အင်အား ၂၀၀ ကျော်နဲ့ စျေးဆိုင် ၅၀ ကို ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေ အောင်ပွဲခံ သတင်းဖြန့်

မန္တလေးမြို့ စျေးချိုတော်အနီးမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေက ဖက်ဆစ်တပ် အမြတ်ဖြတ်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့တဲ့ နေရာကို စီးနင်းကာ စျေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးသွားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဒီဇင်ဘာ ၄ရက် မနေ့က ညပိုင်းက စတင်ကာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက လက်နက်အားကိုးနဲ့ မန္တလးစျေးချိုတော် အနီးတဝိုက်ကို စီးနင်းကာ စျေးဆိုင်တွေကို ညလုံးပေါက် ဖျက်ဆီးတာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက စျေးချိုတော်အနီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ သပိတ်အဖွဲ့တွေက ဒီဇင်ဘာ ၄ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပြီးနောက် စစ်အုပ်စုက ညပိုင်းမှာ စျေးဆိုင်တွေ ဖျက်ဆီး၊ စျေးသည်တွေကို ရန်ပြုသောင်းကျန်းသွားတာလို့ ဆိုပါတယ်။

“ညက (စျေးချိုတော်ဧရိယာ) ၂၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်း ဈေးဘက်တွေ ခွေးတွေ ၀င်မွှေသွားတယ်” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဦးဆောင်ကာ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးနဲ့ အပြာယူနီဖောင်းဝတ်တွေက စျေးသည်တွေကို ဆဲဆိုရန်ပြုပြီး စျေးဆိုင်တွေကို ဖျက်ဆီးတာလို့ ဆိုပါတယ်။

“ညဘက်ကြီး၊ နေ့ဘက် လူမြင်မှာစိုးလို့နေမှာ သူတို့သောင်းကြမ်းတာကို” လို့ မြို့ခံတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

ဒေါက်တာတေဇာဆန်း လာရောက်ဆန္ဒပြတဲ့အတွက် အဲ့ဒီ လမ်းဘေးက စျေးဆိုင်တွေကို သွားရောက်ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ဒီဇင်ဘာ ၄ရက် မနေ့က ည၁၀နာရီမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄လမ်းနဲ့ ၈၅ လမ်းကြားရှိ ပျံကျဈေးကို အာဏာသိမ်းစစ်အုပ်စုရဲ့ မြိုနယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြိုနယ်ရဲတပ်ဖွဲမှူး၊ မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနဲ့သားသတ်ဌာနမှူး၊ မြိုနယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်ရဲတပ်ဖွဲ့၊ မြိုနယ်ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး (အပြာဝတ် လက်နက်ကိုင်)၊ စုစုပေါင်း အင်အား ၂၃၅ ယောက်နဲ့ Dump Truck သုံးစီး၊ Wheel Loader တစ်စီးနဲ့ သွားရာက်ကာ အသီးအနှံ၊ သစ်သီးမျိုးစုံ ရောင်းချတဲ့ ဈေးဆိုင် ၅၀ခန့်ကို ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၅ရက် ဒီကနေ့ မနက် ၄နာရီခွဲမှာ ဖျက်ဆီးတဲ့ လုပ်ငန်းတွေ အပြီးသတ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စုဟာ စျေးဆိုင်တွေ ဖျက်ဆီးပြီးနောက် အဲ့ဒီ ဆန္ဒပြသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ စျေးချိုတော် အနီးတဝိုက်ကို ဒီကနေ့ မနက်ပိုင်းအထိ လမ်းတွေ ပိတ်ဆို့ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖက်ဆစ်တပ် အမြတ်ဖြတ်ရေးနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ ရန်ကုန် သပိတ်ခေါင်းဆောင် ကိုနန်းလင်းနဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ကာ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့လယ်အထိ သွားရောက်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေ အားလုံး လက်ရှိမှာ အန္တရာယ် ကင်းကင်းနဲ့ မူလနေရာတွေဆီ ပြန်လည် ရောက်ရှိနေကြပြီလို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို မန္တလေးမြို့လယ် ဆန္ဒပြသပိတ်ပြုလုပ်ခံရပြီးနောက် မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက ဖမ်းမိတဲ့သူတွေကို သတ်ဖြတ်ပြမယ်လို့ အော်ဟစ်ဆဲဆို ခြိမ်းခြောက်ခဲ့သလို လက်ရှိမှာ ဆန္ဒပြတဲ့နေရာအနီးက စျေးသည်တွေနဲ့ စျေးဆိုင်တွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ရန်ပြု ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *