မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

ဗန်းမော်တွင် စစ်ရှုံးနိမ့်မှုများကြောင့် မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း ‘ဆန်ပြုတ်သောက်ရန်’ နေပြည်တော်သို့ ခေါ်ယူခံရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်ကြောင့် စစ်ကော်မရှင် တပ်များ အရေးနိမ့်နေပြီး တပ်စခန်းများ ဆက်တိုက်လက်လွှတ်နေရသည့်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင်ရှိ အရေးပါသော ထောက်ပို့တပ် (ထပရ – ၉၃၃) ၏ ခြေကုတ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များ တပ်ဆုတ် ထွက်ပြေးရမှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယခုအခါ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ထပရ-၉၃၃ နှင့် စစ်လက်နက်ပစ္စည်းတပ် စစန-၆၄၁ စခန်းများကို KIA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

စစ်ဘက်သတင်းရင်းမြစ်များ၏ အဆိုအရ ဗန်းမော်စစ်ရေး ရှုံးနိမ့်မှုများအတွက် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းတွင် တာဝန်ရှိသည်ဟုဆိုကာ နေပြည်တော်သို့ ခေါ်ယူပြီး ပြင်းထန်စွာ ကြိမ်းမောင်းစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က “ဗန်းမော်တိုက်ပွဲရလဒ်များကြောင့် မပခ ဒုတိုင်းမှူး နေပြည်တော်သို့ ဆန်ပြုတ်သောက်ရန် ရောက်ရှိနေပြီ” ဟုဆိုသည်။

လက်ရှိတွင် ဗန်းမော်မြို့အတွင်းရှိ စစ်ကော်မရှင်၏ စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၁၁၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ခလရ-၄၇ တပ်ရင်းများသည် KIA ၏ ထိုးစစ်ကို ရင်ဆိုင်နေရသည်။

စစ်ကော်မရှင်သည် KIA ၏ ထိုးစစ်အရှိန်ကို ရပ်တန့်နိုင်ရန် အတွက် Yak-130 တိုက်လေယာဉ်များ၊ ဒရုန်းများကို အသုံးပြုကာ လေကြောင်းပစ်ကူဖြင့်သာ ခုခံနေရပြီး မြေပြင်ထောက်ပို့လမ်းကြောင်း များအားလုံး KIA ဘက်က ဖြတ်တောက်ထားကြောင်း သိရသည်။

ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ နှင့် တပ်မ (၈၈) တို့မှ တပ်မမှူး နှစ်ဦးအပြင် နည်းဗျူဟာမှူး ခြောက်ဦးအထိ အင်အားသုံး ကွပ်ကဲနေသော်လည်း မြေပြင် စစ်ရေးအရ KIA က အသာစီးရယူထားကြောင်း သိရသည်။

ပုံစာ-မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်း

Comments

Leave a Reply

Your email address will not be published. Required fields are marked *