ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်သား ၄ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းဦး ထိခိုက်ဒဏ်ရာရကာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန် ရေးဘီလူးအဖွဲ့က အာယုတောင်ကျေးရွာရုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အာယုတောင်ကျေးရွာ ရုံးနဲ့ လင်းဦး ရှိတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်တယ်။ ဒုတိယအကြိမ်ပေါ့။ တိုက်ခိုက်တဲ့အခါမှာ သူ့အဖွဲ့က တပ်သား ၄ ဦး ကျတယ်။ လင်းဦးကတော့ သေနတ်ဒဏ်ရာ ထပ်ထိမှန်ထားတယ်။ လင်းဦးကို ဆေးရုံကို ပို့တယ်။ လင်းဦးတပ်သား ၄ ဦးကတော့ ဘန်ကာနဲ့ ရုံးထဲမှာပဲ မသာ ပေါ်သွားပြီ”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များဒဏ်ရာများ အရှင်းမပျောက်သေးခင် ဒုတိယအကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

“လင်းဦး သေ၊ မသေတော့ အတိအကျမသိသေးဘူး။ ပေါင်မှာ ထိထားတယ်လို့ကြားတယ်။ သူ့ ဒဏ်ရာကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးဆိုရင်တောင်မှ လှုပ်ရှားလို့တော့ မနိုင်တော့ဘူး။ ပထမ ထိထားတဲ့ ဒဏ်ရာတွေက အခုချိန်မပျောက်သေးဘူး နောက်ထပ်တစ်ကြိမ်ထပ်ထိတယ်ဆိုတော့ သေဖို့တော့များတယ်။ ဒီကောင်သေနတ်ဒဏ်ရာနဲ့ မသေရင်တောင်မှ ညပိုင်း ကျွန်တော်တို့အကြောင်း စဉ်းစားရင်း ကြောက်ပြီး သေမှာ”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောဆိုသည်။


Leave a Reply