘီလူးအဖွဲ့က အာယုတောင်ကျေးရွာရုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့ ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အာယုတောင်ကျေးရွာ ရုံးနဲ့ လင်းဦး ရှိတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်တယ်။ ဒုတိယအကြိမ်ပေါ့။ တိုက်ခိုက်တဲ့အခါမှာ သူ့အဖွဲ့က တပ်သား ၄ ဦး ကျတယ်။ လင်းဦးကတော့ သေနတ်ဒဏ်ရာ ထပ်ထိမှန်ထားတယ်။ လင်းဦးကို ဆေးရုံကို ပို့တယ်။ လင်းဦးတပ်သား ၄ ဦးကတော့ ဘန်ကာနဲ့ ရုံးထဲမှာပဲ မသာ ပေါ်သွားပြီ”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။

    အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များဒဏ်ရာများ အရှင်းမပျောက်‌သေးခင် ဒုတိယအကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

    “လင်းဦး သေ၊ မသေတော့ အတိအကျမသိသေးဘူး။ ပေါင်မှာ ထိထားတယ်လို့ကြားတယ်။ သူ့ ဒဏ်ရာကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးဆိုရင်တောင်မှ လှုပ်ရှားလို့တော့ မနိုင်တော့ဘူး။ ပထမ ထိထားတဲ့ ဒဏ်ရာတွေက အခုချိန်မပျောက်သေးဘူး နောက်ထပ်တစ်ကြိမ်ထပ်ထိတယ်ဆိုတော့ သေဖို့တော့များတယ်။ ဒီကောင်သေနတ်ဒဏ်ရာနဲ့ မသေရင်တောင်မှ ညပိုင်း ကျွန်တော်တို့အကြောင်း စဉ်းစားရင်း ကြောက်ပြီး သေမှာ”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောဆိုသည်။

  • မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ

    မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ

    စစ်ခေါင်းဆောင်ညွှန်ကြားခဲ့သော မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ

    ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာထိပ်တွင် တည်ရှိသော ကင်းဆိပ်သင်္ချိုင်းတွင် နေထိုင်ကြ သည်ဟု ယုံကြည်ရသော ပရလောကသားများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားခဲ့သည့် မီးရထားလမ်းသစ် စီမံကိန်းဧရိယာနှင့် မလွတ်သည့်အတွက် ပြောင်းရွှေ့ ခံရကြောင်း ဒေသခံများထံမှ သိရသည်။

    အဆိုပါ သင်္ချိုင်းသည် ကင်းဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ၏ အပိုင်ဖြစ်ပြီး မီးရထားလမ်းသစ် ဖောက်လုပ်မည့်နေရာနှင့် တိုက်ရိုက်ထိမိနေသောကြောင့် သတ်မှတ်နေရာသစ်သို့ ပြောင်းရွေ့ပေးရခြင်း ဖြစ်သည်။

    “သချိုင်း အကုန်ပါသလား၊ တစ်ခြမ်းပါသလား အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ ပရလောက သားတွေအတွက် အကျွတ်အလွတ်ပွဲ နဲ့ ပြောင်းရွေ့ဖို့တော့ လုပ်ဆောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ ပရလောကသားများအား လှသိန်းတန် ဆရာတော်ကြီးမှ မေတ္တာပေးသနား၍ ညပိုင်းတွင် ကျွေးမွေးဧည့်ခံခြင်းနှင့် လမ်းသွားလမ်းလာများအား နှောင့်ယှက်ခြင်း မပြုရန် စည်းတားခြင်းများ ပြုလုပ် ထားကြောင်း သိရသည်။

    ထို့ပြင် ပရလောကသားများ ကျွတ်တန်းဝင်စေရန်အတွက် ၅ ရက်တိတိ အကျွတ်အလွတ်ပွဲနှင့် အမျှ အတန်းပေးဝေခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကျွတ်တန်းမဝင်ဘဲ ကျန်ရှိသည့် ပရလောကသား များကိုလည်း သတ်မှတ်နေရာသစ်သို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    အဆိုပါ သင်္ချိုင်းကို ဖယ်ရှားရသည့် မီးရထားလမ်းသစ် စီမံကိန်းသည် တောင်ငူမြို့ရှိ ပြေငြိမ်းတံတားမှ ကျေးတောဘူတာသို့ ဆက်သွယ်မည့် မြို့ရှောင်ရထားလမ်း ဖြစ်သည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နှစ် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တောင်ငူသို့ လာရောက်စဉ် ယင်းစီမံကိန်းကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

    ပုံစာ-တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားစီးနင်းနေသော စစ်ခေါင်းဆောင်ကို ဩဂုတ်လ အတွင်းက တွေ့ရစဉ်၊ တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းကိုတွေ့ရစဉ်