ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဩစ တြေးလျ အထက်လွှတ်တော်အမတ် DEAN SMITH က တရားဝင် သတင်းထုတ်ပြန်သည်။
ဩစတြေးလျအထက်လွှတ်တော်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများ၊ စစ်တပ်၏ ရွေးကောက်ပွဲများ၏ အခြေအနေနှင့် အရပ်သား ဒီမိုကရေစီ အစိုးရစနစ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အတားအဆီးများ စသည့်အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စုံစမ်းရေးအဖွဲ့ကို အထက်လွှတ်တော်အမတ် DEAN SMITH က ဦးဆောင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အစီ ရင်ခံစာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်သို့ အစီရင်ခံ တင်သွင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့အရေး စုံစမ်းစစ်ဆေးမှုရာတွင် စစ်တပ်၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် စိစစ်ဖြတ်တော်မှုကို လုပ် ဆောင်နေသူများကို ပစ်မှတ်ထားအရေးယူဒဏ်ခတ်နိုင်ရန်၊ စစ်တပ်နှင့် ဆက်စပ်နေသော နိုင်ငံပိုင်ဘဏ်များအပေါ် ပိုမိုတင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ရန်၊ စစ်တပ်ထံသို့ ဖြတ်သန်းခြင်းမပြုဘဲ ယုံကြည်စိတ်ချရသည့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တိုးမြှင့်ပေးအပ်ရေးတို့ အပါအဝင် အစီအမံများကို ထည့်သွင်းစဉ်စားမည်ဖြစ်ကြောင်း သိရှိရသည်။
ဩစတြေးလျနိုင်ငံအနေဖြင့် မြန်မာ့ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ၊ ဒီမိုကရေစီအတွက် လုပ်ဆောင်နေသော ဖက်ဒရယ်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို မည်သို့ ပံ့ပိုးကူညီနိုင်မည်ကို ဆန်းစစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အွန်လိုင်း လိမ်လည်မှုများ (cyber-enabled scam) နှင့် ဩစတြေးလျ အိမ်ထောင်စုများကို ထိ ခိုက်စေသော လူကုန်ကူးမှုကွန်ရက်များကို တန်ပြန်ရေးအတွက်လည်း ဆန်းစစ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

လွှတ်တော် စုံစမ်းရေးအဖွဲ့က အစီရင်ခံစာတင်သွင်းမည့် နောက်ဆုံးရက်မတိုင်မီ တင်သွင်းလွှာများကို လက်ခံရယူကာ လူထုကြားနာပွဲများကိုလည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“အထက်လွှတ်တော် စုံစမ်းစစ်ဆေးမှုက မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပွင့်ပွင့် လင်းလင်းဖော်ပြနိုင်မှာ ဖြစ်ပြီး ဩစတြေးလျရဲ့ တုံ့ပြန်မှုဟာ အခြေအမြစ် ခိုင်မာပြီး ဟန်ဆောင်မှုမရှိစေဖို့ သေချာစေမှာဖြစ်ပါတယ်” ဟု အထက်လွှတ်တော်အမတ် DEAN SMITH က ပြောဆိုသည်။
အလားတူ အခြားတစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံရောက်ရှိနေပြီး ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီများမှ လွှတ်တော်အမတ်များ တွေ့ဆုံလျက်ရှိကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ ရက်နေ့နှင့် ဒီဇင်ဘာလ ၂ရက်နေ့တို့တွင် ဂျပန်နိုင်ငံမှ လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ ခုနှင့် ဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သည့် Democratic Party for the People မှ Mr. Fukasaku Hesusu ၊ Mr. Kiichiro Hatoyama၊ Mrs. Tamura Mami တို့နှင့် တွေ့ဆုံချိန် မြန်မာ့အရေးအတွက် ဂျပန် လွှတ်တော်အတွင်း တင်ပြနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပိုမိုပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံရေးပါတီဖြစ်သော Komeito ပါတီမှ အထက်လွှတ်တော်အမတ် Mr. Taniai Masaaki ၊ကွန်မြူနစ်ပါတီ အထက်လွှတ်တော်အမတ် Mr. Yamazoe Taku ၊ Social Democratic Party ၏ ဥက္ကဋ္ဌ Ms. Mizuho Fukushima အပါအဝင် ပါတီတာဝန်ရှိများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


Leave a Reply