Category: News

  • မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

    မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

    ဗန်းမော်တွင် စစ်ရှုံးနိမ့်မှုများကြောင့် မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်ကြောင့် စစ်ကော်မရှင် တပ်များ အရေးနိမ့်နေပြီး တပ်စခန်းများ ဆက်တိုက်လက်လွှတ်နေရသည့်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင်ရှိ အရေးပါသော ထောက်ပို့တပ် (ထပရ – ၉၃၃) ၏ ခြေကုတ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များ တပ်ဆုတ် ထွက်ပြေးရမှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယခုအခါ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ထပရ-၉၃၃ နှင့် စစ်လက်နက်ပစ္စည်းတပ် စစန-၆၄၁ စခန်းများကို KIA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

    စစ်ဘက်သတင်းရင်းမြစ်များ၏ အဆိုအရ ဗန်းမော်စစ်ရေး ရှုံးနိမ့်မှုများအတွက် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းတွင် တာဝန်ရှိသည်ဟုဆိုကာ နေပြည်တော်သို့ ခေါ်ယူပြီး ပြင်းထန်စွာ ကြိမ်းမောင်းစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

    အဆိုပါအခြေအနေနှင့်ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က “ဗန်းမော်တိုက်ပွဲရလဒ်များကြောင့် မပခ ဒုတိုင်းမှူး နေပြည်တော်သို့ ဆန်ပြုတ်သောက်ရန် ရောက်ရှိနေပြီ” ဟုဆိုသည်။

    လက်ရှိတွင် ဗန်းမော်မြို့အတွင်းရှိ စစ်ကော်မရှင်၏ စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၁၁၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ခလရ-၄၇ တပ်ရင်းများသည် KIA ၏ ထိုးစစ်ကို ရင်ဆိုင်နေရသည်။

    စစ်ကော်မရှင်သည် KIA ၏ ထိုးစစ်အရှိန်ကို ရပ်တန့်နိုင်ရန် အတွက် Yak-130 တိုက်လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုကာ လေကြောင်းပစ်ကူဖြင့်သာ ခုခံနေရပြီး မြေပြင်ထောက်ပို့လမ်းကြောင်း များအားလုံး KIA ဘက်က ဖြတ်တောက်ထားကြောင်း သိရသည်။

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ နှင့် တပ်မ (၈၈) တို့မှ တပ်မမှူး နှစ်ဦးအပြင် နည်းဗျူဟာမှူး ခြောက်ဦးအထိ အင်အားသုံး ကွပ်ကဲနေသော်လည်း မြေပြင် စစ်ရေးအရ KIA က အသာစီးရယူထားကြောင်း သိရသည်။

    ပုံစာ-မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း

  • ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

    ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

    ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

    ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ ထိုထောင်ဒဏ်တွင် ထိုင်းထောင်အတွင်း တစ်နှစ်သာ နေရပြီးနောက် ရုရှားသို့ ပြန်ပို့ပြီး ထိုင်းနိုင်ငံသို့ နောက်တစ်ကြိမ် ၉၉ နှစ်ကြာ ဝင်ခွင့်ပိတ်သည့် ပြစ်ဒဏ် ချထားကြောင်း သိရသည်။

    အသက် ၂၃ နှစ်သာရှိသေးသော ဂျော်ဂျီယာသည် ဘားဆိုင်မှ ၄၂ နှစ်အရွယ် ထိုင်းအမျိုးသမီးအား စတာလင်ပေါင် ၂၃ ပေါင်နှင့် ညီမျှသည့် ဘတ် ၁၀၀၀ ပေးကာ ဗီဒီယိုကို ၎င်း၏ အင်စတာဂရမ်၊ ယူကျုချန်နယ်များ တွင် တင်မည်ဟု စည်းရုံးကာ လမ်းပေါ် လူမြင်မကောင်းအောင် လိင်ဆက်ဆံနေသည်ကို နောက်ကားတစ်စီးဖြင့် ကပ်လိုက်ကာ ဗီဒီယိုရိုက်ခဲ့ခြင်း ဖြစ်သည်။

    ထိုဖြစ်စဉ်အား ရပ်ကွက်နေသူများက ဒေါသပေါက်ကွဲပြီး တိုင်ကြားခြင်းကြောင့် ရဲတပ်ဖွဲ့က ချက်ချင်း လိုက်ဖမ်းရာ သု၀ဏ္ဏဘူမိလေဆိပ်မှ ထွက်ပြေးရန် စီစဉ်နေသည့် ဂျော်ဂျီယာကို ယင်းနေ့မှာပင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ၎င်းကို ကွန်ပျူတာအက်ဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ထားရာတွင် ထိုင်းထောင်အတွင်း တစ်နှစ်နေစေပြီးမှ ရုရှားပြန်ပို့ကာ ထိုင်းသို့ တစ်သက်တစ်ကျွန်း ပြန်မဝင်စေရန် အမိန့်ချထားသည်ဟု သတင်းများ ပေါ်ထွက်လာသည်။

    ထိုအမှုတွင် ကင်မရာမင်းကိုလည်း ထောင်ဒဏ်တစ်နှစ်နှင့် ပြည်နှင်ဒဏ်ပေးသလို ရိုက်ကူးခံသည့် ထိုင်းအမျိုးသမီးကိုလည်း ထောင်ဒဏ် ၁၀ လချမှတ်ခဲ့သည်ဟု သိရသည်။

    ထိုအမျိုးသမီးက ဂျော်ဂျီယာ၏ ကမ်းလှမ်းမှုကို ကနဦး ငြင်းဆန်သော်လည်း ကြောက်စရာကောင်းသူဖြစ်ပြီး အမျိုးသမီးများအား အရှက်ခွဲခြင်း၊ ညစ်ညမ်းဗီဒီယိုများ ရိုက်ခြင်းနှင့် ဖိအားပေး ခြိမ်းခြောက်သဖြင့်သာ ဘတ် ၁၀၀၀ တည်းဖြင့် ရိုက်ကူးရန် သဘောတူပေးခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။

    သို့ရာတွင် သေချာကြည့်လျှင် မိမိသည် အတွင်းခံဝတ်ထားပြီး ဗီဒီယိုတွင် လိင်ဆက်ဆံနေသယောင် ဟန်ဆောင် ရိုက်ကူးခြင်းသာဖြစ်ကာ တကယ်တမ်း လိင်ဆက်ဆံခြင်း မပြုခဲ့ဟု ဂျော်ဂျီယာကမူ ငြင်းဆိုထားသည်။

    ကိုကလင်း

    Ref: Thesun

  • အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်လာချိန် အီရန် ခံစစ်ပြင်

    အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်လာချိန် အီရန် ခံစစ်ပြင်

    အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်း ဦးဆောင်တဲ့ သင်္ဘောအုပ်စုဟာ အီရန်ကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရောက်ရှိလာပါပြီ။

    အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက တိုက်ခိုက်မှုလိုမျိုး နျူကလီးယား စက်ရုံတွေကို ပစ်မှတ်ထားမှာမဟုတ်ဘဲ အီရန်အစိုးရကို ဖြုတ်ချဖို့ ပူးတွဲတိုက်ခိုက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

    ပဲ့ထိန်းဒုံးကျည်ပစ် ဖျက်သင်္ဘောတွေဟာ နေရာအတိအကျ မယူရသေးပေမယ့် အီရန်ကို ပစ်ခတ်နိုင်တဲ့ အကွာအဝေးမှာ ရှိနေပါတယ်။

    စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ငွေကြေးဖောင်းပွမှု ၆၀ ရာခိုင်နှုန်းအထိ ရှိလာပြီး ဇန်နဝါရီ ၂၆ ရက်မှာတော့ စတော့ဈေးကွက် စံချိန်တင် ကျဆင်းခဲ့ပါတယ်။

    အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက အမေရိကန်ဟာ ပြည်တွင်းစည်းလုံးမှုကို ဖြိုခွဲဖို့ ကြိုးစားနေပြီး “တိုင်းပြည်ကို အရေးပေါ်အခြေအနေအဖြစ် ပုံဖော်တာဟာ စစ်မက်ပြုတာတမျိုးဖြစ်တယ်” လို့ ဝေဖန်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အက်စမေးလ် ဘာဂါအီ ကလည်း အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

    ဒါ့အပြင် ဘာဂါအီက “ကျူးကျော်မှုမှန်သမျှကို ပြည့်စုံပြီး နောင်တရစေမဲ့ တုံ့ပြန်မှုမျိုး ပေးသွားမယ်” လို့ သတိပေးထားပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ HRANA ရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူအရေအတွက်ဟာ ၅,၄၁၉ ယောက်အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

    Source:Reuters

  • ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံတဲ့စုံတွဲ

    ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံတဲ့စုံတွဲ

    “အချစ်ဆိုတာ ကောင်းကင်ထက်မြင့်တယ်” ဆိုတဲ့စကားကို ဒီစုံတွဲကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြပုံရပါတယ်။

    ၂၀၁၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ယနေ့ချိန်ထိ အွန်လိုင်းမှာ လူပြောအများဆုံး ထူးဆန်းဖြစ်ရပ်တစ်ခု ဖြစ်နေဆဲပါ။

    ဝီလျံ (William) နဲ့ လက်စလီ (Leslie) လို့ အမည်ရတဲ့ ဒီစုံတွဲဟာ ရိုးရိုးတန်းတန်း မြေပြင်ပေါ်မှာ ချစ်ကြည်နူးရတာကို အားမရနိုင်ဘဲ ပေပေါင်းထောင်ချီမြင့်တဲ့ ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

    လေယာဉ်ပေါ်ကနေ ခုန်ချလိုက်တဲ့အချိန်မှာတော့ အားလုံးက စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပေမဲ့ တကယ်တမ်း လေထဲမှာ “အလုပ်ရှုပ်” နေကြတဲ့အခါမှာတော့ အချိန်နဲ့ အကွာအဝေးကို သတိမထားမိတော့ဘဲ ပြဿနာက စတက်ပါတော့တယ်။

    ​တိမ်တွေကြားမှာ အချစ်မူးနေကြတဲ့အတွက် မြေပြင်နဲ့ ဘယ်လောက်နီးကပ်နေပြီလဲဆိုတာကို သူတို့နှစ်ဦးစလုံး မေ့လျော့နေခဲ့ကြတာပါ။

    နောက်ဆုံး စက္ကန့်ပိုင်းအလိုကျမှ ဝီလျံတစ်ယောက် သတိပြန်ဝင်လာပြီး လေထီးကို အတင်းဆွဲဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ အရှိန်က အရမ်းများနေပြီဖြစ်သလို လေထီးကြိုးတွေကလည်း သူတို့ရဲ့ “အလှုပ်အရှား” တွေကြောင့် ရှုပ်ထွေးကုန်ပါတယ်။

    ကံကောင်းထောက်မစွာနဲ့ လက်စလီကတော့ လေထီးပွင့်သွားပြီး ဒဏ်ရာအနည်းငယ်နဲ့ ဆင်းသက်နိုင်ခဲ့ပေမဲ့ ဝီလျံကတော့ လေထီးအပြည့်အဝမပွင့်ဘဲ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ “ဗုန်းဗုန်းလဲ” ကျခဲ့ရရှာပါတယ်။

    ​ဒီဖြစ်ရပ်ရဲ့ အဆုံးသတ်မှာတော့ ဝီလျံတစ်ယောက် ကောင်းကင်ဘုံကို ရောက်မသွားဘဲ ဆေးရုံက အရေးပေါ်ခန်းကို တန်းတန်းမတ်မတ် ရောက်သွားခဲ့ပါတယ်။

    နှာခေါင်းရိုးကျိုး၊ ပေါင်ခြံဒဏ်ရာနဲ့ ခြေထောက်ဒဏ်ရာအပြင်းအထန် ရခဲ့ရတဲ့အပြင် အမေရိကန်ရဲ့ နာမည်ကြီး TLC ရုပ်သံလိုင်းက “S*x Sent Me to the ER” ဆိုတဲ့ အစီအစဉ်မှာပါ ကမ္ဘာကျော်သွားခဲ့ရပါတယ်။

    အချစ်အတွက် စွန့်စားရတာ ဂုဏ်ယူစရာဆိုပေမဲ့ အခုလို “လေထီးဖွင့်ဖို့မေ့တဲ့အထိ” အချစ်ကြီးပြလိုက်တာကတော့ တစ်သက်စာ မှတ်လောက်သားလောက်စရာ သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

    ပေးချင်တဲ့ မက်ဆေ့ကတော့ လေထီးခုန်ရင် လေထီးကိုပဲ အာရုံစိုက်ကြပါလို့…. ငိုးမစုံတွဲ မ သေ တာ ကံကောင်းပဲ။ 😃

  • အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု

    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု

    မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု တိုင်းမှူး နေအိမ် ထိမှန်ဟုဆို

    မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ အတုအယောင်ရွေး ကောက်ပွဲကျင်းပရာ မဲရုံများဆီသို့ လာရောက်ကြည့်ခဲ့ကြောင်း၊ အပြန်တွင် ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၁ မိနစ်ခန့်တွင် မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဆိုသော သတင်းများကြောင့် ညတွင်းချင်းစီစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    “ကျနော်တို့ ပစ်ခတ်ပြီး မိနစ်ပိုင်း အကြာမှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ တစ်မနက်လုံးလည်း မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်မှာလည်း ဖိုက်တာများ အဆက် မပြတ်ပျံဝဲနေပါတယ်။ ထိခိုက်မှုတော့ရှိတယ် သိရပေမယ့်အတိအကျ စာရင်းမရသေးဘူး” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

    Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လပခ တိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိထားပြီး BWM Mission 50 အတွင်း ရန်သူဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

    မန္တလေးမြို့မှ ပြည်သူအများစုကလည်း ယနေ့ နံနက် ၄ နာရီခွဲ ကျော်အချိန် မန္တလေးနန်းတွင်းအနီးတွင် ပေါက်ကွဲသံများ ကြားရကြောင်း အတည်ပြုပြောဆိုကြသည်။