Category: News

  • နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    တပ်မ(၉၉)၊ စကခ(၁၇)တို့အထိနာခဲ့တဲ့ နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်က တပ်မ(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့ အမှတ် (၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁,၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။

    မင်းဘူးမြို့အခြေစိုက်တပ်မ(၈၈) လက်အောက်ခံတပ်ရင်းတွေကို စစ်တပ်နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်နေတာဖြစ်ပါတယ်။

    “တပ်မ ၈၈ကိုပါ ပြန်သုံးလာတယ်။ ဒါကြောင့် စကခ(၁၇)နဲ့ တပ်မ(၈၈)ပေါင်းပြီးအင်အား ၁၀၀၀ ကျော်သုံးနေတယ်။ တိုက်ပွဲကတော့ တပ်ဆိုင်ထားပြီးချနေတဲ့အနေအထားဖြစ်တယ်”လို့ ဒေသခံစစ်‌ ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတာပါ။ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။

    ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလမှာ ပြန်ရဖို့ တန်ပြန်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AA နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာဂုတ်ကြီးရွာက​နေ ပြန်လည်ဆုတ်ခွာသွားပါတယ်။

    ဒါ​ပေမယ့်ဂုတ်ကြီးရွာအနီးဝန်းကျင်မှာ မြေပြင်တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေလည်း နေ့စဉ် ဗုံးကြဲနေပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အဲ့ဒီကာလမတိုင်မီက တပ်မ(၈၈)လက်အောက်ခံတပ်ရင်းတွေ နတ်ရေကန်ဗျူဟာကုန်းမှာ တပ်စွဲခဲ့ဖူးပါတယ်။

    စတင်တိုက်ခိုက်ချိန်မှာတော့ ခုခံစစ်ကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။

    ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ်တွေက တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး အထိနာနေတဲ့ စစ်တပ်က တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။

    ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AA ကဖမ်းမိခဲ့ပါတယ်။

    ဩဂုတ်လနှောင်းပိုင်းမှာ‌တော့ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၁၇ကို ပို့ပြီး ခုခံခဲ့ပြန်ပါတယ်။

    စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၇ ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    တိုက်ပွဲတွေမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီက ပဒါန်းမြို့နယ်ထဲက အမှတ် (၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို တပ်မ(၈၈) ကအရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို စစ်ကား ၂၇ စီးနဲ့ ပို့ဆောင်ခဲ့ပါတယ်။

    စစ်တပ်ကနတ်ရေကန်ဗျူဟာကိုလက်လွတ်ဆုံးရှုံးရမှာ စိုးတာ​ကြောင့်ဗျူဟာပြောင်းဖို့ ကြိုးပမ်းနေတာလို့ တော်လှန်ရေးတပ်တွေဘက်ကသုံးသပ်ခဲ့ပါတယ်။

    လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့ စစ်သားတွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

    စစ်တပ်တွေက နတ်ရေကန်ဗျူဟာနားက ပဇီရွာကို တပ်စွဲထားပြီး ဂုတ်ကြီးရွာကိုအင်အားတွေပို့ဆောင်နေပါတယ်။

    နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။

    နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။

  • ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရဲဘော်က ရွာသားကို သေနတ်ဖြင့် ပစ်ခတ်

    ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရဲဘော်က ရွာသားကို သေနတ်ဖြင့် ပစ်ခတ်

    ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရဲဘော်က ရွာသားကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများ ‌NUG ထံတိုင်ကြား

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် PDF တပ်ရင်း ( ၁ )မှ ရဲဘော် တစ်ဦးက ဝက်လက်၊ စိုင်နိုင်လေးရွာမှ ဒေသခံ ရွာသားတစ်ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။

    ဝက်လက်၊ စိုင်နိုင်လေးကျေးရွာမှ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုဖိုးအေးမှာ ဆီးခုံ ကျည်ဆံဖောက်ဝင်၍ ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု ဒေသခံများကပြောဆိုသည်။

    “ချစ်မောင်က ရွာထဲမှာ တစ်ရွာလုံး သတ်ပစ်မယ်လို့ရတယ်၊ ငါလက်ထဲမှာ ကိုင်ထားတာကိုကြည့်၊ အကုန်‌သေကုန်မယ်လို့ အော်နေချိန်၊ အသံကြားလိုက်လို့ ကိုဖိုးအေးကထွက်ကြည့်မိတာ၊ မင်းကငါ့ကိုမကျေနပ်လို့ထွက်ကြည့်တာလားဆိုပြီး ဆဲဆိုကြိမ်းမောင်းထိုးကြိတ်လုပ်တယ်။ ပြီးတော့ ဒီလောက်သေချင်တဲ့ကောင် သေစမ်းဆိုပြီး သေနတ်နဲ့ပစ်လိုက်တာ”ဟု စိုင်နိုင်လေးကျေးရွာရှိ ဒေသခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ရွှေဘိုခရိုင် PDFတပ်ရင်း (၁)မှ ရဲဘော်ချစ်မောင် ဖြစ်သည်ဟု ဒေသခံများကပြောသည်။

    ရွှေဘိုခရိုင် PDFတပ်ရင်း (၁)မှ ရဲဘော်ချစ်မောင်မှာ အရက်‌သေစာသောက်စားလာပြီး အရက်မူးလာချိန်တိုင်း စိုင်နိုင်လေးကျေးရွာအတွင်းရှိ ဒေသခံရွာသားများကို အနိုင်ကျင့်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDFတပ်ရင်း (၁)မှ ရဲဘော်ချစ်မောင်ကို အရေးယူနိုင်ရန် စိုင်နိုင်လေးကျေးရွာမှဒေသခံများက လက်မှတ်ထိုးကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံတိုင်ကြားထားသည်ဟု ဒေသခံများပြောဆိုချက်အရသိရှိရသည်။

  • လူမြင်ကွင်းမှာ လိ-င်ဆက်ဆံမှုပြုလုပ်ခဲ့တဲ့ ဒိန်းမတ် အမျိုးသားနဲ့ ထိုင်းအမျိုးသမီး

    လူမြင်ကွင်းမှာ လိ-င်ဆက်ဆံမှုပြုလုပ်ခဲ့တဲ့ ဒိန်းမတ် အမျိုးသားနဲ့ ထိုင်းအမျိုးသမီး

    ပတ္တရား ကမ်းခြေ လူမြင်ကွင်းမှာ လိ-င်ဆက်ဆံမှုပြုလုပ်ခဲ့တဲ့ ဒိန်းမတ် အမျိုးသားနဲ့ ထိုင်းအမျိုးသမီးကို ရဲတပ်ဖွဲ့ ဝင်ရောက်တားဆီး

    ပြီးခဲ့တဲ့ စနေနေ့ (ဒီဇင်ဘာ ၂၀) ညက ပတ္တရား၊ Jomtien ကမ်းခြေက ရေပေါ်တံတား ပေါ်မှာ ဒိန်းမတ် အမျိုးသားတစ်ယောက်နဲ့ ထိုင်းအမျိုးသမီးတို့ လိ-င်ဆက်ဆံနေတာကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်တားဆီးခဲ့ရပါတယ်။

    ဒီဖြစ်စဉ်ကို အသက် ၂၇ နှစ်အရွယ် Bas ဆိုတဲ့ ထိုင်းအမျိုးသားတစ်ဦးက Mueang Pattaya ရဲစခန်းကို တိုင်ကြားခဲ့တာပါ။ သူက ည ၁၀ နာရီလောက်မှာ ကမ်းခြေတစ်လျှောက် ခရုကောက်နေတုန်း ဒီမလျော်ကန်တဲ့ လုပ်ရပ်ကို သတိထားမိခဲ့တာလို့ ပြောပါတယ်။

    Bas က ရဲတွေကို ပြောပြရာမှာတော့ သူက ကမ်းစပ်တစ်လျှောက် လမ်းလျှောက်နေတာဖြစ်ပြီး အနီးအနားမှာလည်း Jomtien ကမ်းခြေရဲ့ ညနေခင်း လေညင်းခံရင်း အနားယူနေသူတွေ အများကြီးရှိနေပါတယ်။ အဲဒီအချိန်မှာပဲ အဝတ်အစားမပါတဲ့ နိုင်ငံခြားသားတစ်ယောက်က ကမ်းလွန် ရေပေါ်တံတားတစ်ခုပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ လိ-င်ဆက်ဆံနေတာကို တွေ့လိုက်ရတာပါ။ အမျိုးသမီးက အသံကျယ်ကျယ်လောင်လောင် အော်ဟစ်နေတာကြောင့် အနီးအနားက လူတွေတောင်ကြားရတယ်လို့ ဆိုပါတယ်။

    Bas ရဲ့ ပြောပြချက်အရ ဒီကိစ္စကို မြင်တွေ့ခဲ့ရတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ်းခြေလာရောက်လည်ပတ်သူ တော်တော်များများကလည်း မြင်တွေ့ခဲ့ကြပြီး တချို့ဆိုရင် ဖုန်းတွေနဲ့ ဗီဒီယိုရိုက်တာတွေတောင် ရှိခဲ့ကြပါတယ်။

    တိုင်ကြားချက်ရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့တယ်လို့ Siam Chon News က ဖော်ပြထားပါတယ်။ ရဲတွေက မီးမောင်းထိုးပြတာ၊ အသံနဲ့ သတိပေးတာတွေ လုပ်ပြီး သူတို့ရဲ့ လုပ်ရပ်ကို ရပ်တန့်ခိုင်းခဲ့ရပါတယ်။ နိုင်ငံခြားသားအမျိုးသားက ဒိန်းမတ် နိုင်ငံသားဖြစ်ပြီး အမျိုးသမီးကတော့ ထိုင်းလူမျိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

    စစ်ဆေးမေးမြန်းရာမှာတော့ ထိုင်းအမျိုးသမီးက ဒီလိုအပြုအမူမျိုးဟာ သူ့အတွက် ပုံမှန်မဟုတ်ကြောင်း ရဲတွေကို ပြောပါတယ်။ အဲဒီအချိန်တုန်းက အရက်မူးနေတာရယ်၊ ဆင်ခြင်တုံတရား နည်းပါးသွားတာရယ်ကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ အစတုန်းကတော့ ပင်လယ်ထဲမှာ အတူတူ ရေကူးနေကြရာကနေ အခြေအနေတွေက မမျှော်လင့်ဘဲ လွန်ကဲသွားခဲ့တာလို့ ရှင်းပြပါတယ်။ ဒါ့အပြင် သူက ပတ္တရားဇာတိ မဟုတ်ဘဲ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဘေးကင်းရာနေရာ ရှာဖွေရင်း ဒီမြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာခဲ့တာလို့ ရဲတွေကို ပြောပြခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က သူတို့နှစ်ဦးကို နောက်ထပ် စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ Siam Chon News ရဲ့ အဆိုအရ ရဲတွေက နှစ်ဖက်စလုံးကို အမှုမဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအစား လူမြင်ကွင်းမှာ ဒီလိုအပြုအမူမျိုး ထပ်မလုပ်ဖို့ တရားဝင် သတိပေးဆုံးမပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ လူမြင်ကွင်းမှာ မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်တာဟာ တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သလို ခရီးသွား နေရာတွေရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်ကြောင်း ရဲတပ်ဖွဲ့က သူတို့နှစ်ဦးကို သတိပေးခဲ့ပါတယ်။

    Ref : Thethaiger

  • မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရရှိ

    မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရရှိ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။

    ဒီဇင်ဘာလ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းမှု သတင်းရရှိပြီးနောက်ထိုင်း ရဲတပ်ဖွဲ့က လေဆိပ်အနီးရှိ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းကာ မြန်မာနိုင်ငံသား ၄ ဦးကို တရုတ်လုပ် ဒရုန်း ၁၀ စီးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။

    ထိုင်းရဲတပ်ဖွဲ့က သုဝဏ္ဏဘူမိလေဆိပ်မှ ၃ ကီလိုမီတာခန့်အကွာရှိ Grand BS Airport Hotel ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး အဆိုပါဟိုတယ်ခန်းအား လေဆိပ်အနီး ဒရုန်းပျံသန်းမှုကို ထိန်းချုပ်သည့် စခန်းအဖြစ် သံသယရှိသဖြင့် စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ အခန်းအတွင်းရှိ DJI တရုတ်လုပ် အမျိုးအစား ဒရုန်း ၁၀ စီးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

    ဖမ်းဆီးခံရသူများမှာ ဇေထက်အောင်၊ စနေလင်းထက်၊ ကျော်ဇင်ဟိန်း နှင့် သိန်းဇော် တို့ ဖြစ်ကြပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဖမ်းဆီးခံရသူများမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ “David” အမည်ဖြင့် အွန်လိုင်းမှတစ်ဆင့် ကြိုတင်ဘွတ်ကင်လုပ်၍ ဟိုတယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံသား ၄ ဦးမှာ အမည်မဖော်လိုသူတစ်ဦး၏ စေခိုင်းချက်အရ ထိုင်းနိုင်ငံသို့လာရောက်၍ ဒရုန်းများ လက်ခံယူရန် စေ ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါဒရုန်းများကို မြန်မာ နိုင်ငံရှိ “Kevin Zo” အမည်ရှိသူထံ ပေးပို့ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မြန်မာစစ်တပ်ထံသို့ ပြန်လည်ရောင်းချရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့ သု၀ဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းများစွာ ပျံသန်းနေမှုကို တွေ့ရှိရပြီးနောက် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) က အရေးကြီးနယ်မြေများအတွင်း ဒရုန်းကျူးကျော်မှုကို တားဆီးရန် အရေးပေါ်စီမံချက်များ ချမှတ်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၄ ဦး၏ နေထိုင်ခွင့် ဗီဇာပယ်ဖျက်လိုက်ပြီ ဖြစ်ကာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းထာ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

  • မန္တလေးမြို့ထဲမှာ စစ်တပ်က ကား ၃စီးနဲ့ ပေါ်တာဆွဲနေလို့ ဈေးဆိုင်တွေ စောပိတ်နေရ

    မန္တလေးမြို့ထဲမှာ စစ်တပ်က ကား ၃စီးနဲ့ ပေါ်တာဆွဲနေလို့ ဈေးဆိုင်တွေ စောပိတ်နေရ

    မန္တလေးမြို့၊စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ကား၃စီးနဲ့ ပေါ်တာဆွဲနေတာကြောင့် ညနေ ၅ နာရီခွဲဆို ဈေးဆိုင်တွေပါ စောပိတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မဟာအောင်မြေမြို့နယ်၊ ပျူစောထီးခေါင်းဆောင်အပါအဝင် စစ်အုပ်စုက ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီမှာ စစ်ကား ၃ စီးနဲ့ လမ်း ၉၀၊ ၃၄လမ်းပတ်ဝန်းကျင်ကို ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။

    “လမ်းပေါ်မှာ ညနေ ၆ နာရီဆို လူကိုမရှိတော့ဘူး။ ဆဲဆိုပြီး တွေ့သမျှအကုန်ဆွဲတာ။ မိန်းကလေးတော့မပါဘူ။ ယောကျာ်း လေးပဲ ခေါ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

    ဒါ့အပြင် ထွက်ကြည့်တဲ့ အမျိုးသမီးတွေကိုလည်းအဲဒီစစ်ကား တွေကဆဲဆိုသွားတယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပုသိမ်ကြီး မြို့မပျူစောထီးအုပ်စုက ကုန်းတန်းရွာက လူငယ်တွေကို ပေါ်တာဆွဲခဲ့ပြီး တဦးကို ကျပ်သိန်း ၁၅၀ နဲ့ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။

    စစ်တပ်က စစ်မှုထမ်းအပတ်စဉ်(၂၁)အတွက် ပေါ်တာဆွဲနေတာဖြစ်ပြီး ဒီနေ့လည်း စစ်ကိုင်းမြို့၊ ကျောက်ဝိုင်းအနီးမှာ အမျိုးသားအများအပြားကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    (၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်က မန္တလေးမြို့မှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူများကို နှိပ်နှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – STR/AFP)