နေပြည်တော် ဇေယျာသီရိမြို့နယ်မှာအိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့သူနှစ်ဦးဟာ အချိန်မီဆေးကုသခွင့်မရတာ​ကြောင့် သေဆုံးသွားပါတယ်။

ဒီဖြစ်စဉ်ဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းဖြတ်သွားတဲ့ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးကျောင်းအနီးမှာ ယနေ့ ဒီဇင်ဘာလ ၇ ရက် မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။

“မနက် ၃ နာရီလောက်က ဖြတ်သွားတော့ လမ်းဘေးမှာကားကိုတွေ့တယ်။ လူတွေ မရှိတော့ဘူးထင်တာ။ မနက်မိုးစင်စင်လင်းတော့မှ လူတွေသတိထားမိတာ။ လမ်းသွားလမ်းလာနည်းသွားတဲ့အခါကျတော့ သတိမထားမိကြတာ။ ဖြစ်ဖြစ်ချင်းလူသိခဲ့ရင် အသက်ရှင်နိုင်တယ်” လို့ ဇေယျာသီရိမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ကားတိုက်မှုဖြစ်စဉ်ဟာ ညသန်းခေါင်ကနေ မနက် ၃ နာရီခန့်မှာ ဖြစ်နိုင်ပြီး မနက် ၆ နာရီခန့်မှာမှ လူမှုရေးအဖွဲ့တွေနဲ့ ရဲတွေရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။

လူနာရှိနေတယ်လို့ဖုန်းသတင်းရလို့ သွားရောက်ကြည့်ရှုစဉ်မှာ ကားပေါ်ပါသူ ၂ ဦးစလုံး သေဆုံးနေတဲ့အတွက် ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မိုးစေတနာပရဟိတအသင်းက ထုတ်ပြန်ထားပါတယ်။သေဆုံးသူနှစ်ဦးဟာလူလတ်ပိုင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

ရန်ကုန်-မန္တလေးလမ်းဟောင်းဟာ ၂၀၂၁ ရှေ့ပိုင်းကာလတွေမှာ ခရီးသွားကားတွေနဲ့ကုန်တင်ကားတွေ၊ အိမ်စီးကားတွေ ​နေ့ရောညပါသွားလာနေခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်တပ်ရဲ့ စစ်ဆေးမှုတွေနဲ့ လုံခြုံရေး အခက်အခဲတွေကြောင့် အသွားအလာနည်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာဖြစ်ပွားတဲ့ လမ်းဘေးသစ်ပင်ကိုကားဝင်တိုက်ပြီး လူသေဆုံးမှုနဲ့ပတ်သက်ပြီး နေပြည်တော်က လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက”အချိန်မီသိရင်ကယ်နိုင်မှာပါ”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကျဆင်းမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု​တွေနဲ့ အ​ထွေ​ထွေအကြပ်အတည်းကြုံ​နေသလို တရားဥပဒေမစိုးမိုးမရှိတာကြောင့် ခရီးသွားလုပ်ငန်းတွေလည်းရပ်တန့်နေပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ယခင်ကလို စည်ကားမှုမရှိတော့ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။

(ယာဥ်တိုက်မှုဖြစ်ပြီး​နောက် ​မြင်ကွင်း။ဓါတ်ပုံ-မိုးစေတနာပရဟိတအသင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *