Category: News

  • လတ်တလောဖြစ်ပွားနေသည့်ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်က အကျအဆုံးများနေ

    လတ်တလောဖြစ်ပွားနေသည့်ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်က အကျအဆုံးများနေပြီး စစ်သားအလောင်းများစစ်မြေပြင်တွင် ကောက်မယူနိုင်‌လောက်အောင်ထိပြန့်ကြဲနေ

    လတ်တလောအပြင်းအထန် ဖြစ်ပွားနေသည့်တ‌ကျော့ပြန် ကျောက်ဖြူတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က အကျအဆုံး အလွန်များနေပြီး ရုပ်အလောင်းများမှာ စစ်မြေပြင်တွင်ကောက်မယူနိုင်‌ လောက်အောင်ထိ ပြန့်ကြဲနေကြောင်း စစ်မြေပြင်သတင်းများအရသိရသည်။

    ၎င်းအလောင်းများကိုကျောက်ဖြူမြို့နယ် မင်ခုံးတိုင်၊ရေနံတောင်ဝန်းကျင်၊ သိုင်းချောင်းရွာဝန်းကျင်၊သိုင်ချောင်းနှင့်ဇိုင်ချောင်းကြား ဝန်းကျင်တို့တွင် အပုံပုံပြန့်ကြဲလျက်ရှိကြောင် စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ” နှစ်ဖက်တိုက်ပွဲကလည်းအပြင်းအထန်ဖြစ်နေတယ်။ စစ်တပ်စစ်ကြောင်းတွေက ထွက်မရောက်တော့ ဒရုန်း၊ဂျက်၊နေဗီ၊ဒုံးကျည်၊ လက်နက်ကြီးတွေနဲ့ပစ်ကူတယ်။ AA ကလည်း အထွက်မပေးဘူး။ ဟိုဖက်ဒီဖက်နှစ်ဖက်လုံးထွက်မရအောင် ညှပ်ပြီးတိုက်တယ်။ စစ်သား အလောင်းတွေပုံနေတယ်။ကောက်ယူမနိုင်တဲ့အထိပြန့်ကြဲနေတယ်။ အပုပ်နံ့တွေထနေတယ်။ အလောင်းတွေ အစုံအပြုံလိုက်ဘဲ ” ဟု ပြောသည်။

    အာရက္ခတပ်တော်ကကျောက်ဖြူတိုက်ပွဲကိုယခုရက်ပိုင်းအတွင်း စစ်ရှိန်မြင့်ပြီး တိုက်ခိုက်နေသဖြင့် စစ်ဦးကျွံလာသည့် သိုင်းချောင်း၊ မင်းပြင်ရှိ စစ်ကြောင်းများသာမ စစ်ကူလာသည့် စစ်ကြောင်းများမှာလည်းအထိနာကာ ဒဏ်ရာရသူများကို ဆွဲထုတ်၍မရနိုင်အောင် တိုက်ပွဲပြင်းလျက်ရှိသည်ဟု၎င်းက ပြောသည်။

    “စစ်ကူလာတဲ့စစ်ကြောင်းတွေလည်း AA ဆီမှာကြားဖြတ်တိုက်ခံနေရတယ်။ AA က စစ်ပရိယာယ်အရ နောက်ဆုတ်ပေးတာကို အနိုင်ရတယ်ထင်ပြီး တက်လာတော့ အခု ဝိုင်းဝန်း ချေမှုန်းခံရတော့ စစ်တပ်က အရမ်းအသေအဆုံးများနေတယ်။ အရင်သေတာတွေထက် အခုသေတာတွေအများကြီးပဲ။ တိုက်ပွဲတွေကလည်းအခုထိပြင်းတုန်းပါဘဲ” ဟု ပြောသည်။

    လက်ရှိတွင် မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းရှိသည့်တောင်နှင့် သိုင်းချောင်းဆည်‌တောင်ပေါ်တွင်တိုက်ပွဲဖြစ်ပွားနေပြီး AA က လက်နက်ကြီးများဖြင့်ပြန်လည်တုံ့ပြန် ပစ်ခတ်လျက်ရှိသည်ဟု ဆိုသည်။

    “တောင်ထက်က စကမ တပ်သားတွေ အောက်ကိုမဆင်းရဲဘူး။ ဆင်းရင် AA ဆီမှာ အဆော်ခံရမှာကိုကြောက်လို့ လက်နက်ကြီးပဲ တရစပ်ပစ်နေတယ်။ အေအေ တက်လာမှာကြောက်လို့။ အခု အေအေကလည်း လက်နက်ကြီးနဲ့ ပြန်ဆော်တယ်”ဟု ပြောသည်။

    လက်ရှိ တိုက်ပွဲမှာလည်း မင်းပြင်အနီးအနားဝန်းကျင် သိုင်းချောင်းဖက်တို့တွင် တိုက်ပွဲဆက်လက်ပြင်းနေလျက်ရှိပြီး ယမန်နေ့ ညကနေ ယနေ့ နံနက်အထိ လက်နက်ပစ်ခတ်သံများကို မြို့ပေါ်ကကြားနေရကြောင်း မြို့ခံများက ပြောသည်။

    ဒီဇင်ဘာလ၃ ရက်နေ့ နံနက် ၉ နာရီကျော်ကလည်းအချိန် လိပ်ပြင်ဒွိန်ကျေးရွာအနီးစပါးခင်းတွင် စပါးရိတ်သိမ်းနေစဥ် စစ်အုပ်စုက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍စပါးရိတ်သိမ်းနေသည့် စစ်ရှောင်သားမိနှစ်ဦးသေဆုံးခဲ့ရသည်။

  • NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံ

    NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံ

    ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

    ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဩစ တြေးလျ အထက်လွှတ်တော်အမတ် DEAN SMITH က တရားဝင် သတင်းထုတ်ပြန်သည်။

    ဩစတြေးလျအထက်လွှတ်တော်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများ၊ စစ်တပ်၏ ရွေးကောက်ပွဲများ၏ အခြေအနေနှင့် အရပ်သား ဒီမိုကရေစီ အစိုးရစနစ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အတားအဆီးများ စသည့်အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စုံစမ်းရေးအဖွဲ့ကို အထက်လွှတ်တော်အမတ် DEAN SMITH က ဦးဆောင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အစီ ရင်ခံစာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်သို့ အစီရင်ခံ တင်သွင်းဖြစ်ကြောင်း သိရှိရသည်။

    မြန်မာ့အရေး စုံစမ်းစစ်ဆေးမှုရာတွင် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် စိစစ်ဖြတ်တော်မှုကို လုပ် ဆောင်နေသူများကို ပစ်မှတ်ထားအရေးယူဒဏ်ခတ်နိုင်ရန်၊ စစ်တပ်နှင့် ဆက်စပ်နေသော နိုင်ငံပိုင်ဘဏ်များအပေါ် ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ရန်၊ စစ်တပ်ထံသို့ ဖြတ်သန်းခြင်းမပြုဘဲ ယုံကြည်စိတ်ချရသည့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တိုးမြှင့်ပေးအပ်ရေးတို့ အပါအဝင် အစီအမံများကို ထည့်သွင်းစဉ်စားမည်ဖြစ်​ကြောင်း သိရှိရသည်။

    ဩစတြေးလျနိုင်ငံအနေဖြင့် မြန်မာ့ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ၊ ဒီမိုကရေစီအတွက် လုပ်ဆောင်နေသော ဖက်ဒရယ်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို မည်သို့ ပံ့ပိုးကူညီနိုင်မည်ကို ဆန်းစစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အွန်လိုင်း လိမ်လည်မှုများ (cyber-enabled scam) နှင့် ဩစတြေးလျ အိမ်ထောင်စုများကို ထိ ခိုက်စေသော လူကုန်ကူးမှုကွန်ရက်များကို တန်ပြန်ရေးအတွက်လည်း ဆန်းစစ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

    လွှတ်တော် စုံစမ်းရေးအဖွဲ့က အစီရင်ခံစာတင်သွင်းမည့် နောက်ဆုံးရက်မတိုင်မီ တင်သွင်းလွှာများကို လက်ခံရယူကာ လူထုကြားနာပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

    “အထက်လွှတ်တော် စုံစမ်းစစ်ဆေးမှုက မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပွင့်ပွင့် လင်းလင်းဖော်ပြနိုင်မှာ ဖြစ်ပြီး ဩစတြေးလျရဲ့ တုံ့ပြန်မှုဟာ အခြေအမြစ် ခိုင်မာပြီး ဟန်ဆောင်မှုမရှိစေဖို့ သေချာစေမှာဖြစ်ပါတယ်” ဟု အထက်လွှတ်တော်အမတ် DEAN SMITH က ပြောဆိုသည်။

    အလားတူ အခြားတစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံရောက်ရှိနေပြီး ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီများမှ လွှတ်တော်အမတ်များ တွေ့ဆုံလျက်ရှိကြောင်း NUG က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာ ၁ ရက်နေ့နှင့် ဒီဇင်ဘာလ ၂ရက်နေ့တို့တွင် ဂျပန်နိုင်ငံမှ လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ ခုနှင့် ဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

    ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သည့် Democratic Party for the People မှ Mr. Fukasaku Hesusu ၊ Mr. Kiichiro Hatoyama၊ Mrs. Tamura Mami တို့နှင့် တွေ့ဆုံချိန် မြန်မာ့အရေးအတွက် ဂျပန် လွှတ်တော်အတွင်း တင်ပြနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပိုမိုပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံရေးပါတီဖြစ်သော Komeito ပါတီမှ အထက်လွှတ်တော်အမတ် Mr. Taniai Masaaki ၊ကွန်မြူနစ်ပါတီ အထက်လွှတ်တော်အမတ် Mr. Yamazoe Taku ၊ Social Democratic Party ၏ ဥက္ကဋ္ဌ Ms. Mizuho Fukushima အပါအဝင် ပါတီတာဝန်ရှိများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

  • ပခုက္ကူမှာ တပ်မ(၉၉)စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

    ပခုက္ကူမှာ တပ်မ(၉၉)စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

    ဖမ်းဆီးလာတဲ့ ပြည်သူ ၂ ဦး ကယ်တင်နိုင်

    မကွေးတိုင်း၊ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်တဲ့ မိတ္ထီလအခြေစိုက် တပ်မ(၉၉) စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူနှစ်ဦးကို ကယ်ထုတ်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု က ထုတ်ပြန်ပါတယ်။

    မနေ့က(ဒီဇင်ဘာ ၄ ရက်)မှာ တပ်မ(၉၉) လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၄၁၇)(၄၁၈)နဲ့ (၄၁၉)တပ်ရင်းက စစ်ကြောင်းကို ပခုက္ကူမြို့နယ် ကန်တော် ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

    “ဒီနေ့သေတဲ့အထဲ အ‌တည်ပြုနိုင်တာတော့ တစ်ယောက်ထဲပဲ ။ အတည်မပြုနိုင်တဲ့ စာရင်းတွေလည်း ရှိပါမယ်”လို့ ကမ္မ ဒေသ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။

    စစ်တပ်စစ်ကြောင်းကို ပခုက္ကူမြို့နယ်အတွင်း ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲလေးကြိမ် ရှိခဲ့တယ်လို့ အသိပေးပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ကမ္မမြို့ခံ အမှတ် (၃)ရပ်ကွက်က ပြည်သူနှစ်ဦးကို ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာအနီးမှာ စစ်အုပ်စုယာဉ်တစီးကို မိုင်းဆွဲတိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့တာလို့လည်း သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ပြီး ကားပေါ်မှာ ဖမ်းဆီးခံထားတဲ့ ပြည်သူနှစ်ဦး လွတ်မြောက်ခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေကို MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဒေသတွင်းတပ်ပေါင်းစုတွေ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်းနဲ့ ပခုက္ကူခရိုင်စစ်ကြောင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ လည်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လက်ရှိမှာ တပ်မ(၉၉)စစ်ကြောင်းကို ပခုက္ကူမြို့ဘက်ကို သွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

    အဲဒီစစ်ကြောင်းဟာ ပေါက်မြို့နယ်မှာလည်း နိုဝင်ဘာက တိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူတွေ အပြင် တော်လှန်ရေးအင်အားစုတွေဆီကို ဘက် ပြောင်းခိုလှုံတာနဲ့ အရှင်ဖမ်းမိတာတွေလည်း ရှိခဲ့ပါတယ်။

    စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ ရည်ရွယ်ချက်က မြိုင်နဲ့ ပေါက်မြို့နယ်တွေကို ရွေးကောက်ပွဲလုပ်နိုင်အောင် နယ်မြေအသာစီးရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုက သုံးသပ်ထားပါတယ်။

    (မိုင်းဆွဲတိုက်ခိုက်မှု​ကြောင့်စစ်သား​တွေစီးလာတဲ့ကားရပ်ခဲ့ပြီးထွက်​ပြေးစဥ်/ စစ်သား​တွေစီးလာတဲ့ကား​ပေါ်ကသိမ်းဆည်းရရှိတဲ့ခဲယမ်းနဲ့ဆက်စပ်ပစ္စည်း​တွေများ)

  • လေယာဉ်ပျံ ဆိုက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်

    လေယာဉ်ပျံ ဆိုက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်

    ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ လေယာဉ်ပျံ ဆိုက်ရောက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ်

    ညဖက် မာရှယ်လော ထုတ်ထားဆဲ ဖြစ်တဲ့အပြင် တချို့မြို့နယ်တွေဆို ညဖက် သွားလာတာတွေ ခွင့်မပြု ဖြစ်နေကြဆဲ ဆိုတဲ့ စာတစောင်ပါ။

    ကလပ်တွေကတော့ တညလုံး မိုးအလင်းဖွင့်သလို ကြိုက် တဲ့ အချိန် ကြိုက်သလို ဒိုးလို့ ရတယ်။

    လူကောင်းတွေ ကြောက်ရတဲ့ ခေတ်ဆိုတာ ဒါမျိုးကို ဆိုလိုတာ။

    ထူးထူး ခြားခြား သမိုင်းမှတ်တမ်း စာရွက်မို့ မျှဝေပေးလိုက်ပါတယ်။

    Credit

  • မန္တလေးစျေးချိုတော် ဆန္ဒပြပြီးနောက် စစ်အုပ်စုက စျေးသည်တွေကို ရန်ပြု၊ စျေးဆိုင်တွေ ဖျက်ဆီး

    မန္တလေးစျေးချိုတော် ဆန္ဒပြပြီးနောက် စစ်အုပ်စုက စျေးသည်တွေကို ရန်ပြု၊ စျေးဆိုင်တွေ ဖျက်ဆီး

    အင်အား ၂၀၀ ကျော်နဲ့ စျေးဆိုင် ၅၀ ကို ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေ အောင်ပွဲခံ သတင်းဖြန့်

    မန္တလေးမြို့ စျေးချိုတော်အနီးမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေက ဖက်ဆစ်တပ် အမြတ်ဖြတ်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့တဲ့ နေရာကို စီးနင်းကာ စျေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးသွားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    ဒီဇင်ဘာ ၄ရက် မနေ့က ညပိုင်းက စတင်ကာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက လက်နက်အားကိုးနဲ့ မန္တလးစျေးချိုတော် အနီးတဝိုက်ကို စီးနင်းကာ စျေးဆိုင်တွေကို ညလုံးပေါက် ဖျက်ဆီးတာလို့ ဆိုပါတယ်။

    ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက စျေးချိုတော်အနီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ သပိတ်အဖွဲ့တွေက ဒီဇင်ဘာ ၄ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပြီးနောက် စစ်အုပ်စုက ညပိုင်းမှာ စျေးဆိုင်တွေ ဖျက်ဆီး၊ စျေးသည်တွေကို ရန်ပြုသောင်းကျန်းသွားတာလို့ ဆိုပါတယ်။

    “ညက (စျေးချိုတော်ဧရိယာ) ၂၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်း ဈေးဘက်တွေ ခွေးတွေ ၀င်မွှေသွားတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

    မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဦးဆောင်ကာ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးနဲ့ အပြာယူနီဖောင်းဝတ်တွေက စျေးသည်တွေကို ဆဲဆိုရန်ပြုပြီး စျေးဆိုင်တွေကို ဖျက်ဆီးတာလို့ ဆိုပါတယ်။

    “ညဘက်ကြီး၊ နေ့ဘက် လူမြင်မှာစိုးလို့နေမှာ သူတို့သောင်းကြမ်းတာကို” လို့ မြို့ခံတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

    ဒေါက်တာတေဇာဆန်း လာရောက်ဆန္ဒပြတဲ့အတွက် အဲ့ဒီ လမ်းဘေးက စျေးဆိုင်တွေကို သွားရောက်ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

    ဒီဇင်ဘာ ၄ရက် မနေ့က ည၁၀နာရီမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄လမ်းနဲ့ ၈၅ လမ်းကြားရှိ ပျံကျဈေးကို အာဏာသိမ်းစစ်အုပ်စုရဲ့ မြိုနယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြိုနယ်ရဲတပ်ဖွဲမှူး၊ မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနဲ့သားသတ်ဌာနမှူး၊ မြိုနယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်ရဲတပ်ဖွဲ့၊ မြိုနယ်ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး (အပြာဝတ် လက်နက်ကိုင်)၊ စုစုပေါင်း အင်အား ၂၃၅ ယောက်နဲ့ Dump Truck သုံးစီး၊ Wheel Loader တစ်စီးနဲ့ သွားရာက်ကာ အသီးအနှံ၊ သစ်သီးမျိုးစုံ ရောင်းချတဲ့ ဈေးဆိုင် ၅၀ခန့်ကို ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၅ရက် ဒီကနေ့ မနက် ၄နာရီခွဲမှာ ဖျက်ဆီးတဲ့ လုပ်ငန်းတွေ အပြီးသတ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    စစ်အုပ်စုဟာ စျေးဆိုင်တွေ ဖျက်ဆီးပြီးနောက် အဲ့ဒီ ဆန္ဒပြသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ စျေးချိုတော် အနီးတဝိုက်ကို ဒီကနေ့ မနက်ပိုင်းအထိ လမ်းတွေ ပိတ်ဆို့ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဖက်ဆစ်တပ် အမြတ်ဖြတ်ရေးနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ရန်ကုန် သပိတ်ခေါင်းဆောင် ကိုနန်းလင်းနဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ကာ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    မန္တလေးမြို့လယ်အထိ သွားရောက်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေ အားလုံး လက်ရှိမှာ အန္တရာယ် ကင်းကင်းနဲ့ မူလနေရာတွေဆီ ပြန်လည် ရောက်ရှိနေကြပြီလို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

    အဲ့ဒီလို မန္တလေးမြို့လယ် ဆန္ဒပြသပိတ်ပြုလုပ်ခံရပြီးနောက် မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက ဖမ်းမိတဲ့သူတွေကို သတ်ဖြတ်ပြမယ်လို့ အော်ဟစ်ဆဲဆို ခြိမ်းခြောက်ခဲ့သလို လက်ရှိမှာ ဆန္ဒပြတဲ့နေရာအနီးက စျေးသည်တွေနဲ့ စျေးဆိုင်တွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ရန်ပြု ဖျက်ဆီးနေတာ ဖြစ်ပါတယ်။