ရွှေဘိုခရိုင် တပ်ရင်း ၁ မှ ရဲဘော်က ရွာသားကို သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများ ‌NUG ထံတိုင်ကြား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် PDF တပ်ရင်း ( ၁ )မှ ရဲဘော် တစ်ဦးက ဝက်လက်၊ စိုင်နိုင်လေးရွာမှ ဒေသခံ ရွာသားတစ်ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ဝက်လက်၊ စိုင်နိုင်လေးကျေးရွာမှ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုဖိုးအေးမှာ ဆီးခုံ ကျည်ဆံဖောက်ဝင်၍ ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု ဒေသခံများကပြောဆိုသည်။

“ချစ်မောင်က ရွာထဲမှာ တစ်ရွာလုံး သတ်ပစ်မယ်လို့ရတယ်၊ ငါလက်ထဲမှာ ကိုင်ထားတာကိုကြည့်၊ အကုန်‌သေကုန်မယ်လို့ အော်နေချိန်၊ အသံကြားလိုက်လို့ ကိုဖိုးအေးကထွက်ကြည့်မိတာ၊ မင်းကငါ့ကိုမကျေနပ်လို့ထွက်ကြည့်တာလားဆိုပြီး ဆဲဆိုကြိမ်းမောင်းထိုးကြိတ်လုပ်တယ်။ ပြီးတော့ ဒီလောက်သေချင်တဲ့ကောင် သေစမ်းဆိုပြီး သေနတ်နဲ့ပစ်လိုက်တာ”ဟု စိုင်နိုင်လေးကျေးရွာရှိ ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ရွှေဘိုခရိုင် PDFတပ်ရင်း (၁)မှ ရဲဘော်ချစ်မောင် ဖြစ်သည်ဟု ဒေသခံများကပြောသည်။

ရွှေဘိုခရိုင် PDFတပ်ရင်း (၁)မှ ရဲဘော်ချစ်မောင်မှာ အရက်‌သေစာသောက်စားလာပြီး အရက်မူးလာချိန်တိုင်း စိုင်နိုင်လေးကျေးရွာအတွင်းရှိ ဒေသခံရွာသားများကို အနိုင်ကျင့်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDFတပ်ရင်း (၁)မှ ရဲဘော်ချစ်မောင်ကို အရေးယူနိုင်ရန် စိုင်နိုင်လေးကျေးရွာမှဒေသခံများက လက်မှတ်ထိုးကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံတိုင်ကြားထားသည်ဟု ဒေသခံများပြောဆိုချက်အရသိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *