Category: News

  • ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SAGAING PDF တပ်ဖွဲ့ဆီက သိရပါတယ်။

    ဇန်နဝါရီ ၁၅ ရက် ညပိုင်းလောက်မှာ စစ်ကိုင်းမြို့ အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ ကံတလူ တိုးဂိတ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အခုလို ဝင်ရောက်ပစ်ခတ်ချိန် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကိုင်းမြို့ ဖက်ကို ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို SAGAING PDF (စစ်ကိုင်းစစ်ကြောင်း)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ လို့သိရပါတယ်။

    အဲ့ဒီတိုက်ပွဲမှာ SAGAING PDF က စစ်သည် ရဲမေ တွေပါ၀င် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

    SAGAING PDF အနေနဲ့ Operation-677က်ို စတင်ဖော်ဆောင်နေပြီး မိုးကုတ်-မိုးမိတ်ဒေသမှာလည်း အမျိုးသားညီ‌ညွှတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ တပ်တွေနဲ့အတူ ပူးတွဲတိုက်ပွဲ၀င်နေ‌တယ်လို့ သိရပါတယ်။

  • မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဇန်နဝါရီ ၁၅ ရက်မှ စတင်ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင်လဝက သတင်းမှာ ရေးသားထားပါတယ်။

    ထိုင်းအစိုးရက တားမြစ်ထားတဲ့ ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

  • စစ်အုပ်စု ရုံးတွင်းစာကြောင့် မန္တလေးမြို့စွန်က မြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်

    စစ်အုပ်စု ရုံးတွင်းစာကြောင့် မန္တလေးမြို့စွန်က မြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်

    မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်မှာ ရွာမြေတိုးချဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ဌာနတွင်း ညွှန်ကြားစာ ပေါက်ကြားလာပြီးနောက် အဲ့ဒီ နေရာတွေရှိ အကွက်ရိုက်ရောင်းချတဲ့ လယ်ယာမြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်ကာ အရောင်းအဝယ်လည်း ပိုသွက်လာတယ်လို့ မန္တလေးမြို့ခံ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက ပြောပါတယ်။

    မန္တလေးမြို့အရှေ့ဘက်မှာ ရှိတဲ့ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတို့ကို မူလ ရွာမြေ ၉၁ ဧက ကနေ နောက်ထပ် မြေဧက ၄၈၀ ကျော်ကို ရွာမြေဧရိယာ တိုးချဲ့ဖို့အတွက် ဆည်တာတမံ‌တွေရဲ့ နယ်နိမိတ် ဧရိယာ၊ ဆည်ရေသောက်ဧရိယာ၊ ရေဆင်းဧရိယာ၊ ရေဝပ်ဧရိယာတွေအတွင်း ကျရောက်ခြင်း ရှိ၊မရှိ စိစစ်ပေးဖို့ အာဏာသိမ်း စစ်အုပ်စုရဲ့ ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို ပေးပို့ခဲ့တဲ့ ရုံးစာတစ်စောင် ယခုရက်ပိုင်း လူမူကွန်ယက်မှာ ပြန့်နှံ့နေတာ ဖြစ်ပါတယ်။

    အဲ့ဒီ ရုံးစာ ပြန့်လာပြီးနောက် အထက်ပါအတိုင်း မန္တလေးနဲ့ ပုသိမ်ကြီးမြို့ကြား၊ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်ရှိ လယ်ယာမြေအကွက်ရိုက်ရောင်းတဲ့ မြေတွေ ဈေးခုန်တက်လာတာဖြစ်ပြီး အရောင်းအဝယ် ပိုဖြစ်လာတာလို့ မန္တလေးမြို့ခံ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

    “အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ရွာမြေတိုးချဲ့ဖို့ စာက အတုလား၊ အစစ်လားဆိုတာတော့ မသိဘူး၊ အဲဒီ စာကြောင့်ပဲ ဈေးတွေတက်လာတာ၊ နေရာအလိုက် အနိမ့်ဆုံးနေရာက (ကျပ်သိန်း) ရာပိုင်းလောက်တော့ နည်းနည်း ခုန်သွားတယ် ကြားရတယ်၊ အရောင်းအဝယ် လိုက်လာတယ်လို့ သိရတယ်၊ အခု လိုက်ဝယ်နေတဲ့ သူ‌တွေကလည်း ငွေကို မြေထဲကို ရင်းနှီးမြှုပ်နှံဖို့နဲ့ ဈေးကစားဖို့ ဝယ်တဲ့သူ များပါတယ်။ ဘာပဲပြောပြော သတိထား စေချင်တယ်၊ မြို့အတွင်းပိုင်း မတတ်နိုင်တော့လို့ ရွာတွေဘက် မြေလိုက်ဝယ်ပြီး နေရတဲ့သူတွေအဖို့‌တော့ တက်ဈေးက အခက်အခဲဖြစ်‌စေပြီပေါ့”

    လက်ရှိ ပေါက်စျေးအရ ပုသိမ်ကြီးနယ်၊ နန်းဦးလွင်ဘက်မှာ ကျပ်သိန်း ၁၀၀၀ လောက်နဲ့ မြေဝယ်လို့ မရတော့ဘဲ ပေ ၂၀×ပေ ၄၀ မြေကွက် တစ်ကွက်ကိုပင် အနိမ့်ဆုံးစျေး ကျပ်သိန်း ၁၀၀၀ အထက် ပေါက်ဈေးရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

    နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေ အပါအဝင် မန္တလေးမြို့အနီးက ရွာတွေဘက်မှာ လယ်မြေ‌တွေကို အကွက်ရိုက် ရောင်းချနေကြတာ ကာလကြာမြင့်ပြီ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မကြာခဏ ဖျက်ဆီးတာ၊ ဖြိုဖျက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်အုပ်စုထဲက နန်းဦးလွင်၊ ကန်ကောက်၊ ကုန်းတန်း၊ တဲကုန်းနဲ့ ကျွဲရေကုန်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ နေအိမ်တွေကို ဓါတ်အားလိုင်းနဲ့ မလွတ်လို့ဆိုတဲ့ အကြောင်းပြဖျက်နဲ့ စစ်အုပ်စုက ဘူဒိုဇာတွေနဲ့ ထိုးကော် ဖျက်ဆီးခဲ့ပါသေးတယ်။

    အခု အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ရုံးစာရွက်ဟာ ရွာမြေတိုးချဲ့ဖို့ အခြေခံ လုပ်ရိုးလုပ်စဉ် အဆင့်တွေသာ ဖြစ်ပြီး ရင်းနှီးမြုပ်နှံဖို့ ငွေရင်းရတာ ဖြစ်တာမို့ အိမ်၊ခြံ၊မြေသမား မဟုတ်ရင် သာမန်လူတွေအဖို့ နားလည်သူနဲ့ သေချာစဉ်းစားတိုင်ပင်ကာ ဝယ်ယူစေချင်တယ်လို့ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်သူ ကိုလေးလွင်(အမည်လွှဲ)က အကြံပြုပါတယ်။

    “ရှေ့မှာလည်း ဓါတ်အားလိုင်း မလွတ်လို့ ဆိုပြီး ဖျက်တာမျိုး ရှိခဲ့ဖူးတော့ သတိထားစေချင်တယ်၊ စစ်အုပ်စုနဲ့ ခရိုနီတွေ အားရအောင် ဝယ်ပြီးပြီဆိုမှ ဒါမျိုးက သိရတာမျိုးပါ၊ ပြည်ထဲရေးက တရားဝင် အတည်ပြုစာ မဟုတ်သေးဘူး၊ အခုဟာက ရွာ‌မြေတိုးချဲ့ဖို့ မြို့နယ်က ထွက်လာတဲ့ ဆည်‌မြောင်းမြေ စိစစ်‌ပေးဖို့ ရုံးစာမျိုးလေ၊ ပြန် ပယ်ဖျက်တာမျိုးလည်း ဖြစ်နိုင်တယ်၊ ကိုယ့်မှာရှိတာလေးနဲ့ ဝယ်ရမှာမျိုးဆို အရမ်းကြီး မစွန့်စားစေချင်ဘူး၊ နားလည်သူနဲ့ သေချာတိုင်ပင် ဝယ်စေချင်တယ်”

    လူမူကွန်ယက်မှာ ပြန့်နှံ့နေတဲ့ စစ်အုပ်စု ရုံးတွင်းစာမှာ ၂၀၂၅ ဒီဇင်ဘာလ ၂၄ ရက် ရက်စွဲနဲ့ဖြစ်ပြီး ပုသိမ်ကြီးနယ် ထွေအုပ်ရုံးတံဆိပ် ပါဝင်ကာ အဓိကအားဖြင့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာအုပ်စု အတွင်းရှိ နန်းဦးလွင်၊ တူးကုန်း(ဘူးကုန်း)နှင့် ကံကောက်ရွာဟောင်း (ကန်ကောက်)တို့ကို မူလရွာမြေ နယ်နိမိတ်ကို ထပ်မံတိုးချဲ့မယ့် ကျေးရွာများအဖြစ် မြို့/ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာ ပြင်ဆင်ဖွဲ့စည်းခြင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ဖို့ ဆည်မြောင်းဌာန မြေဧရိယာ ပါမပါကို စိစစ်ပေးဖို့ ထွေအုပ်ကနေ ဆည်မြောင်းဌာနကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

    နန်းဦးလွင်ကျေးရွာကို မူလရွာမြေဧရိယာ ၃၀ ဧက ကနေ ထပ်မံ တိုးချဲ့ဖို့ လိုအပ်တဲ့ မြေဧရိယာ ၁၂၂ ဧက၊ တူးကုန်းကျေးရွာ (ဘူးကုန်း)ကို မူလ ရွာမြေဧရိယာ ၂၇ ဧကက‌နေ ထပ်မံ တိုးချဲ့ဖို့ လိုအပ်တဲ့ မြေဧရိယာ ၁၂၇ ဧကနဲ့ ကံကောက် ရွာဟောင်း (ကန်ကောက်) မူလရွာမြေ ဧရိယာ ၃၄ ဧက ကနေ ထပ်မံ တိုးချဲ့ဖို့ လိုအပ်တဲ့ မြေ ဧရိယာ ၂၃၆ ဧက၊ စုစုပေါင်း မူလရွာမြေဧရိယာ ၉၁ ဧက ကနေ ထပ်မံတိုးချဲ့ဖို့ လိုအပ်တဲ့ စုစုပေါင်း မြေဧရိယာ ၄၈၅ ဧက အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းတဲ့ ဆည်တာတမံတွေရဲ့ ဆည်နယ်နိမိတ်ဧရိယာ၊ ဆည်ရေသောက်ဧရိယာ၊ ရေဆင်း ဧရိယာ၊ ရေဝပ်ဧရိယာတွေ အတွင်း ကျရောက်ခြင်း ရှိ၊မရှိ စိစစ်ပြီး ဒီဇင်ဘာ ၂၉ရက်မှာ ပြန်လည် တင်ပြဖို့ အကြောင်းကြားပါတယ်လို့ ဖေါ်ပြထားပါတယ်။

    စစ်အာဏာမသိမ်းခင်က မန္တလေးမြို့ပေါ် ငါးမြို့နယ်ဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်နဲ့ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်၊ စုစုပေါင်း ခုနှစ်မြို့နယ်ကို မန္တလေးခရိုင်အဖြစ် သတ်မှတ်ခဲ့ပြီး လူဦးရေ ၁၅ သိန်းဝန်းကျင် နေထိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အုပ်စုက ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေ သတ်မှတ်ရာမှာ ပိုမို အသာစီးရနိုင်ဖို့ အဲ့ဒီ မန္တလေးခရိုင် ခုနှစ်မြို့နယ်ကို ခရိုင်နှစ်ခုအဖြစ် ပြန်လည် ခွဲခြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် မြို့၊ရွာတွေမှာ နေထိုင်သူ လူဦးရေ ပိုမိုများပြားလာတာနဲ့အမျှ ရွာမြေဧရိယာ ချဲ့ထွင်တာ၊ မြို့နယ်နမိတ် တိုးချဲ့တာတွေ လုပ်လေ့ရှိပြီး စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကလည်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာအုပ်စုနဲ့ ရေလောင်ကျေးရွာအုပ်စုရှိ မြေဧရိယာ ၈၀၀ ဧကကို ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသေးတယ်။

    စစ်အုပ်စုရဲ့ ရုံးတွင်းစာနဲ့ မန္တလေးမြို့အစွန် ကန်ကောက်နဲ့ နန်းဦးလွင်ရွာ/Photo – CJ

  • ကပစ(၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြားသို့ ရိက္ခာလာပို့လာသည့်စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

    ကပစ(၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြားသို့ ရိက္ခာလာပို့လာသည့်စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

    ရခိုင်ရိုးမအရှေ့ခြမ်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြား ပိတ်မိနေသည့် ထောက်ပို့ရိက္ခာစစ်ကြောင်းကို ထပ်မံရိက္ခာလာပို့လာသည့် စစ်ကော်မရှင်၏စစ်ကြောင်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

    အင်အား ၁၀၀ ခန့်ပါ အဆိုပါစစ်ကြောင်းမှာ ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့၊ နံနက်က AA ဦးဆောင်သည့် ပူးပေါင်း တော်လှန် ရေးတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ဒီနေ့မနက်က ကပစ(၁၆)ကထွက်လာတဲ့စစ်ကြောင်း ထပ်ပြီးချေမှုန်းခံရတယ်။ အရင်က ထောက်ပို့ စစ်ကြောင်းတွေလည်း (၆၆၆)ကိုမရောက်နိုင်ဘူး။ ကြားဖြတ်တိုက်ခိုက်ခံရလို့ သူတို့တွေလည်း ရိက္ခာဖြတ်တောက်ခံထားရတယ်။ အလယ်မှာရှိတဲ့စစ်ကြောင်းပေါ့။ ဟိုမရောက်ဒီမရောက်။ အခုဒီမနက် အဲဒီစစ်ကြောင်းကို ထောက်ပို့လာတဲ့စစ်ကြောင်း ကြားဖြတ်အတိုက်ခံရတာ။ အသေအပျောက်လည်း များတယ်။ ရိက္ခာထုပ်တွေလည်း ရလိုက်တယ်။ အသာစီးရတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

    ကပစ(၁၆)မှ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းတစ်ကြောင်းသည် ရိက္ခာဖြတ်တောက်ခံနေရသည့် ၆၆၆ ပွိုင့်ကုန်းအတွက် ရိက္ခာပို့ရန် ယခုလအတွင်းထွက်လာခဲ့သော်လည်း ၆၆၆ ပွိုင့်ကုန်းကိုမရောက်နိုင်ဘဲ ကပစ(၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းကြားထဲတွင် AA ၏ ဖြတ်တောက်ပိတ်ဆို့ခြင်းကိုခံနေရသည့်အတွက် ပိတ်မိနေခြင်းဖြစ်သည်။

    အဆိုပါပိတ်မိနေသည့်စစ်ကြောင်းအတွက် ထပ်မံပြီး ရိက္ခာလာပို့သည့်စစ်ကြောင်းသည် ယနေ့နံနက်တွင် AA ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

    ယင်းသို့ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရမှုကြောင့် အထိနာသွားသည့်အတွက် စစ်ကော်မရှင်ဖက်မှ ဒရုန်း၊ ပါရာမိုတာဖြင့် လာရောက်ပစ်ခတ်လျက်ရှိသည်ဟုလည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    “အခုထိတော့ ဒရုန်းဗုံးတွေ၊ ပါရာမိုတာတွေနဲ့ ပတ်ပတ်လည်ကိုပစ်တုန်း” ဟု ပြောသည်။

    ယင်းအပြင် ပွိုင့် ၆၆၆ စခန်းကုန်းတွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ပိတ်မိနေပြီး စစ်ကော်မရှင်ဘက်က စစ်ကူရန်ကြိုးစားလျက်ရှိသော်လည်း အရှုံးနှင့်သာရင်ဆိုင်နေရကြောင်း မြေပြင်သတင်းအရ သိရသည်။

    ကပစ(၁၆)နှင့် ၆၆၆ ပွိုင့်ကုန်းစခန်းကြား ပိတ်မိနေသည့် စစ်‌သားများအား ကပစ(၁၆)မှ ခြေလျင်စစ်ကြောင်းနှင့် ဒရုန်းတို့ဖြင့် ရိက္ခာပို့လျက်ရှိပြီး ပွိုင့် ၆၆၆ စခန်းကုန်းကိုဆိုလျှင် Y-12၊ ဒရုန်းဖြင့် ညအချိန်တွင် ဝေဟင်မှ ရိက္ခာများချပေးနေရကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ၆၆၆ ပွိုင့်စခန်းကုန်းကို Y-12 ဖြင့်လာချပေးသည့် ရိက္ခာထုပ်များကို AA နှင့်‌ တော်လှန်‌ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

  • အဆိုတော်ရှင်မင်းမြတ် မူဆယ်မှာ ပြန်ပေးဆွဲခံရ

    အဆိုတော်ရှင်မင်းမြတ် မူဆယ်မှာ ပြန်ပေးဆွဲခံရ

    တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့သို့ ပွဲငှားဟန်ဆောင်ကာ ခေါ်ခဲ့ပြီး ပြန်ပေးဆွဲ ရိုက်နှက်ငွေညှစ်ခံခဲ့ရသည့်အပေါ် အရေးယူဆောင်ရွက်ပေးရန် Underground To Stage အဆိုပြိုင်ပွဲဝင် ရှင်မင်းမြတ်က ၎င်း၏လူမှုကွန်ရက်မှတဆင့် တောင်းဆို အသိပေးထားသည်။

    မိတ်ဆွေတဦးမှတဆင့် မူဆယ်မြို့ မင်္ဂလာပွဲတခုအတွက် ငှားရမ်းမှုအပေါ် ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်- မန္တလေး၊ မန္တလေး-မူဆယ်သို့ အဆင့်ဆင့်သွားရောက်ပြီး နောက်တရက်၌ ပြည်သူ့စစ်ဆိုသူတဦးအပါ ၄ ဦး၏ ကားဖြင့်ခေါ်ဆောင်ရာသို့ လိုက်သွားပြီးနောက် ပြန်ပေးဆွဲခံခဲ့ရကြောင်း ၎င်းက ဆိုထားသည်။

    ၎င်းတို့အား မျက်လုံးအဝတ်စည်းကာ လက်ထိပ်ခတ်ပြီး ကျားဖြန့်လိမ်လည်မှုဂိုဏ်းတခုထံ ခေါ်ဆောင်သွားကာ ကျပ်သိန်း ၇၀၀၀ ပေးရန် စတင်တောင်းဆိုခဲ့ကြောင်း၊ မပေးနိုင်သည့်အတွက် ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး နောက်ဆုံးတွင် ကျပ်သိန်းသုံးထောင်ကျော်ကို မိတ်ဆွေများထံမှ အကူအညီဖြင့် ပေးခဲ့ရကြောင်း ၎င်းက ပြောသည်။

    မိတ်ဆွေများထံမှ ပိုက်ဆံများအား ၎င်း၏ KBZ Bank နှင့် Kpay အကောင့်များဖြင့်လက်ခံခဲ့ပြီး အကောင့်ထဲဝင်လာသည့် ပိုက်ဆံများကို ထပ်ဆင့်လွှဲပြောင်းကာ ရယူသွားခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် မူဆယ်မြို့ရှိ လူပြတ်သော လမ်းကြားတနေရာ၌ ပစ်ချထားခဲ့ကြောင်း ၎င်းက ဆိုသည်။

    မလွတ်မြောက်မီညတွင် ၎င်းတို့အား အတွင်းခံမပါဘဲ ဗီဒီယိုရိုက်ကူးခံခဲ့ရသည့်အပြင် ပြန်ပေးသမားများထံမှ ကျပ်သိန်းသုံးထောင် ချေးယူထားသည့်ပုံစံဖြင့် ပြောဆိုစေခဲ့ကြောင်းနှင့် ဖြစ်ရပ်များကို ရဲထံတိုင်ကြားခြင်းပြုလုပ်ပါက ရိုက်ကူးထားသည့် ဗီဒီယိုများအား အွန်လိုင်းတွင်ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းကပြောသည်။

    ပြန်လည်လွတ်မြောက်ပြီးနောက် ရိုက်နှက်ဒဏ်ရာများအား မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးစစ်ခဲ့ပြီး ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်းလည်း ၎င်းက ဆိုထားသည်။

    ပသစ ကျားဖြန့်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ရှင်မင်းမြတ်

    ရဲတပ်ဖွဲ့သို့ တိုင်ကြားစာ (ဖြစ်စဉ်ဖော်ပြချက်)

    ကျွန်ုပ် အောင်ကျော်စိုး (မှတ်ပုံတင်အမှတ် ၁၃/ကလတ(နိုင်) ၀၄၄၁၈၅) သည် အောက်ပါအတိုင်း ဖြစ်ပွားခဲ့သော အမှုအခင်းအား တရားဝင် တိုင်ကြားလိုပါသည်။

    မိတ်ဆွေတစ်ဦး၏ မိတ်ဆွေမှတဆင့် မိတ်ဆွေ၏ မိတ်ဆွေဟု ဆိုသူတစ်ဦးက မင်္ဂလာပွဲဆိုင်ရာ ကိစ္စဖြင့် ဖိတ်ကြားခဲ့ပါသည်။ ထိုသူအား ယုံကြည်မှုဖြင့် လက်ခံခဲ့ပြီး ၎င်းတို့ဘက်မှ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်လက်မှတ်ကို ကြိုတင်စီစဉ်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် လုံခြုံရေးအတွက် သတိမပြုနိုင်ခဲ့ပါ။

    ၎င်းတို့၏ စီစဉ်မှုအရ 2026 ဇန်နဝါရီလ 4 ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့် ခရီးသွားခဲ့ပြီး မန္တလေးမြို့ရှိ Magic Hotel တွင် တည်းခိုစေခဲ့ပါသည်။

    5 ရက်နေ့ မနက် 5:30 အချိန်တွင် မူဆယ်မြို့သို့ သွားရန် ဟိုတယ်မှ ကားဖြင့် လာရောက်ခေါ်ယူခဲ့ပါသည်။ မူဆယ်ရောက်ရှိပြီး ဟော်ရှင်း ဟိုတယ်တွင် တည်းခိုစေခဲ့ပါသည်။

    ညနေစာစားပြီးနောက် ပွဲကျင်းပမည့်နေရာကို ကြည့်ရှုပြင်ဆင်ရန် သွားလိုကြောင်း ပြောကြားခဲ့ရာ ၎င်းတို့ဘက်မှ လူ ၄ ဦးဖြင့် လာရောက်ခေါ်ယူခဲ့ပါသည်။

    ထိုသူများထဲတွင် တစ်ဦးမှာ ပြည်သူ့စစ်ဟု ကိုယ်တိုင်ပြောသူဖြစ်ပြီး နှစ်ဦးမှာ မြန်မာ-ယူနန် စကားပြောနိုင်သူများ တစ်ဦးမှာ ကိုးကန့်လူမျိုး ဖြစ်ပါသည်။

    ကားစီးရာတွင် ရှေ့ထိုင်ခုံတွင် ၂ ဦး၊ နောက်ထိုင်ခုံတွင် ၂ ဦးထိုင်ပြီး ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိတ်ဆွေမှာ တတိယနှင့် စတုတ္ထထိုင်ခုံတွင် ထိုင်ခဲ့ပါသည် (ကျွန်ုပ်သည် အပြင်ဘက်ဘက်တွင် ထိုင်ပါသည်)။

    ၎င်းတို့က လူမရှိသော အမှောင်နေရာသို့ ကားမောင်းသွားပြီး “ဆီးသွားမည်” ဟု ဆိုကာ ကျွန်ုပ်တို့ကို ကားအတွင်း ထိုင်စေခဲ့ပါသည်။

    ထို့နောက် ဆီးမသွားဘဲ အနက်ရောင် ခေါင်းအိတ်များဖြင့် ကျွန်ုပ်တို့၏ မျက်လုံးများကို ဖုံးအုပ်ကာ လက်ထိပ်များ ချည်နှောင်ခဲ့ပြီး ကျားဖြန့် လိမ်လည်မှုလုပ်ငန်းများ ပြုလုပ်နေသော ဂိုဏ်းစခန်း သို့ ခေါ်ဆောင်သွားခဲ့ပါသည်။

    ထိုနေရာတွင် ကျွန်ုပ်နှင့် မိတ်ဆွေအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခင်က လောက်ကိုင်တွင် ဖြစ်ပွားခဲ့သော အမှုအခင်းကို အကြောင်းပြု၍ ပထမဦးစွာ ငွေကျပ် သိန်း 7000 တောင်းဆိုခဲ့ပြီး နောက်ပိုင်း သိန်း 6000 သို့ လျှော့ချကာ ၆ ရက်နေ့တွင် ငွေအပြည့်စုဆောင်းပေးရန် အတင်းအကြပ် တောင်းဆိုခဲ့ပါသည်။

    ညအတွင်း ငွေမစုဆောင်းနိုင်ခဲ့သဖြင့် ကျွန်ုပ်အား ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး WeChat ကို ဖွင့်စေကာ ကျွန်ုပ်၏ မိတ်ဆွေ ၁၀,၀၀၀ ကျော်ထံမှ ငွေချေးရန် အတင်းအကြပ်ခိုင်းစေခဲ့ပါသည်။

    အစပိုင်းတွင် ကျပ်သိန်း500ကျော် ချေးယူနိုင်ခဲ့သော်လည်း ၎င်းတို့မကျေနပ်ဘဲ လူ ၄/၅ ဦးဖြင့် ဆက်လက် ရိုက်နှက်ခဲ့ပါသည်။

    လက်ခံငွေများကို ကျွန်ုပ်၏ KBZ Bank နှင့် KPay အကောင့်များဖြင့် လက်ခံစေခဲ့ပြီး ငွေရရှိသည်နှင့် ချက်ချင်း အခြားအကောင့်များသို့ လွှဲပြောင်းခဲ့ပါသည်။

    နောက်ဆုံးတွင် ကျပ်သိန်း 6000 မရှာနိုင်ကြောင်း မြင်လာသဖြင့် နောက်ဆုံးအခွင့်အရေးအဖြစ် ကျပ်သိန်း 3000 အပြည့်အစုံ ပေးနိုင်ပါက လွှတ်ပေးမည်၊ မပေးနိုင်ပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

    မိသားစုနှင့် ကူညီပေးသော အချို့သော လူကောင်းများ၏ အကူအညီဖြင့် ကျပ်သိန်း 3000 ကျော်ပေးအပ်ခဲ့ရပြီး 9 ရက်နေ့ မနက် 5:30 အချိန်တွင် မူဆယ်မြို့ရှိ လူမရှိသော လမ်းကြားတစ်ခုသို့ ခေါ်သွားကာ ကျွန်ုပ်တို့ကို လမ်းဘေးတွင် ပစ်ချခဲ့ပါသည်။ ၃ မိနစ်ကြာပြီးမှသာ ထရန် ခွင့်ပြုခဲ့ပါသည်။

    ၎င်းတို့က ကျွန်ုပ်တို့၏ မှတ်ပုံတင်ကတ်နှင့် ကျပ် 10 သိန်းသာ ပြန်ပေးခဲ့ပြီး ပတ်စ်ပို့၊ အိတ်အထုပ်များနှင့် ကိုယ်ပိုင်ပစ္စည်းများအားလုံးကို သိမ်းဆည်းထားခဲ့ပါသည်။

    လွတ်မြောက်မလာမီညတွင် ကျွန်ုပ်တို့အား အတွင်းခံမဝတ်ဘဲ ဗီဒီယိုရိုက်ကူးခဲ့ပြီး ၎င်းတို့ ပြောခိုင်းသည့် စကားများအတိုင်း ပြောစေခဲ့ပါသည်။

    ထိုဗီဒီယိုများဖြင့် ခြိမ်းခြောက်ကာ “ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ ငွေ သိန်း3000 ချေးယူထားသည်” ဟု ပြောဆိုရသည့် ဗီဒီယိုကိုပါ ရိုက်ကူးစေခဲ့ပါသည်။

    အမှန်တကယ်တွင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ ငွေမချေးယူထားပါ။

    ၎င်းတို့က အကယ်၍ အပြင်ထွက်ပြီး အမှန်အတိုင်း ပြောဆိုပါက သို့မဟုတ် ရဲတပ်ဖွဲ့သို့ တိုင်ကြားပါက ထိုဗီဒီယိုများကို အွန်လိုင်းပလက်ဖောင်းများတွင် ဖြန့်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

    ထိုအမှုအခင်းနှင့်ပတ်သက်၍ ကျွန်ုပ်သည် မန်းလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အား ဆေးရုံရှိ မှုခင်းရဲတပ်ဖွဲ့အား တရားဝင် တိုင်ကြားလိုက်ပါသည်။

    ထိုကြောင့် ဤအမှုအား စုံစမ်းစစ်ဆေးပေးပါရန်နှင့် တရားဥပဒေအရ အရေးယူပေးပါရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်။