Category: News

  • စစ်တွေတိုက်ပွဲတွင် AA အနေဖြင့် တိုင်းမှူးနှင့်ဒကစမှူးကို အမ်းတွင်ဖမ်းမိသလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟုဆို

    စစ်တွေတိုက်ပွဲတွင် AA အနေဖြင့် တိုင်းမှူးနှင့်ဒကစမှူးကို အမ်းတွင်ဖမ်းမိသလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟုဆို

    ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်ရဲ့ တိုက်စစ်အဟုန်လတ်တလောပျောက်ကွယ်သွားခဲ့ရပြီဖြစ်

    စစ်တွေတိုက်ပွဲတွင် အာရက္ခတပ်တော် ( AA)က အနောက်ပိုင်းတိုင်း တိုင်းမှူး၊ဒကစမှူး အပါအဝင် စစ်တပ်အရာရှိကြီးများကို အမ်းတိုက်ပွဲတုန်းက အရာရှိကြီးများကို ဖမ်းဆီးနိုင်သလိုမျိုး ဖမ်းဆီးနိုင်မည်မဟုတ်ဟု စစ်ရေးသုံးသပ်သူ ဗိုလ်ကြီးဇင်ယော်က ပြောဆိုလိုက်သည်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့၌ လက်ရှိဖြစ်ပွားနေသော စစ်တွေ စစ်ရေးသုံးသပ်ချက်ကို ရေးသားထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

    “စစ်တွေမှာ အမ်းနပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တုန်းကလိုမျိုး ဒုတိုင်းမှူး နဲ့ အဖွဲ့ကို အရှင်လက်ရဖမ်းဆီးနိုင်မှာတော့ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ခလရ (၂၀) ထဲ မှာ MI 17 တစ်စီး၊MI 35 တစ်စီးနဲ့ ရှေ့ကဓားလွယ်ခုတ်နေရာက မဆရ ၈ (စ-စ်မြေပြင်ဆေးတ-ပ်ရင်း) ထဲမှာ MI 17 တစ်စီး အသင့်ရှိနေတာ ဖြစ်တဲ့အတွက် ခေါင်းကြီးပိုင်းများကတော့ ပြေးချိန်ရပါလိမ့်မယ်” ဟု ရေးသားထားသည်။

    ၎င်းပြင် စစ်တွေတွင် အဓိက စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ်(ဒကစ)၏ ကာကင်း ၂ခုကို AA သိမ်းပိုက်ပြီးနောက် ကထစမှူးလည်း စစ်တွေသို့ရောက်ရှိနေသည်ဟု ဆိုသည်။

    “မြို့တော်စစ်တွေ ရဲ့ အဓိကခံစစ်စခန်း ကံ့ကော်ကျွန်း ရဲ့ ကာကင်းစခန်းငယ် နှစ်ခုကို စကစ ဟာ လက်လွှတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ ကံ့ကော်ကျွန်းသာကျရင် စစ်တိုင်းမှူး ဒကစမှူး နဲ့ အဖွဲ့ ထွက်ပြေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ကစထမှူး ပါရောက်နေတော့ အင်အားတောင့်နေပါလိမ့်မယ်” ဟုလည်း ရေးသားထားသည်။

    စစ်တပ်၏ ရုပ်သေးလွှတ်တော်မပြုလုပ်နိုင်သေးခင် စစ်တွေနှင့် ကျောက်ဖြူကို စစ်ရေးနည်းဖြင့် တစ်မျိုးတစ်ဖုံ အဖြေပြောင်းလဲလာနိုင်အောင် လုပ်ယူထားနိုင်ကြောင်း၊ ဖြစ်ပေါ်လာမည့်စစ်လွှတ်တော်တွင်ရခိုင်မြေကို ဗုံးကြဲပေးပါဆိုသည့်ပေါကြောင်ကြောင် အဆိုတင်သွင်းသူများလည်း ရှိလာနိုင်ပါကြောင်း၊ သို့သော်ရခိုင်စစ်မျက်နှာ၏တိုက်ပွဲအဖြေကတော့ ပြောင်းလဲသွားမည် မထင်ကြောင်းသုံးသပ်ချပ်တွင် ရေးသားသည်။

    ကျောက်ဖြူတွင်လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး သုံးသပ်ရေးသားရာတွင်လည်း ယခုတစ်ကြိမ်တွင်အာရက္ခတပ်တော်ဘက်က တိုက်စစ်သည် အရှိန်ကောင်းလာနေသည်ကို တွေ့ရကြောင်း၊ရွေးကောက်ပွဲအလွန်ကာလ၌ တိုက်စစ်ပြန်ပြီးမြှင့်လာနိုင်မည်ဟုမျှော်မှန်းထားသည့်အတိုင်းဖြစ်လာသည်ဟု၎င်းက ဆိုသည်။

    ကျောက်ဖြူ အခြေအနေကို ကြည့်ရရင် အာရက္ခတပ်တော်သည်ကျောက်ဖြူ မြို့၏ (၁၀) ကီလိုမီတာ ပတ်ချာလည်လောက်ကို ပြန်ပြီး စိုးမိုးထားနိုင်ခြေရှိပုံရသည်ဟုဆိုသည်။

    “ကျောက်ဖြူဟာ ကျွန်းမြို့ဖြစ်နေတဲ့အပြင် ရေတပ်စခန်းဌာနချုပ်ကြီးပါရှိနေတဲ့ အတွက်ကြောင့်သာ စစ်ကစားလှုပ်ရှားနိုင်မှု ကန့်သတ်ချက်တွေရှိတဲ့အတွက် ပြီးခဲ့တဲ့ကာလတလျှောက် ဆုတ်ချည်ခွာချည် ဖြစ်နေရပုံပေါ်ပါတယ်။ စစ်တပ်ဘက်ကတော့ တန်ပြန်တိုက်စစ်ကလွဲလို့ တိုက်စစ်အဟုန်လတ်တလောပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်” လို့လည်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။

    အကြမ်းဖက် မြန်မာစစ်တပ်သည် မင်းပြင်ရေဒါစခန်း ဓာတ်ပုံပြီးကတည်းကအဆိုပါနားတွင် တိုင်ပတ်နေသည်မှာ ၂ လလောက်ရှိပြီဟု ဆိုသည်။

    “စစ်လော်ဘီတွေ ခမျာ။ မင်းပြင်ရေဒါစခန်း ဓာတ်ပုံပြီးတည်းက “ချောင်းမြောင် ချောင်းမြောင်”ဆိုပြီး အဲဒီနားတင် တိုင်ပတ်နေတာ နှစ်လလောက်ရှိနေသည်ကို တွေ့ရပါသည်ဟုရေးသားထားသည်။

    အာရက္ခတပ်တော်သည် ရခိုင်ပြည်မှ လက်ကျန်မြို့ ၃ မြို့ထဲက နိုင်ငံရေးနှင့် စစ်ရေးအရပါ အလွန် အရေးပါသော မြို့ကြီးနှစ်မြို့ဖြစ်သည့် စစ်တွေနှင့် ကျောက်ဖြူကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကစပြီး စစ်ရှိန်မြှင့်ပြီး တိုက်ခိုက်နေပြီး စစ်တပ်ဘက်က စခန်းတချို့ကို လက်လွှတ်လိုက်ရကာ အကျဆုံးအများအပြားဖြင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

  • ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်သံ)

    ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်သံ)

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့ အမှုကို စစ်ကော်မရှင်က သွားရောက်ကြားနာမှာဖြစ်ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအပြီးသတ်ကြားနာပွဲတွေ လုပ်ဖို့ရှိနေတာပါ။

    စစ်ကော်မရှင်က ICJ မှာ ခုခံဖို့ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားတာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတာပါ။

    ဒီအမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဂမ်ဘီယာရဲ့စွပ်စွဲချက်တွေ မပြည့်စုံသလို လွဲမှားစွာ ကောက်ချက်ချထားတာလို့ ICJ မှာ သွားရောက်လျောက်လဲချက် ပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားပြီး သူတို့ကိုယ်တိုင် သွားရောက်ကြားနာမှာဖြစ်ပါတယ်။

    အခုကြားနာပွဲဟာ နောက်ဆုံးအကြိမ်ဖြစ်လို့ အပြီးသတ်အမိန့်ချတဲ့အခြေအနေတွေ ပါဝင်နိုင်ပြီး ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ အမိန့်ချလိုက်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဖက်ဒရယ် ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ နိုင်ငံတကာ ဥပဒေပညာရှင် ရှေ့နေဦးအောင်ထူးကို ဆက်သွယ်မေးမြန်းထားပါတယ်။

  • လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် စစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချသည်အထိ ရဲတင်း လာခဲ့ကြောင်း ဂမ်ဘီယာဝန်ကြီး ပြော

    လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် စစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချသည်အထိ ရဲတင်း လာခဲ့ကြောင်း ဂမ်ဘီယာဝန်ကြီး ပြော

    လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်သည် ယခုအခါ အရပ်သားအစိုးရကို ဖြုတ်ချသည် အထိရဲတင်းလာခဲ့ကြောင်း ဇန်နဝါရီလ ၁၂ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ရိုဟင်ဂျာ အရေးစတင်ကြားနားသည့်နေ့တွင် ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက ပြောကြားလိုက်သည်။

    မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူနည်းစုအသိုက်အဝန်းကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားခဲ့ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက တနင်္လာနေ့တွင် စတင်သည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာကြားနာပွဲတွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ယခုအမှုတွင် မြန်မာနိုင်ငံ၏ မူလကိုယ်စားလှယ်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီး လွတ်လပ်ခွင့်ဆုံးရှုံးနေကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

    လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားစဉ်က စစ်တပ်ကို ကွပ်ကဲခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါစစ်ကော်မရှင်ခေါင်းဆောင်အဖြစ် အာဏာသိမ်းထားပြီး၊ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်း ကြုတ်မှုများသည် နိုင်ငံအနှံ့ပျံ့နှံ့လျက်ရှိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် သက်ရောက်နေကြောင်း လည်း ၎င်းက ဆိုခဲ့သည်။

    “တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းတာကတော့ မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ သံသရာဆိုးကြီးထဲမှာ ရုန်းမထွက်နိုင်အောင် ပိတ်မိနေတာပါပဲ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဒီနေ့အထိ ဘယ်သူ့ကိုမှ တာဝန်ရှိကြောင်း ဖော်ထုတ်အရေးယူတာမျိုး မရှိသေးပါဘူး။” ဟု ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက ပြောကြား ခဲ့သည်။

    ‘ဒါက နိုင်ငံတကာဥပဒေရဲ့ သဘောတရားရေးရာ ကိစ္စရပ်သက်သက် မဟုတ်ပါဘူး။ တကယ်ရှိနေတဲ့ လူသားတွေ၊ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ လူသားမျိုးနွယ်စုတစ်စုအကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေက ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ’ ဟု ဂျဲလိုးက တရားသူကြီးများကို ပြောကြားခဲ့သည်။

    ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီး ရေးဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ဂမ်ဘီယာက ယင်းအမှုကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

    ယနေ့အချိန်တွင် ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဧက ၈,၀၀၀ ကျော် ကျယ်ဝန်းသည့် ဒုက္ခသည်စခန်းများအတွင်း နေထိုင်နေကြရသည်။

    အမှု၏ နောက်ဆုံးဆုံးဖြတ်ချက်ထွက်ပေါ်ရန် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါ သည်။

    အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် ၎င်း၏ ဆုံးဖြတ်ချက်များကို အတင်းအကျပ် အကောင်အထည် ဖော်ရန် လုပ်ပိုင်ခွင့်မရှိသော်လည်း၊ ဂမ်ဘီယာနိုင်ငံဘက်မှ အနိုင်ရရှိသည့် စီရင်ချက်သည် မြန်မာနိုင်ငံ အပေါ် နိုင်ငံရေးအရ ဖိအားများ ပိုမိုသက်ရောက်စေနိုင်သည်။

    အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံသည် နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုများကို ဆုံးဖြတ်ပေးသည့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) သို့ ၂၀၁၉ ခုနှစ်တွင် ယင်းအမှုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

    ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်လို့ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို စွပ်စွဲခဲ့တဲ့အမှုအတွက် တရားရုံးကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့မှာ ဒီနေ့ ကြားနာနေပါတယ်။

    ဒါဟာ အမှုနဲ့ပတ်သက်ပြီး အများသူငါရှေ့ ပထမဆုံး ကြားနာမှုဖြစ်လာပါတယ်။

    ရိုဟင်ဂျာကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို မြန်မာဘက်က ငြင်းပါတယ်။

    ဂမ်ဘီယာတရားရေးဝန်ကြီး ဂျော်ဒါ ဂျာလိုကတော့ ရိုဟင်ဂျာတွေဟာ ဖျက်ဆီးခံရဖို့ ပစ်မှတ်ထားခံခဲ့ကြရတယ်လို့ တရားခွင်မှာ ဒီနေ့ ပြောသွားပါတယ်။

    ဒီတရားခွင်ကြားနာမှုအတွက် ကိုယ်စားပြုဖို့ဆိုပြီး မြန်မာစစ်ကော်မရှင်က ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရားရေးဝန်ကြီး ဒေါ် သီတာဦးတို့အဖွဲ့ကို စေလွှတ်ထားပါတယ်။

    မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ညှိနှိုင်းဆောင်ရွက်တာတွေကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့က စစ်ကော်မရှင်သံရုံးကလည်း လုပ်ဆောင်ပေးနေတယ်လို့ ဦးကိုကိုလှိုင်က အစောပိုင်းမှာ ပြောပါတယ်။

    ICJ က မြန်မာအမှု ဓာတ်ပုံစုစည်းချက်

  • ဘန်ကောက်၊ စာမွတ်ပါကန်က မြန်မာနဲ့ထိုင်းရန်ပွဲကြောင့် မြန်မာများ ပြဿနာရှာခံရနိုင်

    ဘန်ကောက်၊ စာမွတ်ပါကန်က မြန်မာနဲ့ထိုင်းရန်ပွဲကြောင့် မြန်မာများ ပြဿနာရှာခံရနိုင်

    ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်၊ စမွတ်ပကန်က Assumption University အနီးက စားသောက်ဆိုင်ဝန်ထမ်း မြန်မာတွေနဲ့ ထိုင်းဆိုင်ကယ်ဒလီသမားတွေကြား ဖြစ်ပွားခဲ့တဲ့ ရန်ပွဲသတင်းဟာ ထိုင်းသတင်းတွေမှာ လူကြည့်များနေပြီးတော့ မြန်မာတွေကို စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

    Video မှာပါဝင်တဲ့ အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့ မြန်မာလူမျိုးဆိုသူဟာ စားသောက်ဆိုင်က ဝန်ထမ်းဖြစ်ပါတယ်။ ထိုင်းသတင်းတွေမှာတော့ သူကိုယ်တိုင်က ဆိုင်ပိုင်ရှင်လို့ ဆိုနေကြပါတယ်။

    အဆိုပါ မြန်မာမောင်းလာတဲ့ ပစ်ကပ်ကားနဲ့ ထိုင်းဒလီသမားရဲ့ ဆိုင်ကယ်ဟာ တိုက်မိလုနီးပါးဖြစ်ခဲ့လို့ ဆိုင်ကယ်က ဟွန်းတီးခဲ့ပါတယ်။

    ဒါကို ကားမောင်းသူက မကျေနပ်ပဲ ထိုင်းကို ဆဲဆိုကြိမ်းမောင်းပြီး မကျေနပ်ရင် ဆိုင်ကိုလိုက်ခဲ့ဖို့ ခေါ်ပါတယ်။

    စားသောက်ဆိုင်ကို ဆိုင်ကယ်သမားနဲ့ သူငယ်ချင်းတွေ ရောက်ရှိချိန်မှာ ဗီဒီယိုမှာပါဝင်သလိုပဲ ဆိုင်ဝန်ထမ်းကားသမားနဲ့ အခြားသူတွေက ဒုတ်တွေလက်နတ်တွေ ကိုင်ဆွဲထွက်လာပြီး ဒလီသမားတွေရဲ့ ဆိုင်ကယ်ကို ရိုက်နှက်ဖျက်ဆီးပြီး နှစ်ဖက်ထိုးကြိတ်ကြတယ်လို့ ဆိုပါတယ်။

    ယခုအချိန်မှာတော့ ရဲတပ်ဖွဲ့က မြန်မာတွေအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်ကို ပိတ်ခိုင်းထားပြီး အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

    အွန်လိုင်းမှာတော့ ယခုဖြစ်စဥ်ကို ထိုင်းလူမျိုးတွေ အကြီးအကျယ် ဝေဖန်နေကြပြီး လူမျိုးရေးအမုန်းတရားဆန်ဆန် ရေးသားပြောဆိုချက်တွေပါ တွေ့မြင်လာနေရပါတယ်။

    အဆိုပါပတ်ဝန်းကျင်ကို ထိုင်းမျိုးချစ်တွေ လာရောက်စုရုံးကြမယ်လို့လည်း သတင်းကြားနေရပါတယ်။

  • စစ်တွေမြို့သိမ်းတိုက်ပွဲကို AA က ဖြည်းဖြည်းချင်းတိုး၍ တိုက်နေ

    စစ်တွေမြို့သိမ်းတိုက်ပွဲကို AA က ဖြည်းဖြည်းချင်းတိုး၍ တိုက်နေ

    ရခိုင်ပြည် စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ လက်နက်ကြီးအပြစ်အလှန်ပစ်ခတ်မှု၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားနေကြသည်။

    ပါဒလိပ်၊ ရေချမ်းပြင်နှင့် ရွှေမင်းဂံရေတပ်ခစန်းတို့ကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြစ် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်တွေ ဒကစ ဌာနချုပ်၏ ကာကင်းစခန်းများကို လက်နက်ငယ်များဖြင့် ဖြည်းဖြည်းချင်းတိုး၍ တိုက်ခိုက်နေကြောင်း AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “စခန်းတွေ သိမ်းပိုက်ရရှိတာ မရှိသေးဘူး။ ဘယ်သူတွေ သိမ်းပိုက်လဲတော့ မသိဘူး။ တိုက်ပွဲကတော့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ကြတာ နေ့တိုင်းနီးပါးတော့ ရှိတယ်။ တပ်တော်ဘက်ကတော့ ဖြည်းဖြည်းချင်းတိုးနေတယ် အဲလောက်ပါပဲ” ဟု ပြောသည်။

    ဒကစ ဌာနချုပ် အနီး စစ်တွေနှင့် ပုဏ္ဏားကျွန်းအစပ် ဝါဘို၊ ကွမ်းတောင်၊ ဂန့်ဂေါ်ကျွန်း၊ နာရီကန် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေကြသည်ကို AA သတင်းရင်းမြစ်က အတည်ပြုသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် အာရက္ခတပ်တော် AA ဘက်မှ တပ်ရင်းမှူးအဆင့် ဗိုလ်မှူးကြီး တစ်ဦးနှင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှုရှိကြောင်း သိရသည်။

    စစ်တွေမြို့အနီး တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ မြို့ပေါ် ရိုက်ခတ်မှုအခြေအနေကို စစ်တွေမြို့ခံတစ်ဦးက ယခုလိုပြောပြသည်။

    “မြို့ထဲမှာတော့ ပုံမှန်အတိုင်းပဲ ပြောရပါမယ်။ တိုက်ပွဲနဲ့ မြို့ပေါ်က ၅ မိုင်လောက်ဝေးတော့ တစ်ချို့ စစ်ရေးအခြေအနေက မြို့ပေါ်ကလူတွေက သိပ်မသိကြဘူး။ စစ်ကောင်စီဘက်ကက ပစ်ခတ်တဲ့ လက်နက်ကြီးသံက နေ့စဉ်နီးပါးရှိတော့ ရိုးနေပြီလို့ ပြောရမလား။ တပ်ထိန်းတပ်ရင်း (ကန်တော်ကြီးတပ်ရင်း) နဲ့ အမှတ် ၁၂ ရဲတပ်ရင်းဘက်က အဓိက လက်နက်ကြီး ပစ်ခတ်တာရှိတယ်” ဟု ပြောသည်။

    စစ်တွေမြို့အနီးတွင် AA နှင့် တိုက်ပွဲဖြစ်ပွားနေသော်လည်း ရခိုင်စစ်ကောင်စီအဖွဲ့သည် မြို့ပေါ်တွင် စစ်တွေမြို့ တည်ထောင်ခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနားကို စတင်ကျင်းပနေကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

    “စစ်တွေမြို့ နှစ် ၂၀၀ ပြည့်အတွက် အခု အပြေးပြိုင်ပွဲတွေ စတင်ကျင်းပနေပါတယ်။ ဝင်္ကဘာကွင်းမှာ သီချင်းဆိုပွဲအတွက် ပြင်ဆင်နေကြတာရှိတယ်။ ပုံမှန်အတိုင်းပါပဲ” ဟု ပြောသည်။

    စစ်တွေမြို့ကို ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်၊ ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်တည်ခဲ့သည်ဟု အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton)၊ ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင် များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီးအောင်ကျော်ဇံတို့က ပြောထားကြသည်။

    စစ်တွေမြို့ နှစ် ၂၀၀ ပြည့်နေ့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ဖြစ်သော်လည်း ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်ကို တွက်ချက်ယူရာ၌ ၂၀၂၆ ဇန်နဝါရီလ ၂၂ ရက်တွင် ကျရောက်နေ၍ ယင်းနေ့တွင် ပျော်ပွဲရွှင်ပွဲများနှင့် ဖျော်ဖြေရေးပွဲများဖြင့် ကျင်းပသွားမည်ဟု သိရသည်။

    အာရက္ခတပ်တော် AA သည် စစ်တွေမြို့အနီးက စစ်ကောင်စီတပ်ရင်းများနှင့် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ဖော်ဆောင်နေသကဲ့သို့ မောင်တောမြို့နယ်တွင် မွတ်ဆလင် လက်နက်ကိုင် ARSA, RSO, ARA တို့ဖြင့်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

    မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် မွတ်ဆလင် လက်နက်ကိုင်များနှင့် တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေ၍ နယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော် AA က တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။